ကလေးရှိသော အိမ်ထောင်ရှင်များ ဘာကြောင့်ဆက်ရိုသင့်ပါသလဲ။

ကလေးမွေးပြီးသွားတဲ့အခါ အိမ်ထောင်ရှင်တွေမှာ ပိုပြီးအလုပ်များတတ်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ပိုပြီး အလုပ်ရှုပ်တတ်လာတာမို့ အလှအပကိုလည်း ကြိုက်နှစ်သက်ပေမယ့်မပြင်ဆင်နိုင်တော့တာမျိုး၊ မအားတော့တာမျိုးကြောင့် ဖရိုဖရဲဖြစ်လာတတ်ပါတယ်။ ကလေးအိပ်ချိန်သာ အမေတွေရဲ့အိပ်ချိန်မို့ အိပ်ချိန်၊ စားချိန်လည်း မမှန်နိုင်တော့ပါဘူး။ အစားအသောက် ၊ အအိပ်အနေမမှန်တဲ့အတွက်ကြောင့်လည်း ပိုပြီးအလှပျက်နိုင်လာပါတယ်။ အမျိုးသားတွေကလည်း အမျိုးသမီးရဲ့မအားလပ်တဲ့တာဝန်တွေကို နားလည်ပြီး ကူညီပေးချင်စိတ်ရှိဖို့ လိုပါတယ်။ အမျိုးသားတွေရဲ့ ကူညီဖေးမပေးခြင်းက အမျိုးသမီးတွေကို ပိုပြီး အားဖြစ်စေပါတယ်။


အဲဒီ့လို ကလေးတစ်ဖက်နဲ့ ရှုပ်ထွေးနေတတ်တဲ့ ကိုယ့်ရဲ့ချစ်လှစွာသောအမျိုးသမီးကို ချစ်သူရည်စားဘဝတုန်းကလို ချစ်လှချည်ရဲ့ဆိုပြီး surpise gift လေးတွေ၊ romantic ဖြစ်မယ့်အပြုအမူမျိုးတွေနဲ့ ချစ်ပြဖို့မေ့နေတတ်ကြပါတယ်။ အဲလိုအလုပ်ရှုပ်ပြီး အလှပျက်နေတဲ့အခြေအနေမျိုးမှာ ကိုယ်တွေရဲ့ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းတဲ့အနေနဲ့ အမျိုးသမီးကိုလည်း ချစ်ခင်ကြောင်းပြသဖို့ လိုကိုလိုပါတယ်။
ဈေးကြီးတဲ့ surprise gift လိုမျိုး ကြီးမားတဲ့လက်ဆောင်မျိုးမလိုပါဘူး။ သူတို့အတွက်မှတ်မှတ်ရရနဲ့ အံအားသင့်သွားစေနိုင်မယ့် လက်ဆောင်မျိုးပေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။
အရင်ဆုံး ဘယ်လို romantic ဖြစ်အောင်နေကြမလဲဆိုတဲ့ အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

၁) သူနဲ့ပတ်သက်တဲ့အမှတ်တရမျိုးကို အရင်ဆုံးသတိရပေးပါ။
ဥပမာ။ သူမရဲ့မွေးနေ့ဆိုပါတော့ အမျိုးသမီးရဲ့မွေးနေ့ကို အလုပ်တွေအရမ်းရှုပ်နေလို့ သူမတောင်သတိရမယ်မထင်ပါဘူး။ အဲလိုအမှတ်တရနေ့ရက်မျိုးမှာ အိမ်အပြန်မွေးနေ့ကိတ်လေးတစ်လုံးလောက် ကြိုတင်သတိမပေးထားဘဲ ယူသွားကြည့်လိုက်ပါ။ သူ့အတွက် အရမ်းကို အံအားသင့်သလို ပျော်ရွှင်သွားမှာပါ။ အခြားသောအမှတ်တရနေ့မျိုးကိုလည်း အမျိုးသားဖြစ်သူက မှတ်မှတ်ရရရှိနေပေးခြင်းက အမျိုးသမီးအတွက်တော့ အင်မတန် romantic ဖြစ်တာမျိုးပါပဲ။
၂) သူမရဲ့အမှတ်တမဲ့ပြောတတ်တဲ့စကားလေးတွေကို မှတ်ထားပြီး လုပ်ပေးလိုက်ပါ။
ဥပမာ၊ သူက စာဖတ်ဝါသနာပါတယ်ဆိုပါတော့။ ကလေးကတစ်ဖက် ၊ အိမ်အလုပ်ကတစ်ဖက်နဲ့ စာဖတ်ဖို့ အချိန်မရတဲ့သူ့ခမြာ ဖတ်ချင်ပေမယ့် မဖတ်နိုင်တာမျိုးဖြစ်မယ်၊ စာအုပ်တွေဝယ်ချင်ပေမယ့် ထွက်မဝယ်နိုင်တာမျိုးဖြစ်မယ်ဆိုရင် သူမ မှတ်မှတ်ရရလိုချင်နေတဲ့စာအုပ်မျိုးကို ကြိုမပြောထားဘဲ ဝယ်လာခဲ့ပေးတာမျိုးပေါ့။ အဲဒါအပြင် သူမစာဖတ်ချင်တဲ့အချိန်၊ ကလေးအိပ်နေတဲ့အချိန်မျိုးမှာ တခြားအိမ်အလုပ်တွေကို သင်အားတဲ့အချိန်နဲ့တိုးရင် ဝင်ကူညီပေးထားလိုက်ပါ။ သူမအေးဆေးစွာ စာဖတ်ပါစေ။ အဲဒါက သူမအတွက်တော့ တန်ဖိုးကြီးမားတဲ့လက်ဆောင်ထက်တောင် တန်ဖိုးရှိအုံးမှာပါ။
၃) အလှကုန်ပစ္စည်းလက်ဆောင်ပေးတာမျိုးလုပ်ပါ။
ကလေးမရှိခင်တုန်းကတော့ ကိုယ့်ဟာကိုယ် ဈေးဝယ်ထွက်တိုင်း ကိုယ်လိုချင်တာကိုယ်ဝယ်လိုက်ရုံပဲမို့ သိပ်ကိစ္စမရှိပါဘူး။
ကလေးတစ်ဖက်နဲ့ အိမ်အလုပ်နဲ့ သူမဟာသူမတောင်မပြင်မဆင်မနေနိုင်တဲ့ သူမအတွက် အလှပြင်ဖို့ သတိပေးတဲ့အနေနဲ့ အလှကုန်ပစ္စည်းလေးတစ်မျိုးမျိုး ဝယ်လာပေးတာမျိုးလုပ်လို့ရပါတယ်။ “ပြင်ဆင်ပြီးလှပအောင်နေ မိန်းမ…..” ဆိုပြီး ပေးကြည့်လိုက်ပါ။ သူမအရမ်းကြည်နူးသွားမှာပါ။ ပြီးတော့ သူမအလှပြင်မယ့်အချိန်သတ်သတ်ထားနိုင်ဖို့ ကိုယ်က ကလေးကိုကူထိန်းပေးတာမျိုးလုပ်ပေးပေါ့။ သင့်အမျိုးသမီးလှပနေခြင်းက သင်ဟာလည်းအိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သွယ်ဝှိုက်သောနည်းနဲ့ ပြသပေးနေတာပါပဲ။
၄) သတိတရဖုန်းဆက်ပေးပါ။
ထမင်းစားချိန်မျိုးမှာ အမျိုးသားကအလုပ်ကနေတဆင့် အမျိုးသမီးဆီဖုန်းဆက်ပေးတာမျိုးလုပ်ပါ။ “ထမင်းစားပြီးပြီလား…..အချိန်မှန်စားလိုက်မိန်းမ” ဆိုတာမျိုးက အမျိုးသမီးကိုအသိအမှတ်ပြုခြင်းတစ်မျိုးပါပဲ။ အမျိုးသမီးစိတ်ထဲမှာလည်း “စိတ်ပူလို့ဖုန်းဆက်တယ်” ဆိုတဲ့အတွေးလေးကြောင့် ကျေနပ်သွားမှာဖြစ်သလို အချင်းချင်းလည်း ပိုပြီးနီးစပ်နေသလို ခံစားရစေပါတယ်။
၅) ချစ်တယ်လို့ ပြောပေးပါ။
များသောအားဖြင့် ချစ်တယ်ဆိုတဲ့စကားမျိုးကို အိမ်ထောင်ပြုပြီးရင် အထူးတလည်မပြောတတ်ကြတော့ပါဘူး။ တစ်ယောက်အပြောကို တစ်ယောက်ကစောင့်မနေပါနဲ့။ သတိရတဲ့သူက အရင်ပြောပါ။ အဲဒါမှ တစ်ဖက်ကလူကလည်း ပြန်ပြောရမယ်ဆိုတာကို နားလည်မှာပါ။ တကူးတကဖုန်းခေါ်ပြီး “သနားပါတယ်…..ငါ့မိန်းမပင်ပန်းလိုက်တာ။ အားတင်ထားမိန်းမ၊ ချစ်တယ်နော်” ဆိုတာမျိုးက ဘာမှအပန်းမကြီးပေမယ့် ခံစားရတဲ့သူရဲ့ရင်ထဲတော့နွေးသွားစေမှာပါ။ အချင်းအချင်းကြားမှာလည်း အရင်သမီးရည်းစားဘဝတုန်းကလို ခံစားမျိုးပြန်လည်ဖြစ်ပေါ်စေမှာပါ။
၆) သူ့တာဝန်ကိုယ့်တာဝန်မလွှဲချဘဲ အတတ်နိုင်ဆုံးကူလုပ်ပေးပါ။
အိမ်မှုကိစ္စဆိုတာ သူ့ကိစ္စ၊ ကလေးထိန်းတာ သူ့ကိစ္စ ယောကျာ်းဝေယျာဝစ္စလုပ်တာ သူ့ကိစ္စလို့ချည်း တွေးနေတယ်ဆိုရင်တော့ သမီးရည်းစားဘဝတုန်းက သင်ပဲသင့်ဇနီးကို ချစ်လို့တဖွဖွပြောပြီး လက်ထပ်ယူခဲ့တာကို ပြန်တွေးကြည့်ပါ။ သင်က ဇနီးအဖြစ်လက်ထပ်ယူထားတာလား၊ အိမ်မှာအလုပ်သမားတစ်ယောက်ကို ခေါ်ထားတာလားဆိုတာ ပြန်စဉ်းစားပါ။ သင့်ဇနီးက သင်ချစ်လို့လက်ထပ်ထားသူပါ။ ဘဝတစ်ခုကို အတူလက်တွဲရင်ဆိုင်ဖို့ လက်ထပ်ထားသူပါ။ အဲဒါကြောင့် တစ်အိမ်လုံးအလုပ်က သူတစ်ယောက်တည်းကိစ္စလို့ သင်သတ်မှတ်လို့မရပါဘူး။

အိမ်ထောင်ရှင်ဖြစ်သွားလို့ ပိုပြီးတော့တောင် romantic ဖြစ်သင့်ပါသေးတယ်နော်။ တစ်ချို့တွေက လက်ထပ်ပြီးပြီ နောက်ထပ်လည်း နောက်တစ်ယောက်မရနိုင်တော့ဘူးဆိုပြီး
သွေးအေးအေးနေတတ်ကြပါတယ်။ အဲဒါက အရမ်းကို မှားတဲ့အယူအဆပါ။ လက်ထပ်ပြီးတာမို့ ဒီအိမ်ထောင်ကိုဆက်လက်သာယာပျော်ရွှင်ဖို့ လုပ်ဆောင်သင့်တာ နှစ်ယောက်စလုံးရဲ့တာဝန်ပါ။
ဘာကြောင့် အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းမှာ အိမ်ထောင်သည်တွေက ပိုပြီး romantic ဖြစ်ဖို့လိုသလဲဆိုတာလေးတွေဖော်ပြပေးချင်ပါတယ်။

- သာယာဖို့ကြိုးစားမယ်ဆိုတဲ့စိတ်လေးရှိဖို့လိုပါတယ်။
သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့ နှစ်ယောက်စလုံးမှာ ထိုအသိလေးရှိဖို့လိုပါတယ်။ ထိုအသိလေးရှိထားမှ ဆက်လက်ထိန်းသိမ်းဖို့ကြိုးစားမယ်၊ ကြိုးစားမှ ပိုပြီးသာယာနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရဲ့အမျိုးသားကော၊ အမျိုးသမီးကော အိမ်ထောင်ရေးသာယာဖို့ကို အာရုံစိုက်ထားမှသာ ဒီအိမ်ထောင်ကြီးက လွယ်လွယ်နဲ့မပြိုကွဲဘဲနေမှာပါ။ ဒီနေ့ခေတ်မှာ အိမ်ထောင်ရေးတစ်ခုကို သာယာအောင် တည်ဆောက်ရတာက အရမ်းခက်ပါတယ်။ ပြိုကွဲဖို့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ၊ ပြိုကွဲဖို့ အရမ်းလည်း လွယ်လာပါတယ်။ အဲဒါကြောင့် အချင်းချင်း အပြန်အလှန် romantic လုပ်ပေးရင်း အိမ်ထောင်ရေးသာယာအောင် လုပ်ယူသင့်ပါတယ်။ အပြန်အလှန်ချစ်ခြင်းတရား ပိုပြီးခိုင်မြဲလာမှုကြောင့် အိမ်ထောင်ရေးကလည်း ပိုပြီး အဆင်ပြေသာယာလာမှာပါ။ ကလေးရှိနေတဲ့အတွက်ကြောင့် အခန့်မသင့်လို့ အိမ်ထောင်ရေးပြိုကွဲခဲ့ရင်တောင် အဓိကခံစားရမယ့်သူက ကလေးဖြစ်သူပါ။ ကလေးရဲ့နုငယ်တဲ့စိတ်ထဲမှာ ဖြစ်သွားမယ့် ဒဏ်ရာကို ငဲ့ညှာဖိုလိုပါတယ်။ မလိုလားအပ်တဲ့ အခြားဆိုးကျိုးတွေဖြစ်လာနိုင်တာလည်း ကလေးဖြစ်သူပါပဲ။ အဲဒါကြောင့် အိမ်ထောင်ရေးသာယာဖို့ကြိုးစားမယ်ဆိုတဲ့ စိတ်လေးရှိဖို့အရေးကြီးပါတယ်။
- ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့က အိမ်ထောင်သာယာဖို့နဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်
ကလေးတစ်ယောက် အရွယ်ရောက်လာဖို့က မလွယ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့လိုသလို စိတ်ပိုင်းဆိုင်ရာလည်းအရေးကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့အနာဂတ်က မိဘတွေအပေါ်မှာမူတည်နေတာပါ။ မိဘတွေ အပြန်အလှန် ချစ်ခြင်းမေတ္တာတွေနဲ့နွေးထွေးနေကြတယ်ဆိုရင် ကလေးအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အထောက်အကူပြုပါတယ်။ မိဘတွေတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားမှုရှိတဲ့မိသားစုက ကလေးက အရွယ်ရောက်လာတဲ့အခါ အခြားသူတွေကိုလည်း လေးစားရကောင်းမှန်းသိလာမှာပါ။
မိဘတွေ အချင်းချင်း ရန်ဖြစ်အော်ဟစ်နေတဲ့မိသားစုက ကလေးက စိတ်ပိုင်းဆိုင်ရာအရ ကောင်းတဲ့ရလဒ်တွေရှိမှာမဟုတ်ပါဘူး။ ဝမ်းနည်းလွယ်လာမယ်၊ ကြောက်လန့်တတ်မယ်၊ ကြမ်းတမ်းတတ်လာမယ် စတဲ့ခံစားချက်တွေမျိုးစုံနဲ့ ရှင်သန်ကြီးပြင်းလာရမှာဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ငယ်စဉ်ဘဝမလှပခဲ့ရင် ကြီးပြင်းလာတဲ့အခါမှာလည်း အကောင်းမြင်တတ်တဲ့စိတ်နည်းပါးလာတတ်ပါတယ်။ နောက်ဆုံး စိတ်ရောဂါလိုမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒါအပြင် အကြောက်လွန်ပြီး ကျန်းမာရေးအရ ဖျားနာတာမျိုး၊ ချူခြာလွယ်တာမျိုးနဲ့ အခြားရောဂါတွေဖြစ်နိုင်ပါသေးတယ်။ အဲဒါကြောင့် ကလေးရဲ့အနာဂတ်ကို ပဲ့ကိုင်သူ မိဘတွေရဲ့အိမ်ထောင်ရေးက သာယာဖို့လိုပါတယ်။ သာယာဖို့လည်း ကြိုးစားသင့်ပါတယ်။ အဲဒါကြောင့် အပြန်အလှန် ချစ်ခြင်းမေတ္တာနွေးထွေးစေမယ့် အပြုအမူလေးတွေနဲ့ romantic ဖြစ်အောင် အပေါ်မှာဖော်ပြထားတဲ့အချက်လေးတွေနဲ့ လုပ်ကြည့်ကြပါနော်။
- မိဘနှစ်ပါးစလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေပါတယ်။
အိမ်ထောင်ရေးသာယာတဲ့အခါ မိဘနှစ်ပါးစလုံးရဲ့ စိတ်ပိုင်းဆိုင်ရာအရ လန်းဆန်းတက်ကြွနေမှာဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့ကတော့ အထူးတလည်ပြောဖို့မလိုတော့ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာနေတဲ့မိဘတွေကြားမှာ ရှင်သန်ရတဲ့သားသမီးရဲ့ အနာဂတ်ကလည်း အလိုလိုတောက်ပနေမှာပါ။
- ကလေးကိုထူးချွန်ထက်မြက်စေနိုင်ပါတယ်။
အဖေလုပ်သူက အမေလုပ်သူကို အမြဲတစေ ဂရုစိုက်ပြီးချစ်ခင်ပြတတ်တဲ့ မိသားစုမှာ မွေးဖွားလာရတဲ့ကလေးဟာ သူ့ကိုယ်သူပိုပြီး ယုံကြည်မှုရှိတတ်ပါတယ်။ အဲဒါကြောင့် ရောက်လေရာနေရာမှာ ထူးချွန်ထက်မြက်သူဖြစ်လာနိုင်ပါတယ်။ အမေလုပ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်နေတဲ့အခါ သားသမီးကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ပိုပြီးအာရုံစိုက်နိုင်ပါတယ်။ အမေလုပ်သူရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေမကောင်းတဲ့အခါ သားသမီးကို ပြုစုပျိုးထောင်ဖို့ အာရုံမစိုက်နိုင်တော့ပါဘူး။ အဲဒီ့အခါ ကလေးကို အော်ဟစ်မိတာ၊ စိတ်မရှည်တာ၊ ကလေးကိုမဲပြီးဆူမိတာမျိုးဖြစ်တဲ့အခါ ကလေးအတွက် စိတ်ဒဏ်ရာဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကလေးတစ်ယောက်ထူးချွန်ထက်မြက်လာဖို့ မိဘတွေ အပြန်အလှန် ချစ်ခြင်းတရားခိုင်မြဲနေဖို့လည်းလိုပါတယ်။
- လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်အသီးသီးမှာ အောင်မြင်ပျော်ရွှင်စေနိုင်ပါတယ်
အိမ်မှာသာယာမှုကိုရှာတွေ့တဲ့အမျိုးသားက အိမ်ကိုပဲအချိန်တန်ပြန်လာချင်စိတ်ဖြစ်နေမှာပါ။ အိမ်ထောင်ရေးသာယာတဲ့အခါ မိဘနှစ်ပါးလုံးက ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုပိုရှိနိုင်ပါတယ်။ အိမ်ထောင်ရေးမသာယာတဲ့မိသားစုက အိမ်ထောင်ရှင်အမျိုးသမီးများက အခြားသောအမျိုးသမီးများထက် သိမ်ငယ်တတ်၊ အားငယ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်ဆုံးနေတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ရေးသာယာမှုက အရေးကြီးပါတယ်။ အိမ်ထောင်ရေးသာယာလေ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ နယ်ပယ်အသီးသီးမှာလည်း ပိုပြီး အောင်မြင်တတ်ကြပါတယ်။ မိသားစုကို ပိုပြီးချစ်ခင်လာတတ်ပါတယ်။
မိသားစုကို ပိုပြီးချစ်ခင်လာတဲ့အတွက် အိမ်ထောင်ရေးက ပိုပြီး သာယာလာပါတယ်၊ ပိုပြီး တည်မြဲလာပါတယ်။ အဖက်ဖက်က ကောင်းကျိုးတွေချည်းရလာမှာပါ။ သားသမီးကိုလည်း အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးတတ်တာမို့ ပိုပြီးထူးချွန်ထက်မြက်တဲ့ သားကောင်းသမီးရတနာလေးတွေကို ပိုင်ဆိုင်ရမှာဖြစ်သလို မိဘကို လေးစားတတ်တဲ့ သားသမီးလိမ္မာလေးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကလေးရှိပြီးသား အိမ်ထောင်ရှင်တွေ အချစ်တွေ မခမ်းခြာက်အောင် ဘာကြောင့် ဆက်ပြီး romantic ဖြစ်နေအောင် ကြိုးစားသင့်လဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ အထက်ကဖော်ပြထားတဲ့ အကုန်အကျမများတဲ့ romantic နည်းလေးတွေ သုံးပြီး ခုပဲ ဆက်နွယ်သူဆီ ro ဖို့ ကြိုးစားလိုက်တော့နော်။
အားလုံးပဲ သာယာပျော်ရွှင်သောမိသားစုလေးဖန်တီးနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။