အဆိုးဆုံးကိုကြိုတွေးပြီး အကောင်းဆုံးကို အစွမ်းကုန် ပြင်ဆင်ထားခြင်းက သင့်အတွက် အနိုင်ရဖို့သေချာစေပါတယ်။

“အဆိုးဆုံးကို ကြိုတွေးပြီး အကောင်းဆုံးကိုပြင်ဆင်ထားပါ” ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ လူတစ်ချို့ကတော့ အဆိုးဆုံးကို ကြိုတွေးပြီး တဖွဖွပြောနေတတ်တာမျိုးကို မကြိုက်တတ်ကြပါဘူး။ နမိတ်မရှိဘူးလို့လည်း ယူဆတတ်ကြပါသေးတယ်။ တကယ်တော့ ဒီစကားပုံက အမြဲတမ်းအဆိုးတွေကိုချည်းတွေးနေခိုင်းတာမဟုတ်ပါဘူး။ အဆိုးတွေကြားထဲမှာပဲ အတွေးပေါင်းစုံနဲ့ ပိတ်မိနေပြီး အဆိုးကို တသသ ခံစားရင်း Drama ချိုးပြီး အချိန်ပြည့်ဝမ်းနည်းနေခိုင်းတာမျိုးလည်း မဟုတ်ပါဘူးနော်။ ဘယ်လိုနေရာမှာမဆို အစွန်းရောက်တာကတော့ မကောင်းနိုင်ပါဘူး။ ဒုက္ခမလာခင် ဒုက္ခကို ကြိုမြင်ယောင်ပြီး ထိုင်ပူဆွေးနေခိုင်းတာမျိုးမဟုတ်ပါဘူးနော်။


တကယ်တော့ “အဆိုးဆုံးကို ကြိုတွေးပြီး အကောင်းဆုံးကိုပြင်ဆင်ထားပါ” ဆိုတဲ့စကားက သင့်ဘဝမှာ အခက်အခဲတစ်ခုခုနဲ့ ရင်ဆိုင်ရတာမျိုး၊ အကြပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်လာရတဲ့အခါမျိုးမှာ အဆုံးသတ်မှာဖြစ်လာနိုင်တဲ့ အကျိုးဆက် ဆိုးကျိုးကို ကြိုတွေးပြီး အဲဒီမြင်ယောင်ထားတဲ့အဆိုးတွေကို ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားစေချင်တာပဲဖြစ်ပါတယ်။ အဆိုးတွေကိုသာတွေးနေပြီး ကြောက်လန့်ပူပန်သောကရောက်နေလို့ ဘာမှဖြစ်မလာမှာ မဟုတ်ဘဲ ဖြစ်လာနိုင်တဲ့အခြေအနေကို မှန်းဆပြီး အဲဒီ့လိုအဆိုးမဖြစ်အောင် ဘယ်လိုအတတ်နိုင်ဆုံးပြင်ဆင်မလဲလို့ ကြိုတွေးပြင်ဆင်စေချင်တာပါ။ ဥပမာ။ သင်က သင့်ရဲ့ စားဝတ်နေရေးအတွက် ပင်လယ်ထဲ ငါးဖမ်းထွက်ရမယ်ဆိုပါစို့။ “ငါကတော့ မသေနိုင်သေးပါဘူးကွာ” ဆိုပြီး ဘာမှ ပြင်ဆင်မှုမရှိဘဲ ငါးဖမ်းရုံသက်သက် ပင်လယ်ထဲထွက်မယ်ဆိုရင် မုန်တိုင်းနဲ့တိုးတဲ့အခါ သင်ပဲဒုက္ခရောက်ရမှာပါ။ အဲဒါကြောင့် ပင်လယ်ထဲငါးဖမ်းမထွက်ခင်ကတည်းက “ တကယ်လို့များ ပင်လယ်မှာ မုန်တိုင်းနဲ့ရင်ဆိုင်ခဲ့ရမယ်ဆိုရင် ငါဘာတွေ ကြိုတင်ပြင်ဆင်ထားမလဲ” လို့တွေးပြီး အကောင်းဆုံးပြင်ဆင်ထားပြီးမှ ပင်လယ်ထဲထွက်မယ်ဆိုရင် သင်တကယ်မုန်တိုင်းနဲ့တိုးခဲ့သည်ရှိသော် သင့်အတွက် သင်ပြင်ဆင်ထားတဲ့အတွက်ကြောင့် မုန်တိုင်းကြားကနေ သင်လွတ်အောင် လမ်းစတစ်ခုတော့ ရနိုင်မှာပါ။ အဲဒီ့သဘောတရားပါပဲ။
အခုလက်ရှိကာလရဲ့အခြေအနေတစ်ခုနဲ့ နှိုင်းယှဥ်ပြရမယ်ဆိုရင်တော့ အနီးစပ်ဆုံးဥပမာက Covid19 ရောဂါပါပဲ။ ကပ်ရောဂါကိုကြောက်လို့ အပြင်မထွက်ဘဲ အိမ်ထဲမှာချည်းနေခဲ့ကြပြီးပါပြီ။ ဒါပေမယ့် မဖြစ်မနေ စားဝတ်နေရေးအတွက် လိုအပ်လာတဲ့အခါ အပြင်ကိုထွက်ကိုထွက်ရမယ့်အခါ အဆိုးဆုံးကို ကြိုတွေးပြီး ပြင်ဆင်သွားရပါလိမ့်မယ်။ “အချိန်တန်သေမျိုးချည်းပဲမို့ ဘာမှမကာကွယ်ဘဲ အပြင်ထွက်မယ်၊ သေချိန်တန်သေမှာပဲ” လို့ တွေးပြီး ဘာမှမကာကွယ်ဘဲ အပြင်ထွက်တဲ့အခါ အရင်ဆုံးကိုယ့်ကိုထိခိုက်လာတဲ့အခါ ကိုယ့်ရဲ့အလုပ်အကိုင်ပျက်မယ်၊ ကျန်းမာရေးထိခိုက်မယ်၊ ရည်မှန်းထားတာတွေပျက်မယ်၊ စိတ်သွားတိုင်းကိုယ်ပါနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒါအပြင် ကိုယ့်ကြောင့် ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေအများကြီး တသီတန်းကြီးကို ထိခိုက်သွားနိုင်ပါတယ်။ ကိုယ်ကတော့ ကိုယ်ခံအားကောင်းလို့ ဘာမှမဖြစ်နိုင်ဘူးဆိုရင်တောင် ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်က ရောဂါအခံရှိသူတွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်ဆိုတာကို ကြိုတွေးသင့်ပါတယ်။
အဲဒါကြောင့် “ ကိုယ်တိုင်ကတော့ ဘာမဖြစ်ဘူးဆိုရင်‌တောင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်မိသားစုက ကိုယ်မသိနိုင်တဲ့ ကိုယ်ခံအားနည်းသူတွေနဲ့ရောဂါအခံရှိသူတွေအတွက် ငဲ့ညှာတွေးတောပြီး ပြင်ဆင်မှုလုပ်ပြီး စည်းကမ်းချက်တွေကိုလိုက်နာပြီး ကိုယ့်တစ်ကိုယ်စာ သေချာပြင်ဆင်မှုပြုပြီးမှ အပြင်ထွက်သင့်ပါတယ်။ ဒါက အဆိုးဆုံးကိုကြိုတွေးပြီးပြင်ဆင်ထားတာပါပဲ။ ကိုယ့်ဘက်က New Normal စတိုင်လ်အသစ်နဲ့ အပြည့်အဝကာကွယ်တဲ့ကြားက ကူးစက်ခဲ့ရင်တောင် ကိုယ့်မှာ ရောဂါကူးစက်ခဲ့သည်ရှိသော်.....ဘာလုပ်မလဲ။ ဆိုတာမျိုးကိုပါ ကြိုတွေးပြီး “ရောဂါကူးစက်ခံရရင် နိုင်အောင် ပြန်တိုက်မယ်၊ ကိုယ်ခံအားကောင်းအောင်နေထိုင်မယ်၊ အရှုံးမပေးဘူးပြင်ဆင်မှု” ဆိုတဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအပြင် အိပ်ရေးဝဝအိပ်မယ်၊ ကိုယ်ခံအားကောင်းမယ့်အစားတွေစားမယ်၊ ဆိုတဲ့ ရုပ်ပိုင်ဆိုင်ရာပြင်ဆင်မှုပါ ရှိထားရမှာဖြစ်ပါတယ်။ အဲဒါကို အဆိုးဆုံးကြိုတွေးပြီး ကိုယ့်ဘက်က အကောင်းဆုံးနဲ့ အစွမ်းကုန်ပြင်ဆင်ထားတာလို့ ပြောချင်တာဖြစ်ပါတယ်။
ဘဝရဲ့ဘယ်လိုအခြေအနေမျိုးမှာ မဆို ကိုယ့်ကြုံလာရတဲ့အခက်အခဲတွေမှာ ဖြစ်လာနိုင်ချေရှိတဲ့အဆိုးဆုံးအခြေအနေကို ကြိုတွေးပြီး ကိုယ့်ဘက်က ထိုအခြေအနေတွေအတွက် ဘယ်လိုအကောင်းဆုံးရင်ဆိုင်မလဲဆိုတဲ့အတွေးမျိုးတွေးထားဖို့ လိုတယ်ဆိုတာကို Covid19 က မျက်ဝါးထင်ထင် သင်ခန်းစာပေးသွားတာပါပဲ။ သေချာတာကတော့ Covid19 မှမဟုတ်ပါဘူး။ ဘဝရဲ့ဘယ်လိုအခက်အခဲ၊ ဘယ်လိုဒုက္ခတွေပဲကြုံကြုံ အဆိုးဆုံးကို ကြိုတွေးပြီး ထိုအဆိုးကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ရာ အစွမ်းကုန်ကြိုတင်ပြင်ဆင်ထားခြင်းဟာ ဘယ်နေရာမှာမဆို အောင်မြင်နိုင်ဖို့တော့ သေချာသလောက်ပါပဲလို့ တွေးမိသလောက်ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။