အဝေးသင်ကျောင်းသားပေမယ့် အလုပ်ကောင်းကောင်းရနိုင်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။

အဝေးသင်ကျောင်းသားမို့ အားငယ်စရာမရှိပါဘူးနော်။ တကယ်တမ်းစဥ်းစားကြည့်ရင် အဝေးသင်ကျောင်းသားတွေက ပိုပြီးတော့တောင် အခွင့်အရေးများကြပါသေးတယ်။ နေ့တိုင်းကျောင်းတက်နေရတဲ့ကျောင်းသားတွေအတွက် ကျောင်းတက်နေရတဲ့အချိန်မှာ အဝေးသင်ကျောင်းသားတွေဟာ အလုပ်တစ်ခုခုလုပ်ရင်း လုပ်ငန်းအတွေ့အကြုံရအောင် ကြိုးစားနေလို့အချိန်ပိုရပါတယ်။ အဲဒါအပြင် သင်တန်းတစ်ခုခုကိုလည်း ထူးချွန်စွာတတ်မြောက်အောင် သင်ယူနေနိုင်ပါသေးတယ်။


ဘွဲ့ရတဲ့အချိန်မှာ လုပ်ငန်းအတွေ့အကြုံလည်းရ၊ သင်တန်းတွေလည်းတက်မြောက်ထားပြီမို့ အလုပ်အတွက်အဆင်သင့်ဖြစ်နေပါပြီနော်။ အဲဒါကြောင့် ကိုယ်တွေက အဝေးသင်ကျောင်းသားမို့ လုပ်ငန်းအတွေ့အကြုံမရှိလို့အလုပ်မရဘူးဆိုတာမျိုး အားငယ်မနေဘဲ အချိန်ရှိခိုက် လုပ်နိုင်တာကြိုးစားလုပ်ကိုင်ထားပါလို့ ဖော်ပြလိုက်ရပါတယ်။

၁) ကွန်ပျူတာတတ်မြောက်အောင်သင်ယူထားသင့်ပါတယ်။
ကွန်ပျူတာကတော့ ဒီဘက်ခေတ်မှာ ကလေးကအစ သုံးတတ်နေတာမို့ အထူးတလည် တတ်မြောက်အောင်ကို သင်ထားသင့်ပါတယ်။ သာမန်အခြေခံ ကွန်ပျူတာသင်တန်း ကျွမ်းကျင်တာထက် အခြားအထူးပြုတစ်ခုခုနဲ့ ပိုပြီးထူးချွန်အောင်သင်ယူထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်လုပ်နေတဲ့အလုပ်၊ ဒါမှမဟုတ် ကိုယ်လုပ်ချင်တဲ့ဝါသနာပါရာအလုပ်နဲ့ကိုက်ညီမယ့် ကွန်ပျူတာသင်တန်းမျိုးဖြစ်ရင် ပိုပြီးအသုံးဝင်နိုင်ပါတယ်။

၂) အင်္ဂလိပ်စာအခြေခံ‌ရေးဖတ်ပြောလေ့ကျင့်ထားသင့်ပါတယ်။
အင်္ဂလိပ်စာလည်း အလားတူပါပဲ။ ဘာသာစကားတတ်ကျွမ်းတဲ့လူအတွက် အခွင့်အရေးလည်းပိုများနေသလို ပိုပြီးလည်း ဝင်ငွေကောင်းနိုင်တာမို့ အခုလိုအချိန်မျိုးမှာ သေချာတစိုက်မတ်မတ်လေ့လာသင့်ပါတယ်။ အားလပ်ချိန်မှာဖြစ်ဖြစ်၊ ကျောင်းပိတ်ထားချိန်မှာဖြစ်ဖြစ် တစိုက်မတ်မတ်လေ့လာထားခြင်းကြောင့် ကိုယ်အလုပ်ခွင့်ဝင်တဲ့အခါမှာ အဆင်သင့်ဖြစ်နေမှာပါ။

၃) Social Media ကိုနားလည်တတ်ကျွမ်းအောင်သင်ယူထားသင့်ပါတယ်။
လူမှုကွန်ရက်အသုံးများလာတဲ့အတွက်ကြောင့် ကိုယ်တိုင်က ဆိုရှယ်မီဒီယာကို သေချာအသုံးချတတ်မယ်ဆိုရင်လည်း အလုပ်အကိုင်အခွင့်အလမ်းပိုများလာနိုင်သလို၊ ကိုယ့်အတွက်လည်း ပိုပြီးအသုံးတည့်ပါတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာကို ပုံမှန်လို အပျော်သဘောသုံးတာမျိုးထက် အလုပ်အကိုင်အတွက်ပိုပြီးအခွင့်အရေးရအောင် ကျွမ်းကျင်စွာအသုံးပြုတတ်ဖို့ လေ့လာသင်ယူသင့်ပါတယ်။ အခုဆိုရင် Social Media ကနေ facebook page အသုံးပြုတာ၊ ကြော်ငြာစာရေးပေးတာ၊ ‌ဒေါ်လာသုံးပြီးကြော်ငြာလုပ်တာတွေ စတဲ့အ၇ာတွေကို ကျွမ်းကျင်အောင်လုပ်တတ်တာနဲ့တင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်းအများကြီးရှိနေပါပြီ။ အဲဒါကြောင့် မဖြစ်မနေ သိထားအောင်လေ့လာသင့်ပါတယ်။

၄) စာဖတ်သင့်ပါတယ်။
ဒါကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ လူတိုင်းလိုသိပြီးသားဖြစ်ပေမယ့် မလုပ်ဖြစ်တာမျိုးဆိုရင်ဒီနေ့ကစပြီး စာဖတ်ကျင့်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ စာဖတ်နာတဲ့လူက ဗဟုသုတကြွယ်ဝသလို၊ စကားလည်းကြွယ်ဝမယ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းမယ်စသဖြင့် အများထက်ကို သာနေတာမို့ အလုပ်ခွင့်အတွက် ထူးချွန်လိုရင်လည်း စာဖတ်ကျင့်လုပ်သင့်ပါတယ်။ အခုခေတ်မှာ စာအုပ်တေါကလည်း ဝယ်ရလွယ်သလို ရှာရလွယ်လာပါပြီ။ ကိုယ့်ရဲ့အလုပ်ခွင်နဲ့ပတ်သက်တဲ့စာအုပ်တွေကအစ ရှာဖတ်လို့လည်းရပါတယ်။

၅) ကိုယ်စိတ်ပါဝင်စားရာအလုပ်ကို လုပ်ကိုင်နေတဲ့ Senior တွေထံမှာ လေ့လာမေးမြန်းသင့်ပါတယ်။နောက်တစ်ခုကတော့ ကိုယ့်ထက် စီနီယာကျတဲ့လူတွေ ဘယ်လိုအလုပ်ရှာသလဲ၊ ဘာတွေလေ့လာထားကြသလဲဆိုတာမျိုး မေးမြန်းသင့်ပါတယ်။ ကိုယ်သာဆိုရင် ကိုယ်စိတ်ဝင်စားတဲ့အလုပ်လမ်းကြောင်‌ေးပါ်ရောက်အောင် ဘာလုပ်မလဲဆိုတာမျိုးတွေးပြီး တဆင့်ခြင်း ကြိုးစားနိုင်ပါတယ်။
အဝေးသင်ကျောင်းသားဖြစ်လေ ပိုပြီးတော့ အခွင့်အရေးရလေဆိုတာ မမေ့ပါနဲ့။ အဝေးသင်မို့ အလုပ်ရှာရခက်တယ်ဆိုတာ ဆင်ခြေသက်သက်သာဖြစ်ပါတယ်။အဝေးသင်သမားက အလုပ်အတွေ့အကြုံကြိုရှာနိုင်သလို၊ သင်တန်းပေါင်းစုံတက်ဖို့လည်း အလုပ်လုပ်ရင်းရသမျှဝင်ငွေနဲ့ သင်တန်းတက်နိုင်ပါသေးတယ်။ အဲဒါကြောင့် အားမလျော့ဘဲ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။