ကိုယ်တိုင်မကြုံတွေ့သေးပေမယ့် ကိုယ်ချင်းစာပြီး တဖက်လူရင်ထဲဝင်ကြည့်ပြီးတွေးပေးနိုင်ခြင်းဟာ လူသားဆန်ခြင်းပါပဲ။

ဘယ်ကျောင်းသင်ခန်းစာ၊ ပြဌာန်းစာအုပ်ထဲမှာမှ မပါတဲ့ လူသားဆန်ခြင်းတစ်ခုက ကိုယ်ချင်းစာတရားပါပဲ။ တကယ်တော့ ကိုယ်ချင်းစာတယ်ဆိုတာ အခြားလူတစ်ယောက်ခံစားသမျှကို ကိုယ်တိုင်ထပ်တူခံစားပြီး တဖက်လူအပေါ် နားလည်နိုင်ခြင်းပါ။ ကိုယ်မှာမနာတာ တပါးသူတော့နာပါစေ။ ကိုယ်မှမထိခိုက်တာ တပါးသူထိခိုက်တာထိခိုက်ပါစေ၊ ကိုယ်မှ မနစ်နာတာ တပါးသူနစ်နာတာ နစ်နာပါစေ ဆိုတဲ့ ကိုယ်မထိခိုက်ရင်ပြီးရော.....ဆိုတဲ့ တစ်ကိုယ်ကောင်းဆန် အတ္တကြီးတဲ့စိတ်ထားမျိုးသာ လူတိုင်းလိုလိုထားကြမယ်ဆိုရင် လူ့လောကြီးမှာ ထိခိုက်နစ်နာသူတွေချည်းဖြစ်လာမှာဖြစ်သလို, ခုချိန်မှာ ကိုယ်အသာစီးရနေရင်တောင် တချိန်မှာတော့ ကိုယ့်ကိုထိခိုက်အောင်လုပ်လာမယ့်လူမျိုးနဲ့ တွေ့ပြီး ကိုယ်ခံရမယ့်အလှည့်ဆိုတာ ရောက်ကို‌ရောက်လာမှာသေချာပါတယ်။


ကိုယ်တိုင်မကြုံတွေ့သေးပေမယ့် တဖက်လူရဲ့ ရင်ထဲ ဘာတွေဖြစ်နေမလဲ၊ ဘာတွေခံစားရမလဲဆိုတဲ့အတွေးမျိုးနဲ့ တွေးပေးပြီး ခံစားနားလည်ပေးခြင်းဟာ ဘယ်ကျောင်းသင်တန်းမှ မပါပေမယ့် လူသားချင်းနားလည်ခံစားပေးရမယ့် ethic တစ်ခုပဲဖြစ်ပါတယ်။
တနည်းအားဖြင့်တော့ နှလုံးသားနဲ့ တဖက်သားအပေါ်ခံစားနားလည်ခြင်းပါ။ ဆရာတော်တစ်ပါး တရားဟောတာ ကြားဖူးခဲ့ပါတယ်။ ဘယ်နေရာမှာမဆို အဖွဲ့အစည်းလူဘောင်မှာ EQ နဲ့ IQ မှာ ဘယ်အရာပိုအားသာတာကောင်းသလဲ၊ ဘယ်အရာက ပိုပြီးအောင်မြင်နိုင်သလဲလို့ ဘုန်းဘုန်းက မိန့်ပါတယ်။ ယေဘုယျအားဖြင့် IQ ဟာ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်ခြင်းပါ။ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်ခြင်းဟာ ဘယ်နေရာမှာမဆို ထိပ်ဆုံးရောက် အောင်မြင်နိုင်တယ်လို့ ထင်ကြပါတယ်။ ဘာလို့လဲဆိုရင် ဥာဏ်ရည်ဥာဏ်သွေးသာလွန်သူဟာ အခြားသူထက်ကို အကင်းပါးမယ်၊ သင်လွယ်တတ်လွယ်မယ်၊ မှတ်လွယ်မယ်၊ သူများထက် သာကိုသာနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် နှလုံးသားနဲ့ချင့်ချိန်တွေးတော့ ခံစားပေးနိုင်စွမ်းမရှိတဲ့အခါမှာတော့ ဥာဏ်ရည်ဥာဏ်သွေးသာလွန်သူဟာ အစွန်းရောက်သူမျိုးဖြစ်လာနိုင်ချေများပါတယ်။
“ကိုယ်တော်တယ်၊ ကိုယ်တတ်တယ်၊ ကိုယ်သာလုပ်ရင်အားလုံးဖြစ်မြောက်နိုင်တယ်၊ ကိုယ်လောက်တော်တဲ့သူဘယ်သူမှမရှိဘူး” ဆိုတဲ့စိတ်ကနေတဆင့် မာန်မာနထောင်လွှားမှုကို နှလုံးသားချွန်းနဲ့ မအုပ်လွှမ်းနိုင်တော့ပါဘူး။ အဲဒီ့အခါမှာ အတ္တဆိုတဲ့ ကိုယ့်အတွက်ကိုယ်ပိုပြီးအလေးပေးလိုက်မယ်ဆိုတဲ့အခါမှာတော့ “ ကိုယ့်အတွက်ကောင်းရင်ပြီးရော၊ အခြားသူဘာဖြစ်ဖြစ်” ဆိုတဲ့ စိတ်ထားမျိုးနဲ့ “ဘယ်သူတေတေ ငတေမာရင်ပြီးရော” ဆိုတဲ့စိတ်ထားနဲ့ အခြားသူတွေကို နင်းပြားလုပ်ဖို့ ဝန်မလေးတော့ပါဘူး။ အဲဒီ့အခါ ဥာဏ်ရည်သာသူတွေ နှလုံးသားကိုပါ မျှတစွာအသုံးမချတဲ့အခါ လူ့ဘောင်လူ့လောကကြီးဟာ အတ္တကြီးတကိုယ်ကောင်းဆန်သူတွေများလာမှာပါ။
ဘုန်းဘုန်းဟောတဲ့တရားထဲမှာ ခြင််းတောင်းနဲ့ ကဏာန်းတွေအများကြီးကို ဖမ်းပြီးထည့်လာပါတယ်တဲ့။ ထည့်လာတဲ့သူဟာ စိတ်ချလက်ချစွာနဲ့ ကဏ်းထည့်လာတဲ့ခြင်းတောင်းကို အဖုံးမပိတ်ဘဲ အိမ်ထိသယ်လာနိုင်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကဏာန်းတွေဟာ တစ်ကောင်က ခြင်းတောင်းကို ကျော်ခွ တက်ဖို့ကြိုးစားတဲ့အချိန်မှာ နောက်တစ်ကောင်က ပထမတစ်ကောင်ကို နင်းပြီး ကျော်တက်ခွဖို့ ကြိုးစားပြန်ပါတယ်တဲ့ ။ အဲဒီ့အတွက် ပထမကဏန်းဟာ အောက်ကိုပြန်ပြုတ်ကျပြီး ဒုတိယကဏာန်းပေါ်ကို တတိယကဏန်းက တစ်ခါထပ်တက်၊ ပြန်ပြုတ်ကျ၊ စတုထ္ထကဏန်းဟာ တတိယကဏန်းပေါ်ထပ်တက်နဲ့ တစ်ကောင်းပြီးတစ်ကောင် နင်းလိုက်ခွလိုက်ကြတာ ဘယ်ကောင်မှ ခြင်းတောင်အပြင်ကို မရောက်နိုင်ပါဘူးတဲ့။ အဲဒါကိုသိလို့ ခြင်းတောင်းကို အဖုံးတောင်ပိတ်စရာမလိုတာပါဆိုပြီး ဥပမာပေးတရားဟောသွားပါတယ်။ အဲဒီ့လိုပါပဲ။
IQ အရမ်းကောင်းပြီး EQ လုံးဝမကောင်းတဲ့လူတွေများလာမယ်ဆိုရင် လူ့ဘောင်အဖွဲ့အစည်းကြီးဟာ ကဏန်းလိုလူတွေကြားမှာ တဖြုတ်ဖြုတ်ပြုတ်ကျပြီး တိုးတက်တော့မှာမဟုတ်ပါဘူးတဲ့။ အဲဒါကြောင့် လူ့လောက လူ့ဘောင်အဖွဲ့အစည်း တိုးတက်ဖို့ဆိုရင် လူသားတစ်ယောက်နဲ့တစ်ယောက်ကို နှလုံးသားချင်း ခံစားနားလည်တွေးတောပေးနိုင်ပြီး EQ ကောင်းတဲ့လူတွေများလာမှ ဖြစ်ပါမယ်လို့ ဆုံးမ တရားဟောသွားခဲ့ပါတယ်။
တကယ်တမ်း ပြန်စဥ်းစားကြည့်လိုက်ရင် အရမ်းမှန်ပါတယ်။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ်၊ ကျောင်းသားအဖွဲ့အစည်းထဲမှာဖြစ်ဖြစ် ဘယ်လိုနေရာမှာမဆို လူသားတစ်ယောက်အတွက် လူသားဆန်ခြင်းဆိုတဲ့ EQ မမြင့်တဲ့လူတွေနဲ့ ဆက်ဆံရတဲ့အခါ ဘယ်တော့မှ အဆင်မပြေတာကို ကြုံဖူးကြမှာပါနော်။ အဲဒါကြောင့်သာ ဘွဲ့လက်မှတ်တွေအများကြီး ရရှိပိုင်ဆိုင်ထားတိုင်း၊ စီးပွားဥစ္စာပေါများ ချမ်းသာကြွယ်ဝနေတိုင်း အဲဒီ့လူဟာ ပညာရှိတာမဟုတ်ဘူး၊ လူသားဆန်တာမဟုတ်ပါဘူး။ လူသားချင်း ကိုယ်ချင်းစာနာစိတ်ထားပြီး ကိုယ်တိုင်မကြုံတွေ့သေးပေမယ့် ကိုယ်ချင်းစာပြီး တဖက်လူရင်ထဲဝင်ကြည့်ပြီးတွေးပေးနိုင်ခြင်းဟာ လူသားဆန်ခြင်းပါပဲ။ အဲဒါသည် နှလုံးသားကနေမှ မျှဝေခံစားတတ်ရာကနေ ပေါက်ဖွားလာတဲ့ Ethic တစ်ခုသာဖြစ်ပါတယ်။ အဲဒီ့အရာကို ဘယ်သင်တန်းကမှ မသင်ပေးနိုင်သလို၊ ဘယ်ဘွဲ့လက်မှတ်ကမှ အထောက်အကူမပြုပါဘူး။ IQ ဘယ်လောက်မြင့်မြင့် ပညာဘယ်လောက်တတ်တတ်၊ ကိုယ်ချင်းစာနာစိတ်နဲ့ လူသားတိုင်းကို စာနာနားလည်ပေးနိုင်ခြင်းကသာ လူ့ဘောင်လူ့လောကအတွက် ပိုတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ အရာရာမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်လို့ နာယူလိုက်ရတဲ့တရားလေးကို မျှဝေရင်း အတွေးပွားမိတာလေးကို ပြန်လည်မျှဝေလိုက်ရပါတယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။