အစားရွေးတဲ့ကလေးကို အစားဝင်အောင် ဘယ်လိုကျွေးမလဲ။

အစားကြေးများတတ်တဲ့ကလေးကို ဘယ်လိုမျိုးအစာကျွေးမလဲဆိုတာ မေမေတွေအင်မတန်ခေါင်းစားရတဲ့အလုပ်ပါနော်။ အစားတစ်ခါကျွေးရတာ တစ်နေကုန်သွားတတ်လွန်းလို့ မေမေတွေ စိတ်ညစ်ရတတ်ပါတယ်။ ဟိုဟာလည်း မစားချင်၊ ဒီဟာလည်း မကြိုက်နဲ့ ဖြစ်လေ့ရှိတဲ့သားသမီးတွေကို ဘယ်လိုနည်းလမ်းနဲ့ အစားဝင်အောင် ကျွေးမလဲဆိုတာ အရေးကြီးတဲ့ပညာတစ်ခုပါပဲ။ အဲဒါကြောင့် မေမေတွေ စိတ်မညစ်ရစေဖို့ အစားကြေးများတတ်တဲ့ကလေးကို အစားဝင်အောင်ကျွေးနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) ပုံပြင်လေးတွေဖန်တီးပေးပါ။
ကလေးမကြိုက်တဲ့အစားအစာကို ကလေးစားချင်လာအောင် ထိုအစားအစာနဲ့ပတ်သက်တဲ့ပုံပြင်လေးတွေ မေမေက ဖန်တီးပြီး ပြောပြတတ်ဖို့လည်း လိုပါသေးတယ်။ ဥပမာ ကလေးက မုန်လာဥနီမစားချင်ဘူးဆိုပါတော့။ မုန်လာဥနီကို စားနေတဲ့ယုန်ကလေးရဲ့ပုံပြင်တွေပြောပြတာမျိုး၊
“ယုန်ကလေးရဲ့မျက်လုံးလေးတွေက ပန်းရောင်လေးတွေသမီးရဲ့…….လှတယ်နော်။ လှမှာပေါ့……ယုန်ကလေးက မုန်လာဥနီလေးတွေ စားတာကိုး” ဆိုတာမျိုးတွေပြောပြဖို့လိုပါတယ်။ အသီးအနှံစားတဲ့ယုန်ကလေးက ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုတာမျိုး။ စသဖြင့် ကိုယ့်ကလေးရဲ့အခြေအနေကိုကြည့်ပြီး ကလေးက ဘာကိုစိတ်ဝင်စားသလဲ၊ ကလေးစိတ်ဝင်စားတဲ့အကြောင်းအရာကို ဖန်တီးပြီး ကလေးကို ဆွဲဆောင်တတ်ဖို့လိုပါတယ်။

၂) ဟာသလေးတွေထည့်ပြောပါ။
ကလေးတွေက ရယ်စရာလေးတွေကို သဘောကျတတ်ပါတယ်။ ကာတွန်းကားကြည့်လို့ တလွဲတွေဖြစ်သွားတာမျိုးမြင်ရင်ဖြစ်ဖြစ် သဘောကျစွာရယ်တတ်တယ်မဟုတ်လား။ အဲဒါကြောင့် ကလေးက အစားကြေးထူနေတဲ့အခါမျိုးမှာ “အစားကြေးထူးတတ်တဲ့ယုန်ကလေးဟာ…….ဘယ်လိုအလွဲတွေဖြစ်ကြောင်း” ဥပမာ။ ပဲလေးတွေမစားချင်တဲ့ကလေးမျိုးဆိုရင် “ပဲကို လုံးဝမကြိုက်တဲ့ကျားကြီးဟာ သူသိပ်ကြိုက်တဲ့အစားအစာတွေကိုတောင် မစားနိုင်လောက်အောင် ဗိုက်တွေအောင့်နေလို့ အိပ်ရာထဲက မထနိုင်ဘူးတဲ့သမီးရယ်။ သနားစရာကောင်းလိုက်တာ…..နော်။ ပဲစားမယ်ဆိုရင် ဗိုက်မအောင့်တော့ဘူးတဲ့သမီးရဲ့။ ဆရာဝန်က ကျားကြီးကို ပဲလုံးလေးတွေစားခိုင်းလိုက်တဲ့အခါ ကျားကြီးက ဘူကနဲ…….အီးပေါက်ထည့်လိုက်တယ်တဲ့သမီးရဲ့၊ အဲဒီ့တော့မှ ကျားကြီးက ဗိုက်အောင့်တာပျောက်သွားတာပေါ့” စသဖြင့် ဟာသလေးတွေ ထည့်ပြီးပြောခြင်းကလည်း ကလေးကို သူမကြိုက်တဲ့အစားအစာကို စိတ်ဝင်စားမှုဖြစ်စေပါတယ်။

၃) ပုံစံအမျိုးမျိုးလေးတွေလုပ်ပေးပါ။
ခုဆိုရင် youtube ကနေဖြစ်ဖြစ် ဖေ့ဘုတ်ကနေဖြစ်ဖြစ် ကလေးတွေရဲ့အစားအစာအတွက် ဘယ်လိုပုံစံလေးတွေ လုပ်မလဲဆိုတာမျိုးတွေ ဝင်ကြည့်နေလို့ရပါပြီ။ ဝင်ကြည့်ပြီး ကလေးအတွက်လုပ်ပေးလို့ရတာလေးတွေ လုပ်ပေးခြင်းက ကလေးကိုအစာစားချင်စိတ်ရှိလာအောင် ဆွဲဆောင်နိုင်ပါတယ်။ ကလေးအတွက် ပုံစံအမျိုးမျိုးလုပ်တဲ့ ပုံစံခွက်လေးတွေလည်း အလွယ်ဝယ်လို့ရနေပါပြီ။ ကလေးကြိုက်တဲ့ပုံစံလေးတွေကို အမျိုးမျိုးလုပ်ရင်းလည်း ကလေးကို အစားစာချင်လာအောင် ပြုလုပ်ကြည့်ပါ။

၄) အစားအစာပြင်ဆင်ချက်ပြုတ်ချိန်မှာ ကလေးကို ဝိုင်းကူခိုင်းပါ။
ကလေးအတွက်အစားအစာပြင်ဆင်ချိန်မှာ “မီးမီးအတွက် ဝက်ဝံလေး အတူတူလုပ်ကြမယ်” ဆိုတာမျိုးနဲ့ ကလေးကို ဝိုင်းကူခိုင်းပေးခြင်းက ကလေးကို အစားအစာလေးတွေကို စိတ်ဝင်စားလာစေပါတယ်။ “မီးမီးက ဘာပုံလေးလုပ်ချင်သလဲ။ မေမေပြောပြမယ်” ဆိုပြီး ကလေးလုပ်ချင်တဲ့အရုပ်ပုံစံ၊ ကလေးလိုချင်တဲ့ပုံစံလေးတွေကို ကလေးမစားချင်တဲ့အစားအစာနဲ့လုပ်ပေးလိုက်ပါ။ အဲလိုမျိုးလုပ်ပေးပြီးရင် “သမီးလေးဒါလေးစားကြည့်လိုက်….မေမေနောက်တစ်ကောင်ထပ်လုပ်ပေးမယ်၊ အရမ်းစားလို့ကောင်းလိုက်တာ….”ဆိုပြီး ကလေးကို သွားရည်ကျအောင်စားပြတာမျိုး ၊ အရသာရှိကြောင်းလုပ်ပြတာမျိုးလုပ်ပေးပါ။

၅) အစားမစားခင် သရေစာနဲ့ အခြားဗိုက်ပြည့်မယ့်အစာမျိုး မစားမိပါစေနဲ့။
ကလေးက အဓိကအာဟာရ ထမင်းမစားခင် အခြားသော သရေစာတစ်ခုခု၊ ဒါမှမဟုတ် ဗိုက်ပြည့်တဲ့အစာတစ်ခုခု စားလိုက်မိတယ်ဆိုရင်လည်း ထမင်းစားချိန်မှာ ဂျီကျတတ်ပါတယ်။ အဲဒါကြောင့် ကလေးကို အဓိက အစာစားသင့်တဲ့အချိန်မရောက်မီ တခြားအစားတခုခု ဗိုက်ပြည့်အောင် မကျွေးဖို့ သတိထားပါ။

၆) ပုံမှန်အချိန်သတ်မှတ်ပြီး ကျွေးပါ။
မနက်စာ ဘယ်အချိန်၊ နေ့လယ်စာကို မနက်စာနဲ့အချိန်ခွာပြီး ဘယ်အချိန်လောက်ဆို ဗိုက်ပြန်ဆာနေမလဲလို့ ချိန်ပြီး ပြန်ကျွေးပါ။ ညနေစာလည်း ထိုနည်းလည်းကောင်းပါပဲ။ မနက်စာစားပြီး နေ့လယ်စာမစားခင်စပ်ကြားမှာ အခြားသောအစားအစာတစ်ခုခုကို မကျွေးမိပါစေနဲ့။ သေချာအချိန်သတ်မှတ်ပြီး ကလေးကို အကျင့်လုပ်ကျွေးပါ။ အဲဒါဆို ကလေးက ပုံမှန်အစာစားနေချိန်ရောက်ရင် ဗိုက်ဆာနေတာကြောင့် သိပ်လည်း ကြေးမများတတ်တော့ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။