စိတ်ပူခြင်းကြောင့် ဘာမှဖြစ်မလာနိုင်ပါ။

လူတိုင်းပူပန်ဖူးကြမယ်ထင်ပါတယ်။ တစ်စုံတစ်ခုအတွက် ပူပန်ခြင်းက လူတိုင်းနဲ့မကင်းနိုင်တဲ့အရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ အလုပ်မှာအဆင်ပြေပါ့မလား……..စာမေးပွဲအောင်ပါ့မလား၊ အင်တာဗျူးအောင်ပါ့မလား၊ ငွေကြေးကိစ္စ အဆင်ပြေပါ့မလား။ စသည်ဖြင့် လူတိုင်းမှာ ပူပန်မှုကိုယ်စီနဲ့ပါပဲ။ ဒါပေမယ့် ပူပန်ခြင်းကြောင့် ဆိုကျိုးတွေသာဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေသာမက ရုပ်ပိုင်းဆိုင်ရာအရလည်း ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့တော့ စိတ်ပူတတ်တဲ့အကျင့်လေးတွေကို အတတ်နိုင်ဆုံးလျော့ကျအောင်နေနိုင်တာအကောင်းဆုံးပါ။ စိတ်ပူတတ်တဲ့အကျင့်ကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။


- ခေါင်းကိုက်ခြင်း
ပူပန်မှုတွေက သင့်ရဲ့လည်ပင်းနဲ့ ခေါင်းက ကြွက်သားတွေကို ကျုံ့စေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ကိုခေါင်းကိုက်စေနိုင်ပါတယ်။
- စိတ်ဓာတ်ကျခြင်း
စိတ်ပူပန်စိုးရိမ်ခြင်းက စိတ်ဓာတ်ကျခြင်းနဲ့ဆက်စပ်နေပါတယ်။ ပူပန်မှုတွေများလာတဲ့အခါ စိတ်ဓာတ်ပါကျလာပါတယ်။
- သွေးတိုးခြင်း
ပူပန်မှုများတဲ့အခါ သွေးဖိအားတွေပါ တိုးလာစေပါတယ်။ ထိုအခါ သင့်ကိုသွေးတိုးပြီး ဦးနှောက်သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ သွေးတွေခဲစေပြီး နှလုံးရောဂါလည်း ရစေနိုင်ပါတယ်။
- အစာမကြေခြင်း
ခန္ဓာကိုယ်က အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေကို နှေးကွေးစေခြင်း ဒါမှမဟုတ် ရပ်တန့်သွားစေခြင်းတို့ကြောင့် အစာမကြေခြင်းပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အစာခြေစနစ်ကြောင့် ဗိုက်နာခြင်း၊ဂတ်စ်တွေကြောင့် သက်တောင့်သက်သာမဖြစ်နိုင်ခြင်း စတဲ့ပြဿနာတွေဖြစ်နိုင်ပါသေးတယ်။
- အစာစားနည်းခြင်း
အစာခြေစနစ်မကောင်းတဲ့အတွက်ကြောင့် အစားစားတာနည်းသွားမှာပါ။ အဲဒီ့အခါ အာဟာရနဲ့မပြည့်ဝနိုင်တော့ပါဘူး။
အထက်ပါအချက်တွေကတော့ စိတ်ပူပန်ခြင်းကြောင့် ဖြစ်နိုင်တဲ့အကြမ်းဖျင်းဆိုးကျိုးတွေပါ။ အသေးစိတ်ဆိုရင်ဒီထက်ဆိုးရွားတာတွေဖြစ်လာနိုင်ပါသေးတယ်။ အဲဒီ့တော့ ကြိုတင်စိတ်ပူပန်နေခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေကို ထိုင်ပြီးလက်ခံနေမယ့်အစား လုပ်သင့်လုပ်ထိုက်တာတွေလုပ်ရင်း စိတ်ပူပန်ခြင်းကို သက်သာအောင် လုပ်သင့်ပါတယ်။ ဘာတွေလုပ်သင့်သလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါအုံးနော်။

၁) ကြိုတင်ပြင်ဆင်လို့ရတာ ပြင်ဆင်ပါ။
ကိုယ်ပူပန်နေတဲ့ကိစ္စတွေက ကြိုတင်ပြင်ဆင်ထားလို့ရတယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ အဲဒါက သင့်အတွက် ပူပန်မှုတွေကို မေ့ပျောက်နေစေသလို ကြိုတင်ပြင်ဆင်ထားတဲ့အတွက် အဆိုးဘက်ဖြစ်လာနိုင်ရင်တောင် အများကြီးဆိုးဝါးစွာမဖြစ်နိုင်တော့ပါဘူး။ သင့်ကိုယ်သင်လည်းစိတ်ချသွားတဲ့အတွက် ပူပန်နေတာမျိုးတွေ လျော့သွားစေမှာပါ။

၂) ကိုယ်ထိန်းချုပ်နိုင်တာကိုပဲ အာရုံစိုက်ပါ
တစ်ချို့ကကျတော့ ကိုယ်မထိန်းချုပ်နိုင်တာကိုပဲ အတင်းချည်းအာရုံစိုက်နေမိတာကြောင့် အချိန်ကုန်၊ လူလည်းခေါင်းကိုက်ဖြစ်တတ်ကြတာပါ။ ဥပမာ။ ဒေါ်လာဈေးတက်ပြီး ကုန်ဈေးနှုန်းတတ်တဲ့ကိစ္စမျိုးပေါ့။ သင်မှမထိန်းချုပ်နိုင်တဲ့ကိစ္စကို သင်က “ငါတော့ပြဿနာပါပဲ၊ အိမ်စရိတ်မလောက်ဘူး၊ ဘယ်လိုလုပ်မလဲကုန်ဈေးနှုန်းတက်လာပြီ၊ ဘာတွေဆက်လုပ်ရမှန်းမသိဘူး” စသည်ဖြင့် အဲလိုတွေလိုက်ပူပန်နေလို့ ဘာရနိုင်မှာတုန်း။ သင်က ကုန်ဈေးနှုန်းအတက်အကျကို သင်မထိန်းချုပ်နိုင်တဲ့အတွက် အဲဒါကို လုံးဝမစဉ်းစားနေပါနဲ့။ အချိန်ကုန်ပါတယ်။ သင်ထိန်းချုပ်နိုင်တာက သင့်ရဲ့ အပိုကုန်နေတဲ့ စရိတ်တွေကို လျှော့ချလိုက်တာက သင်ထိန်းချုပ်နိုင်တာတွေပဲပေါ့။ ကုန်ဈေးနှုန်းတက်တော့ဘာဖြစ်သေးလဲ……..အသေးသုံးတွေ အကုန်လျှော့ချပစ်လိုက်မယ်။ ပိုပြီးချွေတာသုံးမယ်။ အဲလိုတွေးလိုက်တာက သင့်အတွက် ပူပန်မှုလျော့စေပါတယ်။ ခေါင်းလဲမကိုက်တော့သလို စိတ်မဆင်းရဲတော့ဘူးပေါ့။ ပြောချင်တာက သင်ရဲ့ထိန်းချုပ်နိုင်တဲ့ကိစ္စတွေမှာ သင်ထိန်းချုပ်နိုင်သလောက်ထိန်းချုပ်ဖို့ပါ။
၃) အကုန်လုံးကို ခေါင်းထဲထည့်မထားပါနဲ့။
အဲဒီ့ပြဿနာက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေက အိမ်ရှိလူအကုန်အတွက် ပူပန်တတ်သူတွေပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးပူပန်တတ်ကြပါတယ်။ အဖေအတွက်၊ အမေအတွက် ၊ သားသမီးအတွက် လင်ယောကျ်ားအတွက် စသည်ဖြင့် ပူပန်တတ်ကြပါတယ်။ အဲဒါကြောင့် တစ်ချို့ အသေးအဖွဲလေးတွေကျတော့ ကိုယ့်ကိုကိုယ်ပေါ့ပါးအောင်နေတဲ့အနေနဲ့ မတွေးပူတာကောင်းပါတယ်။ ဥပမာ အလုပ်သွားမယ့်သားသမီးဖြစ်သူကို ထမင်းချိုင့်မထည့်ပေးလိုက်မိတာမျိုးက အစလိုက်တွေးပူနေတာမျိုးပေါ့။ “အပြင်စာတွေစားလို့တတ်ရဲ့လား…….စားမှစားပါ့မလား၊ စားကောဝင်ပါ့မလား” စသည်ဖြင့်ပေါ့။ အဲလိုအသေးစိတ်လေးတွေက အစ တွေးမပူတတ်အောင် ကြိုးစားကြည့်ပါ။
၄) ရင်ဆိုင်မယ်လို့တွေးပါ။
မဖြစ်လာသေးတဲ့ကိစ္စတွေကို ကြိုတင်ပူပန်တာမျိုးလည်းရှိပါတယ်။ မဖြစ်လာသေးဘူး ဖြစ်နိုင်ချေရှိတာတွေကို ကြိုတင်ပြင်ဆင်ထားတယ်။ တစ်ချို့ကိစ္စတွေကျတော့ ကြိုတင်ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူး၊ အဲလိုကိစ္စမျိုးဆို ဖြစ်ကာမှဖြစ်ကော ရဲရဲရင်ဆိုင်ပစ်မယ် လို့တွေးပါ။ ဖြစ်လာကာမှ ရင်ဆိုင်တာပေါ့လို့တွေးပြီး တစ်ချို့ကိစ္စတွေကျ ပေါ့ပါးအောင်နေလိုက်တာ ပိုကောင်းပါတယ်။
၅) လုပ်စရာရှိတဲ့ကိစ္စတွေကိုသာ ဆက်လက်လုပ်ဆောင်နေပါ။
စိတ်ပူပန်ခြင်းကြောင့် ဘာမှဆက်လုပ်လို့မရတော့တာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ စိတ်ပူနေတဲ့အကြောင်းအရာကိုပဲ ထိုင်တွေးပြီး ပူပန်နေတာက ပိုဆိုးစေပါတယ်။ ကိုယ်လုပ်စရာရှိတာလေးတွေ ထလုပ်လိုက်ပြီး စိတ်ပြေလက်ပျောက်နေလိုက်ပါ။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်အာရုံရောက်သွားတော့ ခုနက ပူပန်နေတာတွေကို မေ့လျော့သွားပြီး အနည်းငယ်သက်သာစေနိုင်ပါတယ်။

စိတ်ပူခြင်းကြောင့် ဖြစ်နိုင်တာတွေကိုလည်း သိပြီးပြီ၊ ဘယ်လိုနေသင့်လဲဆိုတာလည်း သိပြီးပြီဆိုရင်တော့ လိုက်နာကြည့်ဖို့ပဲလိုပါတော့တယ်နော်။ စိတ်ပူခြင်းက သင့်ကို ဖိစီးမှုတွေပဲတိုးစေပြီး တခြားလုပ်စရာအလုပ်တွေလစ်ဟင်းတာမျိုးလည်း ဖြစ်စေနိုင်တာမို့ ခုပဲ စိတ်လက်ပေါ့ပါးစွာနေထိုင်ကြပါစို့။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။