ဘဝမှာလိုအပ်တဲ့အရာများ
ကျွန်တော်တို့ အားလုံးသိပြီးတဲ့အတိုင်းပါပဲ….ဘဝဆိုတာ တိုက်ပွဲတစ်ခုပါ။ အချိန်တိုင်း တစ်ခုခုကို အနိုင်ရဖို့ ရင်ဆိုင်တိုက်ပွဲဝင်နေရတာပဲမဟုတ်လား။ ကျွန်တော်တို့မွေးကင်းစ အရွယ်တုန်းကကျတော့ စကားပြောတတ်ဖို့ကြိုးစားရတယ်၊ လမ်းလျှောက်တတ်ဖို့ကြိုးစားရတယ်၊ မူလတန်းစတက်ပြန်တော့ ဝလုံးရေးဖို့ ကြိုးစားရပြန်တယ်၊ အဲဒီလိုနဲ့ အထက်တန်းအောင်ဖို့၊ အလုပ်တွေရဖို့၊ သင်တန်းမှာ စာမေးပွဲအောင်ဖို့ ၊ အလုပ်ခွင်မှာ နေရာတစ်ခုရဖို့၊ စသဖြင့် အူဝဲလို့ စအော်ပြီးမွေးလာကတည်းက တခုခုအတွက် အမြဲလိုကြိုးစားရုန်းကန်နေရတာပါပဲ။ အဲဒီ့အခါမှာ ကျွန်တော်တို့တွေရဲ့ ဘဝတစ်လျှောက်လုံးမှာ ကောင်းမွန်စွာရှင်သန်တတ်ဖို့ လိုအပ်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာတွေက အရေးမကြီးဘူးလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ငွေနဲ့တောင် လဲပြီးမဝယ်နိုင်ဘဲ အခြားသူတွေဆီကနေလည်း တဆင့်မရနိုင်ဘဲ ကျွန်တော်တို့ကိုယ်တိုင်မွေးမြူကျင့်ကြံရမယ့်အရာတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ လူကောင်းတစ်ယောက်အဖြစ် ရှင်သန်နိုင်ဖို့ တကယ်တမ်းလိုအပ်တဲ့အရာတွေက ဘာတွေဖြစ်မလဲဖတ်ကြည့်လိုက်ပါအုံးနော်။
ဘဝက အမြဲလို တခုခုအတွက် ရင်ဆိုင်ရုန်းကန်နေရတာဖြစ်တဲ့အတွက် အဓိက လိုအပ်တာကတော့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းက သင့်ဘဝအတွက် အများကြီးတာသွားပါတယ်။ ဘဝမှာ ပျော်စရာတွေကြုံလာမယ်၊ ငိုစရာတွေလည်း ကြုံရမယ်၊ စိတ်ညစ်စရာတွေလည်း ရမယ်၊ စိတ်ဓာတ်ကျစရာတွေလည်း ရမယ်၊ အခက်အခဲဆိုတာလည်း တစ်ခုပြီး နောက်တစ်ခုက အချိန်လေးပဲခြားပြီး ရောက်ရောက်လာမယ် စတာတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်မှ ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လိုလားတာတွေ၊ ကိုယ်ဆန္ဒရှိတာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ့အတွက် စိတ်ဓာတ်ကြံ့ခိုင်ခြင်းက အဓိက လိုအပ်ချက်ပါပဲ။
၂) ကိုယ်ကျင့်တရားစောင့်ထိန်းမှုရှိဖို့
လူရယ်လို့ဖြစ်လာရင် ကိုယ်ကျင့်တရားကို စည်းတစ်ခုလို ခိုင်မာအောင် ထိန်းသင့်ပါတယ်။ ကိုယ်ကျင့်တရားပျက်ပြားခြင်းဟာ အရာအားလုံးဆုံးရှုံးခြင်းပါပဲ။ “When Wealth is lost, Nothing is lost” ဥစ္စာဓန ဆုံးရှုံးခြင်းက ဘာမှမဆုံးရှုံးပါဘူး ၊ ပစ္စည်းဥစ္စာဆိုတာ အချိန်ရှိသေးသရွေ့၊ အသက်ရှိသေးသရွေ့ပြန်ရှာနိုင်ပါတယ်။ “When Health is Lost, Something is lost” ကျန်းမာရေးဆုံးရှုံးပြီဆိုလျှင် တစ်စုံတစ်ရာဆုံးရှုံးခြင်းပါပဲ။ မကျန်းမာတဲ့အခါ ကိုယ်စိတ်ရှိတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။
“When Character is Lost, Everything is Lost” ကိုယ်ကျင့်တရားဆုံးရှုံးပြီဆိုရင်တော့ ကုန်းကောက်စရာမရှိတော့အောင် အရာအားလုံးဆုံးရှုံးသွားခြင်းပါပဲလို့ ရှေးစကားရှိခဲ့ပါတယ်။ ထိုစကားကအမှန်ပါပဲ။ ကိုယ်ကျင့်တရားစောင့်ထိန်းခြင်းမရှိတဲ့သူကို ဘယ်သူကမှ ယုံကြည်နိုင်မှာမဟုတ်သလို၊ ဘယ်သူကမှအပေါင်းအသင်းဖြစ်ချင်မှာလည်း မဟုတ်ပါဘူး။ မိမိဘဝမှာလည်း အချောင်ရတာကိုသာ လိုချင်စိတ်ဖြစ်ပြီး တစ်ခါစားသာကြံတော့မှာပါ။ အဲဒီလိုလူမျိုးက ပစ္စည်းဥစ္စာငွေကြေးပြည့်စုံနေလည်း ခဏတာပါပဲ။ ဘဝမှာ ရှင်သန်တုန်းအချိန်လေးမှာ ဘဝတစ်လျှောက်လုံး ကိုယ်ကျင့်တရားထိန်းသိမ်းပြီး တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ်ရှင်သန်နိုင်ခြင်းက တခဏရှင်သန်ရတဲ့လူ့ဘဝကို တန်ဖိုးရှိစွာရှင်သန်ခြင်းပါပဲ။
၃) အမှန်တရားကိုတန်ဖိုးထားတတ်ဖို့
နောက်တစ်ခုကတော့ အမှန်တရားကိုတန်ဖိုးထားဖို့ပါ။ အမှန်တရားဆိုတာ စာအုပ်တွေထဲမှာပဲ ရှိတယ်လို့ ထင်နေကြတဲ့ခေတ်ကြီးထဲမှာ ကိုယ်ကတော့ အမှန်တရားကို တန်ဖိုးထားသူအဖြစ်ရှင်သန်ပါ။ အဲဒါက ဘဝအတွက်လိုအပ်တဲ့အရာပါပဲ။ အမှန်တရားသမားတွေ နေဝင်ချိန်ရောက်နေတဲ့အချိန်မှာ ကိုယ်က အမှန်တရားကိုတန်ဖိုးထားသူအဖြစ်ရှင်သန်ခြင်းက ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်လိုပါပဲ။ ကိုယ်တိုင်အမှန်တရားကိုတန်ဖိုးထားတတ်တဲ့အခါ အမှန်တရားဘက်ကရပ်တည်သူတွေအတွက် အားဖြစ်စေပါတယ်။ လောကမှာ အမှန်တရားကိုတန်ဖိုးထားတဲ့သူတွေ ပြန်လည်များပြားလာဖို့လိုပါတယ်။
၄) တင်းတိမ်ရောင့်ရဲတတ်ဖို့
ကိုယ့်ကိုကိုယ်တင်းတိမ်ရောင့်ရဲတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ မတင်းတိမ်မရောင့်ရဲနိုင်ခြင်းက လောဘကိုဖြစ်ပေါ်စေပါတယ်။ လောဘဖြစ်ပေါ်လာတဲ့အခါ တရားသောနည်းလမ်းနဲ့ဖြစ်စေ၊ မတရားသောနည်းလမ်းနဲ့ဖြစ်စေ ကိုယ်လိုချင်တာရဖို့သာ အာရုံစိုက်တော့မှာပါ။ အဲဒီ့အခါ အခြားသူများကို ထိခိုက်စေခြင်း၊ နစ်နာစေခြင်း၊ ဘယ်သူတေတေ ငတေမာရင်ပြီးရော….ဆိုတဲ့စိတ်ဓာတ်ဖြစ်လာပါတယ်။ ကိုယ်ကျင့်တရားလည်းဖောက်ဖျက်ဖို့ဝန်မလေးတော့သလို အမှန်တရားဆိုတာလည်း ခေါင်းထဲမထည့်တော့ပါဘူး။ အဲဒါကြောင့် လူ့ဘဝမှာ ရှင်သန်နေုထိုင်တဲ့အခါ ကိုယ့်မှာရထားတာလေးတွေ၊ ရှိပြီးသားအရာလေးတွေနဲ့လည်း တင်းတိမ်တတ်ဖို့လိုပါသေးတယ်။ အဲဒါက ကိုယ်မရနိုင်တာကို မလိုချင်တဲ့အတွက် ကိုယ့်ကိုကိုယ်လည်း ပျော်ရွှင်စေနိုင်ပါတယ်။
၅) ကြင်နာစိတ်ထားတတ်ဖို့
အကြင်နာတရားရှိဖို့လည်း ဘဝမှာလိုအပ်ပါတယ်။ ရခဲ့လှတဲ့လူ့ဘဝမှာ လူတိုင်းကို အကြင်နာတရားနဲ့ဆက်ဆံတတ်ခြင်းက လူပီသစေပါတယ်။ လူသားခြင်းစာနာတတ်တဲ့စိတ်က ဘဝတွေကို ပိုပြီး လှစေနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီတတ်ခြင်း၊ အကြင်နာတရားနဲ့ဆက်ဆံတတ်ခြင်းက အခက်အခဲတွေကြားထဲက တစ်ယောက်ကိုတစ်ယောက်အကူပေးလိုစိတ်ဖြစ်ပေါ်စေလို့ ကိုယ့်မှာရှိထားတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်အတွက်အကျိုးရှိသလို၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေမှာရှိရင်လည်း ကိုယ်အရေးကြုံလာတဲ့အချိန် အကူအညီဖြစ်စေမှာပါ။
၆) ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်ရှိဖို့
နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်ရှိဖို့ပါပဲ။ ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်ရှိခြင်းက ကိုယ့်ကိုကိုယ်လက်ခံနိုင်ခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကိုယ့်ကိုကိုယ်လက်ခံနိုင်တယ်ဆိုတာက ကိုယ့်မှာရှိထားတာလေးတွေကို လက်ခံနိုင်တာပါ။ ဥပမာ။ ကိုယ်ကအသားမည်းတယ်….ကိုယ့်ကိုကိုယ်လက်ခံတယ်၊ အသားလည်း ဖြူလာအောင်မကြိုးစားဘူး၊ အသားဖြူတဲ့လူတွေကိုလည်း အားမကျဘူး၊ အသားဖြူတာ သူတို့ရဲ့ပိုင်ဆိုင်မှု၊ အသားမည်းတာ ကိုယ့်ပိုင်ဆိုင်မှုလို့လက်ခံထားတယ်ဆိုရင် ကိုယ်မရနိုင်တာကို အသည်းအသန်လိုချင်စိတ်မရှိတော့ဘူး။ အဲဒီ့အခါ စိတ်မညစ်ရတော့ဘူး။ ကိုယ့်မှာမရှိတာကို အသည်းအသန်လိုချင်စိတ်ဖြစ်ပေါ်တဲ့အခါ ကိုယ်ပဲစိတ်ညစ်ရတယ်။ ကိုယ့်ကိုကိုယ်မချစ်ခင်တော့ဘူး၊ ကိုယ့်ကိုကိုယ်အားမရဘူး၊ ကိုယ့်ကိုကိုယ်ဘာလို့ကံဆိုးရတာလဲ….လို့တွေးပါလိမ့်မယ်။ အဲဒီ့အခါ အချိန်တိုင်း ကိုယ်မရနိုင်တာကို လိုချင်စိတ်နဲ့တင်အချိန်ကုန်သွားရတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့သူကျတော့ ကိုယ့်မှာရှိထားတာလေးတွေကို တန်ဖိုးထားမယ်၊ လူတိုင်းမှာ ပြုပြင်လို့ရတာရှိသလို မပြုပြင်လို့ရတာရှိမယ်လို့လက်ခံမယ်။ အဲဒီ့တော့ ပြုပြင်နိုင်တာကို အာရုံစိုက်မယ်၊ မပြုပြင်နိုင်တာကို ခေါင်းထဲမထည့်တော့ဘူး။ အဲဒီ့အခါမှာ အရှိကိုအရှိအတိုင်းလက်ခံနိုင်သူက စိတ်အေးချမ်းမယ်၊ ပိုပြီးပျော်ရွှင်မယ်။ ရခဲတဲ့လူ့ဘဝမှာ စိတ်ညစ်စရာတွေအများကြီးထဲကမှ ပျော်စရာလေးတစ်ခုရသွားတာပါပဲ။
အဆုံးသတ်အနေနဲ့ ဘဝက ရခဲလှပါတယ်။ သေပြီးသွားတဲ့အခါ နောက်တစ်ဘဝကို ကိုယ်မသိနိုင်၊ မမြင်နိုင်၊ ဖမ်းမဆုပ်နိုင်ပါဘူး။ အဲဒါကြောင့် ခုလက်ရှိရထားတဲ့ဘဝမှာ ကိုယ့်ကိုကိုယ်အကောင်းဆုံးဖြစ်အောင် ရှင်သန်ခြင်းက အကောင်းဆုံးပါပဲ။ အဲဒီလို ငိုစရာတွေများတဲ့ဘဝထဲကနေ အကောင်းဆုံးဖြစ်အောင်ရှင်သန်နိုင်ဖို့ အထက်ကအချက်လေးတွေကို ကျင့်ယူမွေးမြူကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။