နောင်တစ်ချိန်နောင်တမရစေဖို့ သင့်ရဲ့အသက်၂၀အရွယ်ကို ဘယ်လိုအသုံးချရမလဲ။
သင့်ရဲ့အသက်၃၀အရွယ်မှာ သင့်အသက်၂၀အရွယ်က မလုပ်ခဲ့ရတာတွေအတွက် သင်နောင်တရနေနိုင်ပါတယ် ။ သင့်အသက်အရွယ်အလိုက် ကိုယ်လုပ်ချင်ခဲ့တာတွေ ကိုယ်စီရှိမှာပါ။ အဲဒီ့အချိန်မှာမှ မလုပ်ဖြစ်ခဲ့ရင် သင်ပဲစိတ်ဒုက္ခရောက်ရသလို အချိန်ကိုလည်း နောက်ပြန်မလှည့်နိုင်တော့ဘူးလေ။ အဲဒါကြောင့် သင့်အသက် ၂၀ အရွယ်မှာ သင်လုပ်ချင်တာတွေကို တန်းစီးလုပ်ဖို့ မမေ့ပါနဲ့။ (ဒါပေမယ့် သင့်ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားမယ့်အလုပ်မျိုးတော့ မဖြစ်စေနဲ့ပေါ့) နောင်တစ်ချိန်မှာ နောင်တမရစေဖို့ သင့်ရဲ့အသက်၂၀အရွယ်ကို ကောင်းကောင်းအသုံးချသင့်ပါတယ်။
သင်က ဆယ်တန်းအောင်ပြီးလို့ အလုပ်ခွင်ဝင်မယ်ဆိုလည်း အလုပ်ခွင်အတွက်လိုအပ်တာတွေ၊ ဘာသာစကား၊ တတ်သင့်တဲ့ကွန်ပျူတာသင်တန်း၊ အလုပ်ခွင်မှာတောင်မှ သင်က စီမံရေးကိုစိတ်ဝင်စားတာလား၊ ဝန်ထမ်းရွေးချယ်ရေးလား၊ ငွေကြေးပိုင်းလား စသည်ဖြင့် စိတ်ဝင်စားရာသင်တန်းကိုရွေးတတ်ထားသင့်ပါတယ်။ ဘာလို့ ဒီအရွယ်မှာ တက်ခိုင်းရတာလဲဆိုရင် ဒီအရွယ်က မှတ်လွယ်တတ်လွယ်သင်လွယ်ပြီး အချိန်လည်း အင်မတန်ပေါတဲ့အရွယ်မို့ ပေါတဲ့အချိန်တွေကို အကျိုးရှိစွာကုန်ဆုံးစေချင်တာရယ်၊ အနည်းငယ်ဆည်းပူးလိုက်တာနဲ့ တတ်မြောက်နိုင်တာမို့ပါ။ အဲဒါမှ နောင်တစ်ချိန် အသက်ကြီးလို့သင်တန်းပြန်တက်ရတာမျိုးမဖြစ်နိုင်ဘဲ ခုကတည်းက အရှိန်ကောင်းကောင်းနဲ့ အလုပ်ခွင်မှာလည်း နေရာကောင်းကောင်းရသွားနိုင်တာမို့ပါ။ တကယ်လို့များ သင်ကဆယ်တန်းမအောင်ထားရင်လည်း စိတ်ပူစရာမရှိပါဘူး။ အခုချိန်ကတည်းက အခြားသော အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကို တတ်မြောက်အောင် သင်ယူထားလို့ရပါသေးတယ်။ အခုအရွယ်ကနေသင်ယူထားရင် အချိန်တန်တဲ့အခါ ထိုအသက်မွေးဝမ်းကျောင်းပညာရပ်မှာ ဆရာတစ်ဆူတောင်ဖြစ်လာနိုင်ပါသေးတယ်။ အဓိကကတော့ အခုလိုအချိန်မှာ လိုအပ်မယ်ထင်တဲ့ပညာမှန်သမျှ ဆည်းပူးထားဖို့ပါပဲ။
၂) သင်ဖြစ်ချင်တာတွေ လုပ်ဖို့ အချိန်ပေးပါ။
အလုပ်ခွင်ဝင်ဖို့ချည်းပြောနေတာ ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ ကိုယ်ဖြစ်ချင်တာတွေအတွက် အချိန်မပေးရတော့ဘူးလားလို့မေးစရာရှိမှာပါ။ အခုချိန်က ဘာမှအပူအပင်သိပ်မရှိသေးတဲ့အတွက် ကိုယ်ဖြစ်ချင်တာတွေကိုလည်း စတင်လုပ်ဆောင်ပါတော့လို့ တိုက်တွန်းပါရစေ။ ပန်းချီဆရာဖြစ်ချင်သူအတွက် ပန်းချီကို စသင်ပါ၊ စတင်လေ့လာပါ၊ သင်တန်းစတက်လို့ရပါတယ်။( တဖက်က အသက်မွေးမယ့်သင်တန်းတက်နေရင်းနဲ့ပေါ့) ဖြစ်သင့်တာကိုလည်း လုပ်ပါ၊ ဖြစ်ချင်တာတွေကိုလည်း စတင်ပုံဖော်ထားပါလို့။
၃) သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ တစ်ယောက်တည်းဖြစ်ဖြစ် ခရီးတွေထွက်ပါ။
သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ခရီးထွက်ရတာလည်း ပျော်စရာကောင်းသလို တစ်ယောက်တည်းထွက်တော့လည်း အတွေ့အကြုံအသစ်တွေရနိုင်တာပါပဲ။ အဲဒါအပြင် ကိုယ်သန်စွမ်းကျန်းမာနေတုန်းအချိန်မို့ ခရီးထွက်ထားတာ အကောင်းဆုံးပါ။ နောင်တစ်ချိန် ကိုယ်ထွက်ချင်ပါတယ်ဆိုရင်တောင် တစ်ခါတစ်ခါ ခရီးထွက်ဖြစ်ဖို့က လုံးဝမလွယ်ပါဘူး။
၄) ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တာကို မစတင်မိပါစေနဲ့။
ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေမယ့် အရက်စွဲတာ၊ ဆေးလိပ်အလွန်အကျွံသောက်တာ၊ ဆေးစွဲတာ၊ စိတ်ကြွဆေးတွေ သုံးတာမျိုးတွေက လူငယ်တွေကြားအရမ်းပျံ့နှံ့နေပါတယ်။ ကိုယ့်ရဲ့အသက်၂၀အရွယ်မှာသာ ဒါတွေလုပ်မိရင်တော့ အညွှန့်ကျိုးတာနဲ့အတူတူပါပဲ။ စမိတာကနေ စွဲတဲ့အဆင့်ရောက်သွားရင် နောင်တစ်ချိန် ကိုယ်နဲ့ရွယ်တူတွေ ကိုယ်ပိုင်ကားမောင်းလို့ ရုံးတက်တဲ့အချိန်မှာ ကိုယ်က ဘာမှမဟုတ်တဲ့နေရာကနေ သူတို့ကိုလှမ်းမျှော်လို့ အားကျနေရမှာပါ။ စမိတာကနေ စွဲတဲ့အဆင့်ရောက်ခြင်းက ကိုယ့်အညျွန့်ကိုယ်ချိုးလိုက်မိတာနဲ့အတူတူပါပဲ။ အဲဒါကြောင့် ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေမှာမျိုးကို ဝေးဝေးရှောင်ပါ။ ကိုယ့်ဘဝအတွက် တိုးတက်မယ့်ကိစ္စမျိုးမှာ စတင်ပျိုးထောင်ပါ။ သင်ယူပါ။
၅) စာဖတ်ပါ။
ဒီအသက်အရွယ်မှာ စာဖတ်ထားခြင်းက ဦးနှောက်ကနေ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေပါတယ်။ အဲဒါကြောင့် ဘာတွေတော့ လုပ်သင့်ပြီး ဘယ်အရာတွေက မလုပ်သင့်ဘူးလို့ သိနေတဲ့အတွက် မှားယွင်းတဲ့လမ်းကြောင်းပေါ်ရောက်သွားဖို့ အခွင့်အလမ်းနည်းပါတယ်။ ပြီးတော့ စာဖတ်တဲ့လူငယ်တစ်ယောက်က စာမဖတ်တဲ့လူငယ်ထက် အမြင်ကျယ်တဲ့အပြင် ဘယ်နေရာရောက်ရောက် လူရာဝင်ပါတယ်။ ကိုယ်ပိုင်အသိဉာဏ်နဲ့စဉ်းစားဆင်ခြင်နိုင်တဲ့အတွက် မကောင်းတဲ့ဝန်းကျင်ရောက်ဖို့ ခက်ပါတယ်။
၆) လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးလိုက်စားပါ။
ငယ်တုန်းကျန်းမာရေးလိုက်စားခြင်းက အသက်ရလာတဲ့အခါ နောင်တမရစေနိုင်တော့ပါဘူး။ မဟုတ်ရင်တော့ အသက်မရမီတောင် မကျန်းမာတဲ့ခန္ဓာကိုယ်ကြီးကို လိုချင်တော့မှာမဟုတ်ပါဘူးနော်။ မကျန်းမာတဲ့အခါ သင်လုပ်ချင်တာတွေ ဘယ်လောက်များများ ဘာမှလုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ အဲဒါကြောင့် နောင်တစ်ချိန် နောင်တမရမိအောင် ကျန်းမာရေးလိုက်စားသင့်ပါ။
ဒီအချက်လေးတွေကတော့ အသက်၂၀အရွယ်မှာ လုပ်သင့်တဲ့အကြမ်းဖျင်းအချက်လေးတွေပါ။ လူငယ်တွေအတွက် အကျိုးတစ်စုံတစ်ရာရှိမယ်ထင်ပါတယ်။ အသက်၃၀ရောက်မှ “အသက်၂၀တုန်းက ဒါတွေ မလုပ်ထားမိလို့ ဒီလိုအခြေအနေဖြစ်လာရတယ်” လို့ နောင်တမရမိစေဖို့ အထက်ကအချက်လေးက အထောက်အကူဖြစ်စေပါလိမ့်မယ်။
လူငယ်တွေ နောင်တစ်ချိန်နောင်တမရမိစေဖို့ ခုလက်ရှိအချိန်ကို တန်ဖိုးရှိရှိအသုံးချနိုင်ကြပါစေ။ #BAWA101