အခွင့်အလမ်းကိုထိုင်စောင့်နေတာမှန်ရဲ့လား
လူတစ်ချို့မြင်ဖူးပါတယ်။ ကိုယ့်လက်ထဲမှာ ဘာမှမရှိလို့ဆိုပြီး အကြံရှိပေမယ့် လက်ထဲကို အရင်းအနှီးရောက်လာတာထိုင်စောင့်နေတတ်တဲ့သူမျိုးပါ။ တစ်ချို့လူငယ်တွေလည်း မြင်ဖူးပါတယ်။ အလုပ်ကို ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်မရသေးလို့ဆိုပြီး ကိုယ်နဲ့ကိုက်တဲ့အလုပ်ကို စောင့်နေတတ်တာမျိုးပေါ့။ အဲလိုလူမျိုးကို အခွင့်အလမ်းကို ထိုင်စောင့်နေတဲ့သူလို့ခေါ်ပါတယ်။
ကိုယ်က Marketing ပိုင်းမှာတော်ချင်တယ်…..ရာထူးကောင်းကောင်းလိုချင်တယ်၊ ဝင်ငွေကောင်းကောင်းလိုချင်တယ်၊ ဆိုပြီး ဘာမှမတတ်ဘဲ ဘယ်သူကများ ဝင်ငွေကောင်းကောင်း၊ ရာထူးကောင်းကောင်းနဲ့ လာခေါ်မလဲဆိုပြီး ထိုင်စောင့်နေရတာမဟုတ်ပါဘူး။
လူတော်တော်များများက အခွင့်အလမ်းဆိုတာကို ကိုယ်ရနိုင်တာထက်သာတဲ့အခြေအနေတစ်ခုကို ကိုယ့်လက်ထဲအဆင်သင့်လာထည့်ပေးတာမျိုးလို့ ထင်မှတ်နေတတ်ကြပါတယ်။
တကယ်တော့ အခွင့်အလမ်းဆိုတာကို သင့်လက်ထဲဘယ်သူကမှ လာမထည့်ပေးပါဘူး။ ကိုယ်တိုင်က ၁၀၀နဲ့တန်ရင် ၁၀၀ပဲရနိုင်မှာပါ၊ ၁၀၀နဲ့တန်ပြီး ၁၀၀၀၊ ၁၀၀၀၀ လောက် ဘယ်သူများလာပေးပါ့မလဲလို့ ထိုင်စောင့်နေရင်တော့ ဘယ်တော့မှလည်း ပိုမြင့်တဲ့အခြေအနေတစ်ခုကို ရလာမှာမဟုတ်ပါဘူး။
ကိုယ်က ခုလက်ရှိ တစ်ရာနဲ့ပဲတန်လို့ တစ်ရာရနေပေမယ့် နောင်တစ်ချိန်မှာ တစ်ထောင်လောက်ရဖို့မျှော်လင့်ထားရင် တစ်ထောင်နဲ့တန်တဲ့အရည်အချင်းမျိုးဖြစ်နေအောင် ခုကတည်းက ကြိုတင်စဉ်းစားပြီး ကြိုးစားပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ခုကြိုးစားပြင်ဆင်နေခြင်းက ခုလက်ရှိအချိန်မှာ တန်ဖိုးမမြင့်လာသေးရင်တောင် သင့်အရည်အချင်းတွေထက်မြက်လာတဲ့အချိန်မှာတော့ သင့်နဲ့ထိုက်တန်တဲ့အခွင့်အလမ်းပေါ်လာမှာပါ။ ထိုအခွင့်အလမ်းနဲ့ သင့်ရဲ့အရည်အချင်းနဲ့ကိုက်ညီတယ်ဆိုရင် သင်က သေချာပြင်ဆင်ပြီး ထိုအခွင့်အလမ်းကို အမိအရဖမ်းဆုပ်ဖို့ပါပဲ။
ကိုယ်က လုပ်ငန်းခွင်မှာဆိုရင် ပရော်ဖက်ရှင်နယ်သင်တန်းတွေ ထပ်တက်ထားတာမျိုး၊ ခုလက်ရှိအလုပ်မှာ အဆင်မပြေပေမယ့် အတွေ့အကြုံယူနေရင်းနဲ့ သင်တန်းတွေထပ်တက်ထားတာမျိုးက နောက်ထပ် ကိုယ်နဲ့အဆင်ပြေတဲ့အလုပ်ရလာဖို့ ပိုသေချာပါတယ်။ ကိုယ်တကယ်စိတ်ပါဝင်စားပြီး တကယ်လုပ်ချင်စိတ်ရှိတဲ့နေရာတစ်ခုအတွက် ကိုယ်တိုင်က သေချာစီမံပြီး ကြိုးစားနေပါ။ အခွင့်အလမ်းဆိုတာက ဘယ်သူ့အတွက်ရယ်ဆိုပြီး ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ကိုယ်အတွက်ဖြစ်လာအောင် ကိုယ်က ကြိုးစားနေမှ ဖြစ်တာပါ။ ဘောလုံးသမားဆိုလည်း ပိုပြီးနာမည်ကြီးတဲ့အသင်းကမှ လာမခေါ်သေးတာမို့ ကိုယ်က နာမည်မကြီးသေးပါဘူး….လို့ ပြောလို့မရပါဘူး။ နာမည်ကြီးတဲ့အသင်းရောက်ချင်ရင် နာမည်ကြီးတဲ့အသင်းက လာခေါ်တာကို ထိုင်စောင့်နေလို့မရပါဘူး။ training တွေလုပ်၊ ပွဲတိုင်းမှာ လူကြိုက်များ၊ အရည်အချင်းရှိအောင်လုပ်၊ ကစားကွက်သာအောင်လုပ်မှ ကိုယ့်အသင်းမှာ နာမည်ရ၊ လူသိများလာမှသာ အခြားနာမည်ကြီးအသင်းကလည်း ကိုယ့်ကိုမျက်စိကျလာမှာပါ။ အဲလိုပါပဲ ဒီကုမ္ပဏီမှာတော့ လစာနည်းလို့ အခြားကုမ္ပဏီကြီးတစ်ခုက လစာကောင်းကောင်းပေးပြီး လာခေါ်စေချင်ရင် ဒီကုမ္ပဏီမှာတင် လစာနည်းတာများတာမတွက်နဲ့၊ ကိုယ့်skill တွေတက်လာအောင်လုပ်၊ သစ္စာရှိရှိ၊ ထက်ထက်မြက်မြက်နဲ့ ကြိုးစားနေမှ အခြားကုမ္ပဏီကြီးတစ်ခုခုက အလုပ်အခွင့်အရေးပေါ်လာတဲ့အခါ ကိုယ့်ရဲ့အရည်အချင်းကိုကြည့်ပြီး သဘောကျလက်ခံနိုင်မှာပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်လို့ပါ ဆိုပြီး ဘာမှမကြိုးစားဘဲ ငွေမရှိလို့ထိုင်စောင့်နေတဲ့သူမျိုးလက်ထဲ အရင်းအနှီးဆိုပြီး ငွေတစ်ထုပ်လောက်သွားပေးကြည့်ပါ၊ အောင်မြင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်လုပ်မယ့်လုပ်ငန်းကိုတောင် ဘာမှမလေ့လာမသင်ယူမစူးစမ်းထားဘဲ အရင်းအနှီးပေးလည်း သူမကျွမ်းကျင်တာကို အောင်မြင်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ အဲဒီ့တော့ ကိုယ်မှာရှိတာတွေ၊ မရှိတာတွေ ဘာမှတွေးမနေဘဲ ကိုယ့်စွမ်းရည်တွေထက်မြက်အောင် ကြိုးစားနေပါ။ စွမ်းရည်တွေထက်မြက်လာတဲ့နောက်မှာတော့ တဖြေးဖြေးအခွင့်အလမ်းက ကိုယ်နဲ့လက်တစ်ကမ်းကိုရောက်လာပါလိမ့်မယ်လို့။
အဲဒါကြောင့် အခွင့်အလမ်းဆိုတာ ကိုယ်က ထိုင်စောင့်ပြီး ကိုယ်ထက်သာတဲ့အခြေအနေတွေကို ကိုယ့်လက်ထဲ သက်သက်သာသာနဲ့ရလာတာမျိုးမဟုတ်ပါဘူး။ ကိုယ်ကိုကိုယ်အခွင့်အလမ်းနဲ့တန်တဲ့သူဖြစ်အောင် ကြိုးစားမှ အခွင့်အလမ်းက ကိုယ့်အတွက်ဖြစ်လာတာပါ။ ကိုယ်က ထိုင်စောင့်နေသမျှတော့ အခွင့်အလမ်းဆိုတာ ရလာမှာမဟုတ်ပါဘူး။ ကိုယ်တိုင်အရည်အချင်းနဲ့ထက်မြက်အောင်လုပ်ရင်း ကိုယ့်အတွက်အခွင့်အလမ်းကိုဖန်တီးယူပါလို့တိုက်တွန်းလိုက်ပါတယ်။ #BAWA101