လူတွေကို စိတ်ကုန်လာတဲ့အခါ လုပ်ကြည့်သင့်တဲ့အချက်များ

လူတွေကြောင့် အခါပေါင်းများစွာ နာကျင်ခံစားခဲ့ရဖူးတယ်မဟုတ်လား။ ကိုယ်တိုင်လည်း လူထဲကလူပဲမို့ အခြားသူကို ထိခိုက်မယ့်ကိစ္စမျိုးကို အတတ်နိုင်ဆုံးရှောင်ကျဉ်တတ်ပေမယ့် ကိုယ့်အလှည့်ကျတော့ ဘယ်သူကမှ ကိုယ့်ကိုထည့်မတွေးပေးတတ်ကြပါဘူး။ လူ့သဘောကိုက အတ္တကြီးတတ်ကြတာမှန်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်အတ္တလျှော့နိုင်ကြရင် လူ့လောကကြီးက ပိုပြီးသာယာနိုင်မှာပါ။ ဒါပေမယ့်လည်း တချို့တချို့သော လောဘကြီး၊ အတ္တကြီးတတ်တဲ့လူတစ်ချို့ကြောင့် အတ္တလျှော့ထားသူတချို့ကတော့ နစ်နာမြဲနစ်နာနေရတုန်းပါပဲ။ ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်မှာလည်း ထိုလူမျိုးတွေကို ကြုံရဆုံရအုံးမှာပါ။ ရှေ့ဆက်လည်းကြုံရအုံးမှာပါပဲ။ အဲဒါကြောင့် လူတွေကို စိတ်ကုန်စရာကောင်းတယ်လို့ခံစားလာရတဲ့အခါမှာ ကိုယ့်ကိုထိခိုက်စေတဲ့အလုပ်မျိုးတွေထက်၊ ကိုယ့်ရဲ့အလုပ်တွေပျက်လောက်တဲ့အထိခံစားမနေဘဲ အောက်ကအချက်လေးတွေကို လုပ်ကြည့်ဖို့ ကိုယ့်ကိုကိုယ်တိုက်တွန်းကြည့်ပါ။


၁) သဘာဝပတ်ဝန်းကျင်ကိုခံစားလိုက်ပါ။
အရမ်းကိုစိတ်တွေကုန်၊ စိတ်တွေရှုပ်ထွေးလာတဲ့အခါမှာတော့ လုပ်လက်စတွေ၊ ပြောပစ်လိုက်မယ်လို့တွေးထားတဲ့စကားတွေ ၊ ဒေါသကို ထွက်ပေါက်ပေးလိုက်တော့မယ်လို့ တွေးနေတာတွေ အားလုံးကို ရပ်တန့်လိုက်ပါ။ ထိုလူတွေအနားကနေ ခဏလောက်ရှောင်ထွက်လိုက်ပါ။ လေညင်းခံတာမျိုးဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်လိုက်တာမျိုးလုပ်ကြည့်လိုက်ပါ။ ဒေါသကိုပေါက်ကွဲပစ်ချင်စိတ်၊ စိတ်ထဲရှိရာ ပစ်ခါပြောလိုက်ချင်တဲ့စကားတွေအားလုံး ခဏတဖြုတ်ရပ်တန့်သွားပါလိမ့်မယ်။ ပတ်ဝန်းကျင်က အရာတွေကို အာရုံရောက်သွားပါလိမ့်မယ်။ အဲဒါက ခဏတဖြုတ် စိတ်ရှုပ်မှုတွေကနေ ရှောင်ထွက်နိုင်တဲ့နည်းလမ်းပါပဲ။

၂) တစ်ယောက်တည်းနေပြီး စာဖတ်ပါ။
ကိုယ့်အခန်းလေးထဲ တံခါးပိတ်ပြီး စာအုပ်တစ်အုပ်ကိုကောက်ဖတ်လိုက်တာမျိုး အာရုံကို စာအုပ်ထဲက ဇာတ်လမ်းထဲ ၊ ဇာတ်ကောင်တွေထဲ ထည့်ထားလိုက်ပါ။ စောစောကဖြစ်ပျက်နေသမျှကို ခဏတဖြုတ်မေ့သွားပါလိမ့်မယ်။ ဒေါသနဲ့၊ စိတ်ကုန်မှုကြောင့် ပြောမယ့်စကားတွေအကုန်လုံး မပြောဖြစ်တော့ဘဲ ရပ်တန့်သွားပါလိမ့်မယ်။ အဲဒါက ကိုယ့်ထက်ကြီးတဲ့သူဆိုရင် ကိုယ်ဖြစ်မယ့်ငရဲမဖြစ်တော့ပါဘူး။ ကိုယ့်ထက်ငယ်တဲ့သူဆို အမြင်မစောင်းတော့၊ ရန်မဖြစ်ရတော့ပါဘူး၊ ရန်မများတော့ပါဘူး။

၃) တရားထိုင်ပါ။
ဆိတ်ငြိမ်တဲ့နေရာလေးတစ်ခုကိုရွေးပြီး ခဏလောက်တိတ်တိတ်လေး ဝင်လေထွက်လေကို မှတ်ပြီး ထိုင်နေကြည့်လိုက်ပါ။ ဘုရားရင်ပြင်တော်ပေါ်ဆိုရင်ပိုကောင်းတာပေါ့။ မဟုတ်ရင်လည်း ဆိတ်ငြိမ်တဲ့နေရာမှာ ကိုယ့်ကိုကိုယ်ဝင်လေထွက်လေမှတ်နေကြည့်ပေါ့ ။ စိတ်တည်ငြိမ်သွားတဲ့အခါကျတော့ ကိုယ့်စိတ်ကိုအေးချမ်းစေပါတယ်။

၄) မကြားချင်တဲ့စကား၊ ကိုယ့်အတွက်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့စကားမျိုးကို လျစ်လျူရှုလိုက်ပါ။
ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေမယ့်စကားမျိုးဆို ဒေါသတကြီးပြန်တုံ့ပြန်မိတာမျိုးဖြစ်ပြန်ရင် ကိုယ်ပဲပူလောင်ရမယ်၊ ကိုယ်ပဲအကုသိုလ်များမယ်၊ ကိုယ်ပဲ တနုံနုံခံစားရမယ် စသဖြင့် ကိုယ့်ကိုအမျိုးမျိုးထိခိုက်စေတဲ့စကားမျိုးကို မပြောဖြစ်တာပိုကောင်းပါတယ်။ အဲဒါကြောင့် ကိုယ်နာကျင်ရတဲ့စကားမျိုးဆိုရင် မကြားသလိုနေလိုက်ပါ။ ခေါင်းထဲမထည့်ဘူး…..ဆိုတဲ့စကားကို စိတ်ထဲကနေ တဖွဖွရွတ်နေလိုက်ပါ။

၅) ကိုယ့်ကိုကိုယ်ဘယ်လိုနည်းနဲ့မှ မထိခိုက်စေပါနဲ့။
စိတ်ကုန်စရာကောင်းတဲ့လူတွေက သင့်ကို နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေတာပါပဲ။ အဲဒီလိုလူတွေနဲ့ ပတ်သက်ရတဲ့အခါ ကိုယ့်စိတ်ထဲမှတ်ထားပြီး မကြာခဏရေရွတ်ပေးရမှာက “ကိုယ့်ကိုကိုယ်ဘယ်လိုနည်းနဲ့မှ မထိခိုက်စေရဘူး” ဆိုတဲ့စကားပါ။ စိတ်ထဲကနေ တဖွဖွရွတ်နေခြင်းက သူတို့ကို ပြန်ပြီး တုံ့ပြန်မိဖို့ တားဆီးပေးပါတယ်။ ပြန်ပြီးတုံ့ပြန်မိလိုက်တာနဲ့တပြိုင်နက် ကိုယ့်မှာ စတင်ပူလောင်၊ ဒေါသမောဟများ၊ တနုံနုံခံစားရတော့မှာပါ။ ကိုယ့်စိတ်ကိုစတင်ထိခိုက်စေတော့တာပါပဲ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ချစ်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ်ထိခိုက်စေမယ့်အရာတွေကို ရှောင်ကျဉ်တာအကောင်းဆုံးပါ။

၆) ကိုယ့်ကိုချစ်ခင်တဲ့သူတွေအကြောင်းတွေးပါ။
ကိုယ့်ကိုချစ်ခင်တဲ့သူတွေ၊ ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ပတ်ဝန်းကျင်အကြောင်းပြန်တွေးကြည့်ပါ။ ဖြစ်နိုင်ရင် ထိုပတ်ဝန်းကျင်ထဲကိုသာ ပြန်သွားပါ။ အပြန်အလှန်မောင်နှမတွေ၊ ညီအမတွေလို ဖေးမဖော်၊ စနောက်ဖော်ရတဲ့ဝန်းကျင်မျိုးပေါ့။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်ကိုလိုလားတဲ့ပတ်ဝန်းကျင်ကြောင့် စိတ်ကုန်စရာကောင်းတဲ့လူတွေကို မေ့သွားပါလိမ့်မယ်။

တကယ်တော့ စိတ်ကုန်စရာကောင်းတဲ့လူတွေက သင့်ကိုအမျိုးမျိုးစိတ်ဒုက္ခပေးမယ့်သူတွေပါ။ ထိုလူတွေနဲ့ရင်ဆိုင်ရတဲ့အခါဖြစ်ဖြစ် မိမိဝန်းကျင်မှာထိုလူတွေရှိနေတာဖြစ်ဖြစ် ကိုယ့်ကိုထိခိုက်လာစေတဲ့အခါ အထက်ကအချက်လေးတွေလုပ်ကြည့်ခြင်းက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ အဓိကက စိတ်ကိုဒုက္ခပေးတာဖြစ်တဲ့အတွက် သင့်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပါလို့တိုက်တွန်းလိုက်ရပါတယ်။ ကျောက်သားကျောက်စိုင်လို မာကြောပြီး တည်ငြိမ်နေတဲ့သင့်စိတ်ကို သူတို့ဘယ်လိုမှ ဖျက်ဆီးမနိုင်တဲ့အထိပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။