ဘဝမှာ ပိုပြီးပျော်ရွှင်စေဖို့ ထားသင့်တဲ့စိတ်ထားများ

ဘဝမှာ လူတိုင်းက ပျော်ရွှင်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ပျော်ရွှင်မှုကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အခြားသောအကြောင်းအရာတွေပေါ်မှာသာ မှီခိုတယ်လို့ ယူဆနေတတ်ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာက ကိုယ်လက်ခံယူတဲ့ခံယူချက်ပေါ်မှာ မူတည်တာပါ။ ဘဝမှာ သင်မြင်သမျှ အမြင်တိုင်းကို သင်ဘယ်လိုတွေးတောခံစားသလဲဆိုတဲ့အပေါ်မူတည်ပြီး သင့်ဘဝအပေါ် ကျေနပ်မှုပျော်ရွှင်မှုတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင့်ဘဝပေါ်မှာ ဘယ်လိုခံယူချက်စိတ်ထားမျိုးထားမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) အကောင်းမြင်စိတ်ရှိပါ။
ကိုယ်တွေ့ကြုံသမျှတိုင်းကိုတော့ အကောင်းမမြင်နိုင်ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးအကောင်းမြင်စိတ်အဖြစ်ပြောင်းနိုင်အောင်ကြိုးစားပါ။ အဲဒါက သင့်စိတ်ကို စိတ်ချမ်းသာစေပြီး အခြားပျော်ရွှင်တဲ့စိတ်ခံစားချက်တွေရလာဖို့လမ်းဖွင့်ပေးလိုက်တာနဲ့တူပါတယ်။ မနက်နိုးနိုးခြင်းမှာတင် သင်က တစ်ခုခုကို စိတ်အနှောင့်အယှက်ဖြစ်သွားတယ်ဆိုပါတော့……ထိုစိတ်အနှောင့်အယှက်က သင့်ကိုတစ်နေ့လုံး အခြားအရာမှန်သမျှကိုလည်း အကောင်းမမြင်နိုင်တော့အောင် လွှမ်းမိုးထားတော့မှာဖြစ်ပါတယ်။

၂) ကောင်းမှုပြုပါ။
ကောင်းမှုကုသိုလ်ပြုခြင်းဟာ သင့်ကို စိတ်ထဲမှာကြည်လင်စေသလို တကယ်လိုအပ်တဲ့လူတွေကို ကူညီမိတာမျိုးဆိုရင် ပီတိဖြစ်ရပါတယ်။ အဲဒါကြောင့် ဘာကိုမှမမျှော်လင့်ဘဲ ကောင်းတဲ့အပြုအမူ၊ ကောင်သောအတွေးအခေါ်တင်မကဘူး ကောင်းမှုကုသိုလ်ပြုပေးပါ။ အဲဒါက သင့်စိတ်ထဲ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းနဲ့ဆက်စပ်နေပါတယ်။

၃) ခွင့်လွှတ်တတ်တဲ့စိတ်ကို မွေးပါ။
ဘာဖြစ်ဖြစ် ခွင့်လွှတ်ပေးတတ်တဲ့စိတ်ကိုမွေးပါ။ အဲဒါက ဒေါသကိုလွှတ်ချလိုက်တာဖြစ်ပြီး သင့်စိတ်ကိုသင်ကိုယ်တိုင် မုန်းတီးစိတ်၊ နာကျည်းစိတ်၊ ဒေါသစိတ်တွေနဲ့ ချုပ်နှောင်ထားတာကနေ ဖြေလျှော့ပေးလိုက်တာနဲ့တူပါတယ်။ ကိုယ့်အပေါ်မကောင်းခဲ့တဲ့လူတစ်ယောက်ကို စွန့်လွှတ်လိုက်ပါ။ ခပ်ကင်းကင်းနေပါ။ ဒါပေမယ့် စိတ်ထဲကနေ သူလုပ်ခဲ့သမျှကို ခွင့်လွှတ်ပေးကြည့်လိုက်ပါ။ အဲဒါက သင့်စိတ်ကို လွတ်လပ်စေပါတယ်။ ပေါ့ပါးစေပါတယ်။ ပြန်တွေ့တဲ့အခါ ဘာမှမဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်လို ပြုံးပြနိုင်အောင်ကြိုးစားကြည့်ပါ။

၄) ဘယ်သူ့ကို ထိခိုက်အောင်မလုပ်မိပါစေနဲ့။
ကိုယ့်ကြောင့် တစ်ယောက်ယောက်ကို ခံစားရအောင်၊ နာကျင်အောင်လုပ်မိတာမျိုးမဖြစ်ပါစေနဲ့။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ မထိခိုက်စေတဲ့စေတနာမျိုးထားပါ။ အဲဒါက သင်လည်းမခံစားရသလို အခြားလူလည်း မထိခိုက်တော့ပါဘူး။ အဲဒါက သင့်စိတ်ကို လွတ်လပ်စေမယ်၊ ပျော်ရွှင်စေမှာဖြစ်ပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ပါ။
ကိုယ့်ရဲ့ကိုယ်ကျန်းမာရေးကို ဂရုစိုက်မယ်၊ စိတ်ကျန်းမာရေးကို နားလည်မယ်၊ ကိုယ့်ကိုယ်ကိုယ်နားလည်အောင်နေထိုင်ပါ။ အဲဒါက သင့်ကိုယ်သင်နားလည်တဲ့အတွက် သင့်ကိုယ်သင် ကုစားနိုင်စေပါတယ်။ အဲဒီ့အခါ သင်စိတ်ချမ်းသာဖို့ ဘာလုပ်သင့်တယ်ဆိုတာ သင်နားလည်လာပါလိမ့်မယ်။ စိတ်ညစ်လို့ အရက်သောက်တာမျိုးကိုဆိုလိုတာမဟုတ်ဘဲ ကိုယ့်ကိုဘယ်အရာကစိတ်ဖိစီးစေသလဲ၊ စိတ်ဖိစီးစေတဲ့အရာကို ကိုယ်တိုင်သိနေတဲ့အခါ ထိုအရာကို ကိုယ်တိုင်ရှောင်နိုင်လာမယ်၊ ကိုယ့်ကျန်းမာရေးကိုထိခိုက်စေတာကိုသိတဲ့အခါ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ရှောင်နိုင်လာမယ်၊ ကိုယ့်တိုးတက်မှုအတွက် ကိုယ်ဘာလုပ်သင့်သလဲသိနေတဲ့အခါ ကိုယ့်အရည်အချင်းတိုးတက်ဖို့ ကိုယ်တိုင်ကြိုးစားဖို့တွေးလာမယ် စတဲ့အကြောင်းအရာတွေအပေါ်မှာပြောတာဖြစ်ပါတယ်။
ဒီအချက်တွေကတော့ သင့်ရဲ့စိတ်ကို အဓိကပျော်ရွှင်စေတဲ့အရာတွေပဲဖြစ်ပါတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးပါ။ ငွေနဲ့ပေးစရာမလိုဘဲ ထိုစိတ်ထားလေးအခြေခံထားမယ်လို့တွေးပြီး တကယ်လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် သင်စိတ်ကြည်လင်မှု၊ စိတ်ပျော်ရွှင်မှုကို ရနိုင်မှ သေချာပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။