အလင်းရှိနေသမျှတော့ အမှောင်လည်းရှိအုံးမှာပါပဲ။ ဘဝရှင်သန်နေသမျှတော့ အကောင်းကြုံသလို အဆိုးလည်းကြုံနိုင်သေးတာပါပဲ။ အဓိကကတော့ ဘာတွေကြုံကြုံအနိုင်ပြန်ယူနိုင်ဖို့ပါပဲ။
ဆရာတော်ကြီးတွေရဲ့ တရားသဘောအရပြောရရင်တော့ “ခန္ဓာရှိနေသမျှတော့ ဝေဒနာရှိမှာပဲ” ဆိုတဲ့ စကားလိုပါပဲ။ ဘဝမှာ ရှင်သန်နေသမျှတော့ အကောင်းကြုံသလို အဆိုးလည်း ကြုံနိုင်သေးတာပါပဲ။ အဆိုးကြုံနေပေမယ့်လည်း အချိန်တန်ကျော်ဖြတ်နိုင်ပြီး အကောင်းကြုံအောင်လည်း ကြိုးစားနိုင်သေးတာပါပဲနော်။
တကယ်တမ်းက အဆိုးတစ်ခုကြုံလာရင် ကိုယ့်စိတ်ကို တည်ငြိမ်အောင်ထားပြီး အထက်ကပြောသလို ဒီအဆိုးဆိုတဲ့ နံရံရဲ့အခြားတစ်ဘက်မှာ ဘာကောင်းခြင်းရှိမလဲလို့ မျှော်တွေးလိုက်သင့်ပါတယ်။ အဲဒီ့အခါ အစောကတွေးနေတဲ့အဆိုးတွေကို အာရုံစိုက်မှုနည်းပါးသွားပြီး ဒီအဆိုးကိုကျော်နိုင်ရင် “ဒါတွေရလာမှာပါလား၊ ကောင်းလိုက်တာ....ငါ့အတွက် ပိုကောင်းလာနိုင်တယ်” ဆိုတဲ့ ကောင်းခြင်းတွေကို မြင်လာနိုင်ပါတယ်။ လူဆိုတာက ကိုယ့်အတွက် ရနိုင်တဲ့ကောင်းခြင်းကိုမြင်လာတဲ့အခါ စိတ်အားထက်သန်လာကြတယ်မဟုတ်လား။ အဲဒီ့အတွက် အစောတွေးနေတဲ့အဆိုးကို ကျော်လွှားချင်စိတ်ဖြစ်လာတော့တာပါပဲ။ အဲဒါကြောင့် အဆိုးကြုံတဲ့အခါ “ဆိုးလိုက်တာ.....ဆိုးလိုက်တာ....ငါမလုပ်နိုင်ဘူး။ ငါကျော်လွှားနိုင်မှာမဟုတ်ဘူး” ဆိုတဲ့ negative thought တွေကို ကျော်လွန်အောင်ကြည့်ပြီး အဆိုးကိုကျော်နိုင်တဲ့အခါ ရလာမယ့် ရလဒ် ကောင်းကျိုးကို မျှော်ကြည့်လိုက်ပါ။ အဲဒီ့အခါ negative thought အစား positive thought တွေဝင်လာပြီးအဆိုးတွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပဲ ဆိုတဲ့ စိတ်အားထက်သန်မှုပြန်ရလာနိုင်ပါတယ်။
အတိုဆုံးနဲ့ ခပ်ရှင်းရှင်းပြောရရင် “ဒီအဆိုးမှာ ငါကျရှုံးပြီ” လို့တွေးမယ့်အစား “ဒီအဆိုးကို ငါကျော်လွှားနိုင်မယ်ဆိုရင် ငါ့အတွက် ဘာကောင်းကျိုးရမလဲ” ဆိုတာမျိုးပြောင်းတွေးဖို့ပါပဲ။
မနေ့ကလဲကျနေခဲ့ရင် ကိစ္စမရှိဘူး၊ ဒီနေ ပြန်ထနိုင်အောင် ကြိုးစားဖို့ပဲအရေးကြီးတာပါ။ လောကမှာ လူတိုင်းလဲကျဖူးတယ်ဆိုတာမမေ့ပါနဲ့။ ဒါပေမယ့် ပြန်ထနိုင်အောင် ကြိုးစားသူနဲ့ ပြန်မထဘဲ တကြိမ်တည်းနဲ့ အရှုံးပေးလိုက်သူချင်းသာ ကွာခြားသွားတာပါ။ အဆိုးတွေနဲ့ကြုံချိန်မှာ ဇာတ်မသိမ်းလိုက်ပါနဲ့။ အကောင်းတွေ၊ အောင်မြင်ခြင်းတွေ၊ ပျော်ရှင်ခြင်းတွေ ရရှိလာချိန်ကျမှသာ ဇာတ်သိမ်းလိုက်ပါ။ ဒါမှ ဘဝက ပျော်စရာကောင်းမှာပေါ့ ဟုတ်တယ်မဟုတ်လား။