တန်ဖိုးသိတဲ့လူနဲ့ တန်ဖိုးထားတတ်တဲ့လူအတွက် တန်ဖိုးရှိပါတယ်။

တန်ဖိုးထားမခံရခြင်းဆိုတဲ့ပြဿနာက ကျွန်တော်တို့ကြားမှာ ဖြစ်နေကျပြဿနာတစ်ခုပါပဲ။ တချို့ကျပြန်တော့ ဘယ်နေရာမှာမဆို ဘာပဲလုပ်လုပ်စေတနာနဲ့ တန်ဖိုးထားပြီး တလေးတစားလုပ်တတ်ကြပေမယ့်တချို့ကျပြန်တော့ သူတို့နဲ့တန်ဖိုးထားပုံခြင်းမတူတာကြောင့် တန်ဖိုးထားရကောင်းမှန်းမသိကြပြန်ပါဘူး။


ငွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို တန်ဖိုးထားတတ်သူတွေအတွက် ငွေကြေးချမ်းသာကြွယ်ဝသူနဲ့ ရုပ်ဝတ္ထုချမ်းသာကြွယ်ဝသူတွေကိုသာ တန်ဖိုးထား တလေးတစားဆက်ဆံမှာဖြစ်သလို ရုပ်ဝတ္ထုပစ္စည်းကို အာရုံထဲမထည့်ဘဲ ရိုးသားမှုနဲ့ကိုယ်ကျင့်သိက္ခာကိုတန်ဖိုးထားသူကြားမှာလည်း ရိုးသားစွာရပ်တည်နေထိုင်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကသာ တန်ဖိုးထားစရာဖြစ်နေမှာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်က နေထိုင်ကြီးပြင်းပုံချင်းမတူတာကြောင့်ရော၊ နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမတူတာကြောင့်ရော၊ ကိုယ်လက်ခံထားတဲ့ တန်ဖိုးထားပုံခြင်းမတူတာကြောင့်ရော တန်ဖိုးထားမှုတွေက မတူနိုင်ပါဘူး။ ခံယူချက်ခြင်းမတူသလို၊ တန်ဖိုးထားပုံခြင်းလည်း တူမှာမဟုတ်ပါဘူး။ အဲဒီ့အထိက ပြဿနာမဟုတ်သေးပါဘူး။

ဒါပေမယ့် တန်ဖိုးထားပုံခြင်းမတူတဲ့လူအချင်းချင်း ပတ်သက်ရတဲ့အခါမှာ အမြင်မတူကွဲပြားမှုတွေဖြစ်လာရသလို၊ တစ်ယောက်ရဲ့တန်ဖိုထားမှုကို တစ်ယောက်က တန်ဖိုးမထားတတ်တာမျိုး ဖြစ်လာပါတော့တယ်။ အဲဒီ့မှာ နှစ်ဦးနှစ်ဖက် အမြင်လည်းမတူ၊ တန်ဖိုးထားပုံလည်းမတူဘဲ စိတ်ဝမ်းကွဲစရာတွေဖြစ်လာနိုင်ပါတယ်။ comment တစ်ခုဖတ်လိုက်ရဖူးပါတယ်။ comment ရေးသူအမဟာ သူ့ရဲ့လက်ရှိအလုပ်မှာ သူ့ရဲ့စေတနာမေတ္တာတွေအကုန်လုံး ပုံအောပြီး အလုပ်ကို ၂ယောက်စာမက အပင်ပန်းခံကြိုးစားလုပ်ဆောင်ပေးပါတယ်တဲ့။ ဒါပေမယ့် အချိန်တန် သူဌေးလုပ်သူက သူမရဲ့ကြိုးစားအားထုတ်မှုကို အလေးမထား၊ တန်ဖိုးမထားဘဲ အသိအမှတ်မပြုခဲ့ပါဘူးတဲ့။ အဲဒီ့လိုအလုပ်မျိုးမှာ နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်ခဲ့ပေမယ့်လည်း သူမအတွက်တိုးတက်မှုမရှိခဲ့ပါဘူးတဲ့။ အဲဒီ့အခါ ဘာလုပ်သင့်ပါသလဲလို့ မေးခဲ့ဖူးပါတယ်။ ပြဿနာက တန်ဖိုးထားမှုခြင်းမတူတဲ့ပြဿနာပါပဲ။ တချို့သောလူတွေဟာ ငကန်းသေရင် ငစွေလာလိမ့်မယ်ဆိုတဲ့အယူဝါဒကို လက်ကိုင်ထားတတ်ကြပါတယ်။ အဲဒီ့လိုလူတွေအတွက် တန်ဖိုးထားမှုဆိုတာလည်း မရှိတဲ့အတွက် သေချာတလေးတစားနဲ့ဘယ်လောက်ပဲ တန်ဖိုးထားပေမယ့် တန်ဖိုးကိုသိမှာမဟုတ်ပါဘူး။ သူတို့သတ်မှတ်ထားတဲ့တန်ဖိုးက ငကန်းသေ ငစွေလာမယ်ဆိုတာပဲဖြစ်တာကြောင့်ပါ။ အဲဒါကြောင့် အဲဒီလိုလူတွေထံမှာလည်း ငကန်းနည်းတူ ၊ ငစွေတွေချည်း လာလိုက်ပြန်လိုက်ဖြစ်နေတော့တာပါပဲ။ တန်ဖိုးထားတတ်သူနည်းသွားတဲ့အခါ အောင်မြင်မှုကလည်း ထင်သလောက်မရတတ်တော့ပါဘူး။ အဲဒီလိုပါပဲ….ငကန်းသေ ငစွေလာမယ်ဆိုတဲ့ စိတ်မထားဘဲ တန်ဖိုးထားတတ်တဲ့လူနဲ့ တန်ဖိုးထားပြီးလုပ်ကိုင်ပေးသူခြင်းဆုံကြတဲ့အခါမှာတော့ ဘယ်နေရာမဆို ထင်ထားတာထက်ပိုပြီးအောင်မြင်တော့တာပါပဲ။

ပုံပြင်လေးတစ်ခုဖတ်ဖူးကြမှာပါ။ အဖေလုပ်သူကို သားဖြစ်သူက ဘဝရဲ့တန်ဖိုးဆိုတာ ဘယ်လိုသတ်မှတ်သလဲလို့မေးတဲ့အခါ အဖေက သားဖြစ်သူကို ကျောက်တုံးလေးတစ်တုံးပေးလိုက်ပါတယ်။ ထိုကျောက်တုံးကို ဈေးမှာသွားရောင်းခိုင်းတဲ့အခါ ဈေးအမျိုးမျိုးပေးကြတာပေါ့။ ထိုဈေးတွေကို သားဖြစ်သူက အဖေဖြစ်သူထံ အခေါက်ခေါက်အခါခါလာပြောပြပေမယ့် အဖေက ထိုကျောက်တုံးကိုမရောင်းခိုင်းခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ထိုကျောက်တုံးကို ရတနာဆိုင်တစ်ခုကို သွားပြတဲ့အခါမှာတော့ တန်ဖိုးမနည်းတဲ့ရှားပါးကျောက်တုံးဖြစ်နေတယ်ဆိုတာသိရပြီး သူ့အဖေဖြစ်သူကို အပြေးသွားပြောပါလေတော့သည်။ အဲဒီ့အခါကျမှ အဖေဖြစ်သူက ပြောပါတယ်။ ဘဝရဲ့တန်ဖိုးဆိုတာက တန်ဖိုးသိတဲ့လူရဲ့လက်ထဲမှာ တန်ဖိုးဖြတ်မရလောက်အောင် တန်ဖိုးရှိပြီး တန်ဖိုးမသိတဲ့လူရဲ့လက်ထဲမှာဆိုရင်တော့ တန်ဖိုးမရှိပါဘူးဆိုတာပါပဲ။ အဲဒီ့သဘောတရားပါပဲနော်။
သင်ကတန်ဖိုးရှိစွာနေထိုင်ကြိုးစားနေပေမယ့် တန်ဖိုးမသိတဲ့လူတွေအတွက်တော့ သင်က အပိုတွေလုပ်နေတာဖြစ်ပြီးတော့ တန်ဖိုးသိတဲ့လူရဲ့လက်ထဲမှာတော့ သင့်တန်ဖိုးကို သူတို့ကနားလည်ကြမှာပါ။ ဘယ်အလုပ်ကိုမဆိုလည်း တလေးတစားတန်ဖိုးထားပြီး စေတနာပါပါနဲ့လုပ်ကိုင်ချင်တဲ့စိတ်ကိုသာထားပါ။ သင့်ရဲ့ထိုစိတ်စေတနာ တန်ဖိုးကို နားမလည်တဲ့သူမျိုးနဲ့ကြုံလာတဲ့အခါမှာလည်း ပြတ်သားစွာ စွန့်ခွာဖို့ ဝန်မလေးပါနဲ့။ သင့်တန်ဖိုးကို သေချာနားလည်တဲ့သူကိုလည်း တလေးတစားတန်ဖိုးထားဆက်ဆံပါ။

ဘဝရဲ့ကဏ္ဍအသီးသီးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အက်မင်ရဲ့သူငယ်ချင်းတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကို အင်မတန်တန်ဖိုးထားပြီး ချစ်ရှာပါတယ်။ ထိုချစ်သူကို တန်ဖိုးထားလွန်းလို့ ကိုယ့်ရဲ့တန်ဖိုးထားပြီး၊ ကိုယ်ပိုင်ဆိုင်သမျှ အားလုံးကို ပုံအောပြီး တန်ဖိုးချင်းတန်းညှိုသလို အားလုံးပေးအပ်ခဲ့ပါတယ်။ ထိုချစ်သူက ဘယ်လောက်ပဲ သစ္စာဖောက်ပါစေ၊ သည်းခံ၊ ခွင့်လွှတ်ပေးတာအခါခါပါပဲ။ အကုန်လုံးက အတန်တန်တားတဲ့ကြားကနေ ထိုချစ်သူကို အထိမခံဘဲ မျက်လုံးစုံမှိတ်ခွင့်လွှတ်ကာ တန်ဖိုးထားမြဲ၊ ဆက်လက်ပြီး လက်တွဲထားမြဲပါပဲ။ ဒါပေမယ့် အဲဒီ့လို အချစ်စစ်ကို တန်ဖိုးထားတတ်တဲ့သူနဲ့ အချစ်စစ်ဆိုတာကို ခပ်လွယ်လွယ်သဘောထားတတ်သူချင်းက တန်ဖိုးထားမှုခြင်းမတူညီတဲ့အတွက် ဘယ်လိုမှ အဆင်ပြေတဲ့ချစ်သူတွေမဖြစ်နိုင်ပါဘူးနော်။ တဖက်က အမြဲအနိုင်ကျင့်နေတတ်သလို၊ တဖက်ကလည်း အမြဲအနိုင်ကျင့်ခံရတဲ့သူဖြစ်နေတော့တာပါပဲ။ အဲဒီ့အခါ အမြဲအနိုင်ကျင့်ခံနေရတဲ့သူအတွက် အမြဲနာကျင်ခံစားနေရမယ်မဟုတ်လား။ အဲဒီ့အတွက် တန်ဖိုးထားမှုမတူခြင်းကြောင့် တဖက်ကအမြဲနစ်နာရပါလိမ့်မယ်။ တန်ဖိုးထားပုံခြင်းမတူတဲ့အခါ ချိန်ခွင်လျှာလို တစ်ဖက်ကလေးပြီး တစ်ဖက်ကပေါ့နေတဲ့အတွက် မညီမျှနိုင်ပါဘူး။ အဲဒါကြောင့် နစ်နာသူကလည် ကိုယ်ဖြစ်နေရင် ကိုယ့်အတွက်မကောင်းသလို၊ နစ်နာသူဟာ တစ်ဖက်ကလူဖြစ်နေရင်လည်း တဖက်လူအတွက်မကောင်းနိုင်ပါဘူး။

တကယ်လို့များ ဘဝမှာ အဲဒီ့လိုလူမျိုးတွေနဲ့ ကြုံလာရမယ်ဆိုရင် ကိုယ့်တန်ဖိုးကို အပြည့်အဝနားမလည်သူတွေရဲ့လက်ထဲမှာ ကိုယ့်ဘဝကြီးတစ်ခုလုံးအလကားမကုန်ဆုံးသွားပါစေနဲ့။ သင့်တန်ဖိုးကို သိတဲ့လူတွေလက်ထဲမှာမှ သင်ကအဖိုးတန်မှာမို့ သင့်တန်ဖိုးကို နားလည်သူတွေကိုသာ ရှာဖွေပါ။ သင့်တန်ဖိုးကို နားလည်သူနဲ့တွေ့တဲ့အခါ ထိုလူကိုလည်း ပြန်ပြီး တန်ဖိုးထားပါ။
သင့်တန်ဖိုးကို နားမလည်သူကို စွန့်ခွာခြင်းဟာ သင့်အပြစ်မဟုတ်ပါဘူး။ သင်လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်းသာဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိမှသာ အချိန်လွန်တဲ့အခါ သင်ပဲနောင်တရရပါလိမ့်မယ်။
ဘဝဆိုတာ တိုတောင်းလွန်းတာမို့ သင့်တန်ဖိုးကိုမသိတဲ့လူတွေနဲ့ အချိန်ကုန်ဆုံးဖို့ရာ မတန်ပါဘူးနော်။ အဲဒါကြောင့် သင်လက်ရှိဖြစ်တည်မှုကို သင်ရောက်ရှိရှင်သန်နေတဲ့ပတ်ဝန်းကျင်က တန်ဖိုးထားရဲ့လား၊ သင့်တန်ဖိုးကိုရော သိရဲ့လား၊ သင်ကိုယ်တိုင်ကရော သင်အလုပ်နဲ့ပတ်သက်တာဖြစ်ဖြစ် ၊ လူမှုရေးမှာဖြစ်ဖြစ်၊ စီးပွားရေးမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် တလေးတစား တန်ဖိုးထားကြိုးစားနေတာသေချာရဲ့လား။ သင်ကိုယ်တိုင်က တကယ်တန်ဖိုးရှိအောင်နေထိုင်နေတာသာဖြစ်ပါစေ။ သင့်တန်ဖိုးကို လေးစားပြီး နားလည်သူ၊ တန်ဖိုးထားတတ်သူမျိုးကိုသာရှာပါ။ ထိုလူမျိုးကိုပြန်ပြီး တလေးတစားတန်ဖိုးထားပါ။ လူတိုင်းဟာ တန်ဖိုးတစ်ခုစီရှိပြီးသားပါ၊ တန်ဖိုးသိတဲ့လူနဲ့ တန်ဖိုးထားတတ်တဲ့လူအတွက်တော့ တန်ဖိုးရှိပြီးသားပါ။ ကိုယ့်တန်ဖိုးကို သိတဲ့သူဖြစ်ဖို့သာ အရေးကြီးပါတယ်လို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။