Lonely နဲ့ freedom

တစ်ယောက်တည်းဖြစ်နေတယ်လို့ခံစားရတဲ့အခါ တနည်းအားဖြင့်တော့ အထီးကျန်တယ်လို့ခေါ်တတ်ကြပါတယ်။ အထီးကျန်တယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာအရ ဘယ်သူကမှ ကိုယ့်ကိုနားလည်မပေးနိုင်ခြင်း၊ အားပေးဖေးမမယ့်သူမရှိခြင်း၊ ကိုယ့်ခံစားချက်ကို မျှဝေနားထောင်ပေးမယ့်သူမျိုးမရှိခြင်းရယ်လို့ သတ်မှတ်ပြီး ကိုယ်ဒုက္ခ၊ စိတ်သောကရောက်ချိန်မှာ ကိုယ့်ဘေးမှာ အားပေးဖော်ဘယ်သူမှမရှိပါလား…ရယ်လို့ တွေးပြီး အထီးကျန်နေတတ်တာမျိုးလည်း ပါဝင်သလို၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း ကိုယ့်ဘေးမှာ ဘယ်သူကမှ မရှိနေဘဲ ကိုယ့်ကိုစွန့်ခွာသွားကြခြင်း၊ ဒါမှမဟုတ် ကိုယ်နဲ့စိတ်တူကိုယ်တူဘယ်သူမှ ကိုယ့်ဘေးမှာမရှိခြင်းလည်း ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် အထီးကျန်ခြင်းကို ခံစားရတဲ့အခါ ခံစားရသူက အပြင်ပန်းမှာ ငြိမ်ချင်နေငြိမ်နေနိုင်ပေမယ့် တကယ့်အတွင်းစိတ်ထဲမှာတော့ အထီးကျန်ခြင်းရဲ့ဝေဒနာကို နက်နက်ရှိုင်းရှိုင်းခံစားပြီး ဝမ်းနည်းအားငယ်စိတ်လေးဖြစ်ပေါ်နေတတ်ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။


တချို့ကျပြန်တော့ တစ်ယောက်တည်းဖြစ်နေပြီး အနားမှာဘယ်သူမှ မရှိပေမယ့် ပျော်နေတဲ့သူမျိုးမြင်ဖူးကြမယ်ထင်ပါတယ်။ ထိုသူတွေကျပြန်တော့ သူတို့ရဲ့အတွင်းစိတ်ထဲမှာကိုက သူတို့ကိုယ်သူတို့ “အထီးကျန်လွန်းလှပါလား…..၊ ငါ့အနားမှာဘယ်သူမှမရှိပါလား….” ရယ်လို့ မတွေးမိတဲ့သူတွေပဲဖြစ်ပါတယ်။
ထိုလူမျိုးကို သတိထားကြည့်လိုက်မယ်ဆိုရင် အမြဲတစေ သူတစ်ယောက်တည်းဖြစ်နေတာကို ခံစားဖို့တောင်မအားလောက်အောင် သူစိတ်ပါဝင်စားတာလေးတွေလုပ်နေတတ်တာမျိုး ဒါမှမဟုတ်ရင်လည်း စားဝတ်နေရေးအတွက် အလုပ်တခုခုကို လက်နဲ့မပြတ်အောင် လုပ်နေတတ်တာမျိုး တခုခုကို ထုဆစ်ပုံဖော်နေတာမျိုး တွေ့ရတတ်ပါတယ်။ သူတို့ရဲ့ မသိမသာစိတ်အားငယ်နိုင်တဲ့ အထီးကျန်နေပါလား…..ရယ်လို့ တွေးမိတော့မယ့်စိတ်ကို သူတို့က အနားမပေးဘဲ သူတို့လုပ်နိင်တာလေးတွေ ဒါမှမဟုတ်ရင်လည်း သူတို့အသက်မွေးကျောင်းအလုပ်တွေ၊ တာဝန်တခုခုကို လုပ်နေလိုက်တာပဲဖြစ်ပါတယ်။ အဲဒီ့အခါ နဂိုက အထီးကျန်လိုက်တာ….ဆိုတဲ့ အားငယ်တော့မယ့်စိတ်အခံလေးက ကိုယ်လုပ်နေတဲ့အလုပ်တွေမှာ အာရုံထည့်လိုက်ရတဲ့အခါ အားငယ့်မယ့်စိတ်ကို အာရုံမထားနိုင်တော့ပါဘူး။

အဲဒါကြောင့် အဓိကက စိတ်ပါပဲ။ ကိုယ့်ကိုကိုယ်အထီးကျန်လှချည်လို့ ထင်နေတတ်သူတွေမှာ များသောအားဖြင့် ကိုယ်စိတ်ပါဝင်စားရာတခုခုကို မလုပ်နေတဲ့သူမျိုးတွေမှာ အဖြစ်များပါတယ်။ တကယ်တော့ အထီးကျန်ခြင်းက ယူတတ်ရင် လွတ်လပ်ခြင်းဆိုတဲ့စိတ်ပါ တွဲပါနေတတ်တာပါ။ အဲဒီ့လျှို့ဝှက်ချက်ကို နားလည်တဲ့သူဟာ အထီးကျန်နေတယ်လို့ထင်ရပေမယ့် ပျော်နေတတ်သူတွေဖြစ်လာပါတယ်။
သင့်ကိုသင် စိတ်ပိုင်းဆိုင်ရာအားဖြင့်ကော ၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့်ကော အထီးကျန်နေတယ်လို့ခံစားရတဲ့အခါ အဲဒီ့ခံစားချက်နွံ့ထဲမှာပဲ အနစ်မခံနေဖို့ ကိုယ့်ကိုကိုယ်သတိပေးပါ။ ကိုယ့်စိတ်ကို အခြားတစ်ခုခုကို အာရုံပေးလိုက်ပါ။ ကိုယ်ချစ်တဲ့အရာလေးတွေလုပ်နေပါ။ ကိုယ်ဖန်တီးချင်တာလေးတွေဖန်တီးပါ။ ကိုယ့်ရဲ့စားဝတ်နေရေးအရ အလုပ်တခုခုကို မဖြစ်မနေလုပ်ရမယ်ဆိုရင်လည်း ထိုအလုပ်ထဲမှာ အပြည့်အဝအာရုံစိုက်လိုက်ပါ။ အထီးကျန်တယ်လို့ခံစားရခြင်းကို အာရုံပြောင်းလိုက်တဲ့အခါ လွတ်လပ်ခြင်းကတွဲလျက်ပါလာနိုင်ပါတယ်။ lonely လို့တွေးရင် lonely ဖြစ်နေတာကိုပဲခံစားနေရမှာဖြစ်ပြီး lonely ဖြစ်နေချိန်မှာ ကိုယ်တစ်ယောက်တည်းကိုယ်ကြိုက်တဲ့အရာလေးတွေ၊ ကိုယ့်စိတ်ကို အာရုံပြောင်းစေမယ့်ကောင်းသောအရာလေးတွေကို အာရုံပြောင်းလိုက်ခြင်းက lonely ဖြစ်ပေမယ့် freedom ဆိုတဲ့လွတ်လပ်မှုလေးပါတွဲပါလာပြီး နေပျော်လာစေနိုင်ပါတယ်။

ကိုယ့်ဘေးမှာဘယ်သူမှမရှိနေခြင်းက ကိုယ့်ဖန်တီးချင်တာလေးတွေကို အကောင်းဆုံးဖန်တီးနိုင်တာပေါ့လို့ ပြောင်းလိုက်ပါ။ ကိုယ့်ကို နားလည်တဲ့သူတစ်ယောက်မှမရှိနေခြင်းက လူအမျိုးမျိုးစိတ်အထွေထွေမို့ လူတစ်ဦးနဲ့တစ်ဦး စိတ်ချင်းဘယ်လိုထပ်တူကျနိုင်ပါ့မလဲ….ကွာဟချက်လေးတွေတော့ ရှိမှာပေါ့လို့ ပြောင်းလိုက်ပါ။ ကမ္ဘာလောကကြီးမှာ တခါတလေ ကိုယ်တစ်ယောက်တည်းဖြစ်နေခြင်းက ကျေးဇူးတင်စရာတောင် ကောင်းပါသေးရဲ့။ ကိုယ်လုပ်ချင်တာလေးတွေကို ဘယ်သူကိုမှ ငဲ့ညှာနေစရာမလိုဘဲ လုပ်နေနိုင်ပါတယ်။ ကိုယ်ဖန်တီးချင်တာလေးတွေကို ကိုယ်တစ်ဦးတည်း ဆိတ်ငြိမ်စွာနဲ့ အနှောင့်အယှက်ကင်းကင်းဖန်တီးနိုင်ပါသေးတယ်။ ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်ကားလေးတွေကို ဘယ်သူနဲ့မှ ပြိုင်မငြင်း၊ ပြိုင်လုစရာမလိုဘဲ အေးဆေးကြည့်နိုင်ပါသေးတယ်။ ကော်ဖီတစ်ခွက်နဲ့ ကိုယ်အရမ်းဖတ်ချင်တဲ့စာအုပ်ကို ဝတ္တရားတွေနည်းပါးစွာနဲ့ စိတ်ဝင်တစားဖတ်နိုင်သေးတယ်။ ကိုယ် မဖြစ်မနေ လုပ်စရာရှိတာတွေကို လုပ်ပြီးတာနဲ့ ကိုယ်ဖြစ်ချင်တာလေးတွေ ပုံဖော်ခွင့်ရနိုင်တာ lonely ဖြစ်နေလို့ပေါ့။ အဲဒါကြောင့် အထီးကျန်ခြင်းမှာ လွတ်လပ်မှုတွေရှိပါတယ်။ အဲဒါကိုသာ တွေ့အောင်ရှာကြည့်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။