အမှားတွေကို ဘဝအတွက် ဘယ်လိုပြန်အသုံးချမလဲ။

ဘဝမှာ အမှားမရှိတဲ့သူဆိုတာ မရှိပါဘူးနော်။ အမှားနည်းတဲ့သူနဲ့ အမှားများတယ်သူပဲ ကွာခြားသွားပါတယ်။ လူတိုင်းရဲ့ဘဝမှာ အမှားတစ်ခုမဟုတ်တစ်ခုတော့ လုပ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီ့အမှားတွေကြောင့် ကိုယ့်ကိုကိုယ်နောင်တရဖူးလား။ အဲဒီလိုနောင်တရတဲ့အခါမှာရော နောက်ထပ်အလားတူအမှားမျိုးကို ထပ်ကျူးလွန်ဖြစ်ကြသေးလား။ ဒါမှဟုတ် ထိုနောင်တတွေကိုပဲ တစ်သက်လုံးပိုက်ပြီး ယူကြုံးမရခြင်းများစွာနဲ့ဘဝကိုဖြတ်သန်းနေသလား။ ဒါမှမဟုတ် ထိုနောင်တတွေကို သင်ခန်းစာယူပြီး ဘဝကိုရှေ့ဆက်သလား။ ထိုမေးခွန်းမျိုးတွေ ကိုယ့်ကိုကိုယ်မေးဖူးသလား။ မမေးဖူးသေးဘူးဆိုရင် ကိုယ့်ကိုကိုယ်ပြန်မေးကြည့်သင့်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဘဝမှာ နောင်တတွေရခဲ့ဖူးမှာပါ။ အဲဒီ့နောင်တတွေကို ဘဝအတွက်အကျိုးရှိအောင် ပြန်လည်အသုံးချဖို့သာအရေးကြီးတာပါ။


၁) အမှန်အတိုင်းလက်ခံပါ။
လူဆိုတဲ့သဘောကိုက ကိုယ်လုပ်သမျှ မှန်တယ်ထင်သူချည်းပါပဲ။ တော်တန်ရုံလူလောက်ကတော့ မှားတယ်ပြောရင် သိပ်လက်မခံချင်ကြပါဘူး။ အဲဒါကြောင့် အမှားကို သိသိရက်နဲ့ဆက်မှားနေတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်အမှားကို ကိုယ်မမြင်လို့ အခြားသူကမြင်ပြီး အကောင်းဘက်ကဝေဖန်ခဲ့သည်ရှိသော် လက်ခံသင့်တာလက်ခံရမှာဖြစ်ပါတယ်။ အဲဒါမှ ကိုယ့်အမှားကို အမှန်ပြင်နိုင်မှာပါ။ အဲဒါကြောင့် ကိုယ့်အမှားကိုလက်ခံပါ။ အဲဒါလည်း အမှန်ပြင်ဖို့အတွက် အရေးကြီးပါတယ်။

၂) တောင်းပန်သင့်တာတောင်းပန်ပါ။
ကိုယ့်ရဲ့အမှားအတွက် အမှန်တကယ် ဝန်ချတောင်းပန်သင့်တယ်ဆိုရင် တောင်းပန်လိုက်ပါ။ အဲဒါက သင့်စိတ်ကိုပေါ့ပါးစေပါတယ်။ သင့်စိတ်ထဲမှာ အခဲမကြေသလိုဖြစ်မနေတော့ပါဘူး။ ကိုယ့်အမှားကို နောင်တရပြီး တောင်းပန်သင့်တာတောင်းပန်လိုက်တဲ့အတွက် နောင်တရတာ အလကားမဖြစ်တော့ဘူးပေါ့။ ကိုယ့်အတွက်လည်း တောင်းပန်သင့်တာကို မတောင်းပန်လိုက်ရခြင်းလို့ ယူကြုံးမရမဖြစ်တော့ပါဘူး။

၃) ခွင့်လွှတ်သင့်တာခွင့်လွှတ်လိုက်ပါ။
ခွင့်လွှတ်သင့်တဲ့ကိစ္စမျိုးဆို ကိုယ်ကစပြီး ခွင့်လွှတ်ပေးလိုက်ပါ။ မဟုတ်ရင် ကိုယ်ပဲ ဒေါသတွေနဲ့တနုံနုံခံစားနေရမှာပါ။ စိတ်လက်ပေါ့ပါးခြင်းက နေရထိုင်ရသက်သာစေပါတယ်။ စိတ်ကြည်လင်စေပါတယ်။

၄) သင်ခန်းစာယူသင့်တာယူပါ။
ကိုယ်လုပ်လိုက်တဲ့အမှားကို ပြန်သုံးသပ်ပြီး နောက်တစ်ခါဆို အဲဒီလိုမဖြစ်ဖို့ သင်ခန်းစာက ဘာလဲစဉ်းစားပါ။ တွေးတောပါ။ နောက်ထပ်အဖြစ်မခံပါနဲ့။ နောက်ထပ်မဖြစ်အောင် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲပါ တခါတည်း စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

၅) ပြုပြင်သင့်တာပြုပြင်လိုက်ပါ။
ကိုယ်မှားသွားတယ်၊ နောင်တရမိတယ်၊ ထိုနောင်တကနေ သင်ခန်းစာရအောင် ယူလိုက်တယ်ဆိုရင် နောက်ထပ်အလားတူအမှားမျိုးမဖြစ်ပေါ်ဖို့ ကြိုးစားသင့်ပါတယ်။ အဲဒီ့အမှားနဲ့ပတ်သက်ပြီး ကိုယ်ဘာတွေပြုပြင်ရမလဲ၊ ဘယ်နေရာတွေက စပြီး ပြဿနာဖြစ်စေသလဲ၊ ပတ်ဝန်းကျင်က ကိုယ့်ကိုပြဿနာဖြစ်ပေါ်စေအောင် လှုံ့ဆော်သူတွေလား စသဖြင့် အမျိုးမျိုးသုံးသပ်ပြီး ရှောင်သင့်တဲ့ပတ်ဝန်းကျင်ဆို ရှောင်လိုက်ပါ။ ပြဿနာစဖြစ်စေတဲ့အကြောင်းရင်းကို သေချာတွေးပြီး နောက်ထပ်အဖြစ်မခံပါနဲ့တော့။ ကိုယ်ပြုပြင်လို့ရရင် ပြုပြင်လိုက်ပါ။

၆) စိတ်ကိုထားတတ်အောင်လုပ်ပါ။
တချို့အမှားတွေ၊ တချို့နောင်တတွေက ကိုယ့်ကြောင့်ဖြစ်လာတာမျိုးမဟုတ်ပါဘူး။ ကိုယ်တောင်ပြုပြင်ခွင့်မရှိတဲ့ ကံကြမ္ပာက သတ်မှတ်ပေးလိုက်တာပါ။ တရားသဘောနဲ့ပြောရရင်တော့ ဖြစ်ချိန်တန်လို့ဖြစ်လာတာပေါ့။ အရင်အတိတ်ဘဝက ကိုယ့်ရဲ့ပြုခဲ့တဲ့ကံကြောင့်ဖြစ်လာတာမျိုးပါ။ အဲဒါတွေကို ဒီနေ့မှာ ပြန်ခံစားရတဲ့အခါ ကိုယ်က ဘယ်လိုမှပြုပြင်ယူလို့မရနိုင်ပါဘူး။ ဥပမာ။ သင့်မိဘတွေက သင့်ကိုငရဲပေးနေတဲ့ကိစ္စမျိုးတွေပေါ့။ (ကျွန်တော်တို့မြန်မာပတ်ဝန်းကျင်မှာ ထိုပြဿနာမျိုးအများကြီးပါပဲ။ မိဘကိုယ်တိုင်က သားသမီးကို ပညာမသင်စေဘဲ လက်ဖက်ရည်မှာ စားပွဲထိုးလုပ်ခိုင်းတာမျိုး၊ သမီးမိန်းကလေးကို မကောင်းတဲ့မိန်းမအဖြစ် အသက်မွေးခိုင်းတာမျိုးတွေပေါ့) အဲဒီလို ပြသာနာမျိုးတွေနဲ့ အမှားတွေဖြစ်လာတာမျိုး၊ နောင်တရရတာမျိုးဖြစ်တဲ့အခါ နောက်တစ်ခါမဖြစ်အောင် ကိုယ့်စိတ်ကိုကိုယ်ထိန်းသိမ်းမယ်လို့တွေးပါ။ တရားသဘောနဲ့ယှဉ်တွေးသင့်တဲ့အခါတွေးလိုက်ပါ။ ကိုယ့်ဘဝရဲ့အတိတ်ကံကြောင့်ဖြစ်လာတဲ့အရာတွေကို ဒီဘဝမှာတင် အပြီးကြေပါစေ၊ နောင်ဘဝထိမယူသွားဘူးလို့တွေးပါ။ ကိုယ့်စိတ်ကို ထားတတ်အောင် ကျင့်သင့်ပါတယ်။ အဲဒါဆိုရင် နောင်တရမိပေမယ့် နောက်ထပ်မမှားမတော့တဲ့အခါ ကိုယ့်အတွက်လည်းပိုကောင်းသွားပါတယ်။
အထက်က အချက်တွေကို လိုက်နာကြည့်လိုက်တဲ့အခါ ကိုယ့်ဘဝမှာ အမှားတွေနည်းသွားနိုင်သလို၊ ကိုယ့်စိတ်ကိုလည်း ဖြေသိမ့်တတ်လာပါလိမ့်မယ်။ အဲဒါဆိုရင် နောက်ထပ်သော အမှားတွေမကျူးလွန်အောင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်သွားခြင်းက အမြတ်ပဲဖြစ်ပါတယ်။ ကိုယ့်ဘဝလည်း အမှားတွေကြောင့် ထပ်ပြီး အဆိပ်မသင့်နိုင်တော့ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။