အလုပ်နှင့်ဘဝ မျှတသောဟန်ချက်ဖြင့် ရှေ့ဆက်နိုင်ဖို့နည်းလမ်းကောင်းများ

အလုပ်ကို အလွန်အမင်းလုပ်တဲ့သူတွေ ကြုံရလေ့ရှိတဲ့ ပြသနာတစ်ခုကတော့ အလုပ်နဲ့ ဘဝ ဟန်ချက်မမျှတတာပဲ ဖြစ်ပါတယ်။ အလုပ်ကြိုးစားတာကောင်းပေမယ့် ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်ဖို့အရေးကြီးပါတယ်။ အလုပ်များများလုပ်ချင်သူဟာ ကျန်းမာရေးကောင်းရပါမယ်။ ကိုယ်ရော စိတ်ပါကျန်းမာမှသာ ဘဝမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို ပျော်ရွှင်စွာလုပ်ဆောင်နိုင်ပါ။ ဒါ့အပြင် မိသားစု၊ အပေါင်းအသင်းမိတ်ဆွေနဲ့ သင့်ကိုယ်သင်လဲ အားလပ်ချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ ဘဝကို မျှတစွာ ဟန်ချက်ညီညီနဲ့ ရှေ့ဆက်နိုင်ဖို့ နည်းလမ်းကောင်းအချို့ကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။


၁။ အကောင်းဆုံးဆိုတာထက် ပိုကောင်းအောင်မလုပ်ချင်ပါနဲ့။ ဘယ်အလုပ်မဆို ကိုယ်အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပြီးသွားပြီဆိုရင် လုံလောက်ပါတယ်။ သင်တာဝန်ယူရမယ့် အပိုင်းကို အပြည့်အဝတာဝန်ယူပါ။ ဒါပေမယ့် သင်နဲ့မသက်ဆိုင်တာတွေကိုပါ လိုက်ပြီးတာဝန်ယူလုပ်ပေးတာမျိုးကို ရှောင်ပါ။ “No” ဆိုတဲ့စကားလုံးကို လိုအပ်တဲ့အခါမှာ ပြောတတ်ပါစေ။ အကုန်လုံးကို ပြီးပြည့်စုံစေချင်တဲ့စိတ်နဲ့ လိုက်လုပ်တဲ့အခါ သင်လဲပင်ပန်းတယ်၊ အာရုံအပြည့်အဝမစိုက်နိုင်တဲ့အတွက် ရလဒ်ကောင်းထွက်ဖို့လဲ ခက်ခဲပါလိမ့်မယ်။ တကယ်တမ်း ဘာမှအရာမရောက်တဲ့ အလုပ်တွေကိုဖယ်ထားလိုက်မယ်ဆိုရင် အချိန်ပိုတွေထွက်လာမယ်၊ သင်လဲပေါ့ပေါ့ပါးပါးဖြစ်သွားတာမို့ သင့်အတွက် တကယ်အရေးပါတဲ့အရာတွေ၊ ဥပမာ မိသားစု၊ သူငယ်ချင်းတွေကို အချိန်ပိုပေးနိုင်လာမှာ ဖြစ်ပါတယ်။

၂။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အလုပ်လုပ်ရတာ ပိုမိုလွယ်ကူလာပါတယ်။ တစ်ဖက်မှာလဲ ရုံးကအလုပ်တွေက အိမ်အထိပါလာတာမျိုး ဖြစ်လာပါတယ်။ ညနေထမင်းစား စားပွဲမှာ အလုပ်ကိစ္စနဲ့ ဖုန်းပြောနေရတာမျိုး၊ ညအိပ်ရာဝင်ချိန်မှာ မေးလ်ပို့နေရတာမျိုးလို တစ်နေ့တာ ၂၄ နာရီလုံးဟာ အလုပ်လုပ်ချိန်တွေလို ဖြစ်လာပါတယ်။ ဒါကို အလုပ်ရှင်နဲ့ ဝန်ထမ်းကြားမှာ သေချာ ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။ အချိန်ပိုဆင်းပြီး အလုပ်လုပ်တာမျိုးက တစ်ပိုင်းပါ။ ဒါပေမယ့် ကိုယ်ပိုင်အချိန်တွေကိုတော့ ကိုယ်ပိုင်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ အလုပ်ကို တာဝန်ကျေစွာလုပ်ပါ။ အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကိုလဲ အကန့်ခွဲထားပါ။

၃။ တစ်နေ့တာ အလုပ်လုပ်ချိန်ဟာ တကယ်တမ်း အလုပ်လုပ်တဲ့သူအတွက် အချိန်ကုန်မြန်ပါတယ်။ တစ်နေ့တာကုန်သွားတိုင်း ဒီနေ့လုပ်ခဲ့တာတွေကို ပြန်ဆန်းစစ်ကြည့်ပါ။ ဘာတွေ အလုပ်ပြီးစီးခဲ့သလဲ၊ ဘာတွေက သင့်ကိုအချိန်ကုန်စေခဲ့သလဲ၊အရေးမကြီးတဲ့အရာလုပ်ရင်းနဲ့ပဲ အချိန်ကုန်သွားတာလား ပြန်ကြည့်ပါ။ အချိန်က တန်ဖိုးရှိပါတယ်။ တန်ဖိုးရှိတဲ့အချိန်မှာ တန်ဖိုးရှိတာကိုလုပ်ပါ။ တစ်နေကုန်လဲ အလုပ်တွေလုပ်နေပေမယ့် ဘာမှသေချာမပြီးစီးသွားတာမျိုးမဖြစ်ပါစေနဲ့။

၄။ အလုပ်တွေကြီးပဲ ဆက်တိုက်လုပ်နေသူကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ အင်မတန်အလုပ်လုပ်နိုင်သူလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းအားကုန်သွားတဲ့အခါ အားပြန်သွင်းရသလိုပဲ လူကလဲ အားပြန်ဖြည့်ဖို့ လိုပါတယ်။ ဒါမှသာ သင့်လုပ်နိုင်စွမ်းအပြည့်အဝကို အသုံးချပြီး အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ပင်ပန်း၊ စိတ်ကလဲပင်ပန်းနဲ့ အလုပ်လုပ်တဲ့အခါ လုပ်နေတာပဲရှိမယ်၊ အဲ့အလုပ်က အရည်အသွေးပြည့်မှီမဟုတ်ပါဘူး။ ဒါကြောင့် အနားယူပါ။ စိတ်ရောကိုပါ အပန်းဖြေပါ။ Gym ဆော့တာဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် အချိန်ကိုဖယ်ထားပါ။ ကျန်းမာရေးကိုပစ်မထားပါနဲ့၊ ကျန်းမာရေးကောင်းမှသာ ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။

၅။ လိုအပ်လာရင် အကူအညီတောင်းပါ။ အရာရာကို ငါလုပ်မှဖြစ်မယ်၊ ငါပဲလုပ်ချင်တယ်ဆိုပြီး မတွေးပါနဲ့။ သင့်ကို ဝိုင်းကူညီပေးနိုင်သူတွေရှိတဲ့အခါ ပိုမိုမြန်ဆန်ပြီး ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ခွဲပေးနိုင်တဲ့ အလုပ်တွေဆိုရင် ခွဲပေးလိုက်ပါ။ ကိုယ်နိုင်သလောက်ပဲ တာဝန်ယူပြီးလုပ်တာကသာ အကောင်းဆုံးရလဒ်ကို ရရှိစေနိုင်မှာပါ။ ဒါကြောင့်လိုအပ်လာရင် အကူအညီတောင်းပါ။ ကိုယ့်အလှည့်ကျရင်လဲ ပြန်ကူညီပေးဖို့ မမေ့ဖို့တော့လိုပါတယ်။

အလုပ်အရမ်းလုပ်တဲ့ Workaholic သူငယ်ချင်းတွေကို မန်းရှင်းခေါ်ပြီး အလုပ်နဲ့ ဘဝကို ဟန်ချက်မျှတစွာနေဖို့ သတိပေးလိုက်ပါဦး။

? ( BaWa101 )

Source: “5 secrets to achieving work-life balance,”forbes.com မှဘာသာပြန်ဖော်ပြထားပါသည်။
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။