အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ

အိပ်ရေးပျက်ခြင်းက သင့်ကိုစိတ်ရှုပ်ထွေးလွယ်စေပြီး ထိုင်းမှိုင်းစေပါတယ်။ သင့်ရဲ့မှတ်ဉာဏ်အားနည်းခြင်း၊ သင့်ကျန်းမာရေးကိုထိခိုက်ခြင်း၊ သင့်ရဲ့ပုံပန်းသဏ္ဍန်ကို အဆင်မပြေဖြစ်စေခြင်းနဲ့ ဝိတ်တက်လာခြင်းအပြင် လိင်စိတ်ဝင်စားမှုကိုပါ အားနည်းလာစေနိုင်ပါတယ်။ အဲဒါကြောင့် အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) အိပ်ရေးပျက်ခြင်းကြောင့် မတော်တဆဖြစ်ပွားနိုင်ချေများပါတယ်။ .
အိပ်ရေးပျက်ခြင်းက အကြီးမားဆုံးမတော်တဆမှုတွေဖြစ်ပွားနိုင်တယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သင်္ကတတွေရှိခဲ့ပါတယ်။
၁၉၇၉ခုနစ်က U. S မှာဖြစ်ပွားခဲ့တဲ့Three Mile Island နူကလီးယားမတော်တဆမှု ၊ ကြီးမားတဲ့ Exxon Valdez ဆီယိုဖိတ်မှုကြီးဖြစ်ပေါ်ခဲ့ခြင်း၊ ၁၉၈၆ ခုနစ်က ယူကရိန်းနိုင်ငံက Chernobyl နူးကလီးယားမတော်တဆမှု နဲ့အခြားမတော်တဆမှုတွေက ထင်ရှားတဲ့ဥပမာတွေပဲဖြစ်ပါတယ်။
အိပ်ရေးပျက်ခြင်းကြောင့် လမ်းပေါ်မှာလည်း ယာဉ်တိုက်မှုတွေအများအပြားဖြစ်ပေါ်တတ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်းတွေက အလုပ်ခွင်ထဲမှာလည်း မတော်တဆဖြစ်မှုတွေ၊ ထိခိုက်မှုတွေကို ဦးတည်နိုင်တယ်လို့ ဖော်ပြကြပါတယ်။

၂) အိပ်ရေးပျက်ခြင်းက သင့်ကို နောက်ကျကျန်နေအောင်ဆွဲထားနိုင်ပါတယ်။
အိပ်စက်ခြင်းက သင့်ရဲ့အတွေးအခေါ်ပိုင်းရော၊ သင်ယူမှုပိုင်းမှာရော အဓိကကျပါတယ်။ အိပ်ရေးပျက်ခြင်းက သင့်ကို နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ အာရုံစူးစိုက်မှု မရှိဘူး၊ တက်ကြွမှုမရှိဘူး၊ အာရုံမစုစည်းနိုင်ဘူး၊ ပြဿနာဖြေရှင်းနိုင်စွမ်းအားနည်းလာပါတယ်။ အဲဒါတွေကြောင့် သင်ယူမှုမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။
နောက်တခုကတော့ ညဘက်မှာ အိပ်စက်ချိန်စက်ဝန်းအရ စိတ်ထဲမှာရှိပြီးသားမှတ်ဉာဏ်တွေက ပြန်ပြီး ပေါင်းစုံလာပါတယ်။ အဲဒီ့အခါမှာ သင်လုံလောက်စွာမအိပ်နိုင်ခြင်းကြောင့် တစ်နေ့တာလုံးသင်လုပ်ဆောင်ခဲ့သမျှ သင်ယူခဲ့သမျှကို ပြန်လည်မှတ်မိဖို့အားနည်းလာပါတယ်။

၃) အိပ်ရေးပျက်ခြင်းက သင့်ကို ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်စေပါတယ်။
အိပ်စက်ချိန်မမှန်ခြင်းက သင့်ကို ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်လာစေပါတယ်။ နှလုံးရောဂါဖြစ်ပွားနိုင်ခြင်း၊ နှလုံးရှော့ရခြင်း၊ နှလုံးပျက်စီးခြင်း၊ နှလုံးခုန်သံမမှန်ခြင်း၊ သွေးဖိအားများခြင်း၊ လေဖြတ်နိုင်ခြင်း၊ သွေးချိုဆီးချိုဖြစ်နိုင်ချေများခြင်း တို့ဖြစ်ပေါ်စေနိုင်ပါတယ်။ ခွဲခြမ်းလေ့လာချက်တွေအရ ၉၀ရာခိုင်နှုန်းသောလူသားတွေက အိပ်မပျော်ခြင်းရောဂါကို ခံစားနေကြရပါတယ်။ အိပ်ရေးပျက်ခြင်းပြဿနာက အိပ်ပျော်ဖို့ခက်ခဲခြင်း၊ အိပ်ပျော်ပြီးနောက်လန့်နိုးခြင်းနဲ့ အခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

၄) လိင်စိတ်ကင်းမဲ့ခြင်းဖြစ်ပေါ်စေပါတယ်။
အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့အထူးကုတွေပြောပြချက်အရ အိပ်ရေးပျက်တဲ့အမျိုးသားအမျိုးသမီးတွေဟာ လိင်စိတ်နိုးဆော်စေနိုင်တဲ့ဟော်မုန်းလျော့ကျပြီး လိင်စိတ်ဝင်စားမှုကင်းမဲ့လာတတ်ပါတယ်။ စွမ်းအင်ကုန်ဆုံးသလိုခံစားရခြင်း၊ အိပ်မရခြင်း၊ အာရုံစိုက်မှုမရှိခြင်းကြောင့် ပိုဆိုးတတ်ပါတယ် ။ အိပ်ချိန်မှာ ဟောက်တတ်တဲ့အမျိုးသားတွေကြောင့်လည်းဖြစ်တတ်တယ်လို့ဖော်ပြထားကြပါတယ်။

၅) စိတ်ဓာတ်ကျခြင်းကို ဦးတည်နိုင်ပါတယ်။
အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်ဓာတ်ကျခြင်းကို ဦးတည်လာနိုင်ပါတယ်။ ၂၀၀၅ခုနစ် လေ့လာတွေ့ရှိချက်အရ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းကို ခံစားနေရတဲ့လူအချို့က အိပ်ချိန် ၆နာရီထက်လျော့နည်းကြသူတွေဖြစ်ပါတယ်။
အိပ်စက်ချိန်ပြဿနာဖြစ်ပေါ်ခြင်းအများစုက စိတ်ဓာတ်ကျခြင်းကို အဓိက ဦးတည်နေပါတယ်။ အိပ်မပျော်ခြင်း ၅ကြိမ်နဲ့အထက်ဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်ဖို့အလားအလာများပါတယ်။ စစ်စစ်တော့ အိပ်မပျော်ခြင်းက စိတ်ဓာတ်ကျခြင်းရဲ့ပထမဆုံးလက္ခဏာပဲဖြစ်ပါတယ်။
စိတ်ဓာတ်ကျခြင်းကြောင့်ပဲ ပိုပြီးအိပ်ပျော်ဖို့ခက်ခဲလာပါတယ်။

၆) အိပ်ရေးပျက်ခြင်းက သင့်အရေပြားကိုပျက်စီးစေနိုင်ပါတယ်။
အိပ်ရေးပျက်တာများတဲ့အခါ အရေပြားဖြူဖျော့နေတာမျိုး၊ မျက်လုံးတွေဖျော့လျနေတာမျိုးကို လူတော်တော်များများကြုံဖူးမှာပါ။ နာတာရှည်အိပ်ရေးပျက်ခြင်းက အရေပြားပေါ်မှာ အရေးအကြောင်းတွေဖြစ်လာခြင်း၊ အမဲစက်တွေပေါ်လာခြင်း၊ မျက်ကွင်းညိုခြင်းစတာတွေဖြစ်စေပါတယ်။
အိပ်ရေးမဝဘူးဆိုရင် သင့်ခန္ဓာကိုယ်မှာ cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းကိုထုတ်ပေးပါတယ်။ ထိုဟော်မုန်းဓာတ်များလာတဲ့အခါမှာ အရေပြားကို ချောမွတ်စေတဲ့
ကောလိပ်ဂျင်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒါကြောင့် အိပ်ရေးပျက်ခြင်းက သင့်အရေပြားတင်းရင်းခြင်း၊ ချောမွတ်ခြင်းကိုလည်း ဖျက်ဆီးပစ်နိုင်ပြီး အရေပြားမှာ အစက်အပြောက်တွေဖြစ်စေပါတယ်။

၇) အိပ်ရေးပျက်ခြင်းကြောင့် သတိမေ့လွယ်လာပါတယ်။
သင့်မှတ်ဉာဏ်ကောင်းစေချင်ရင် အိပ်ရေး၀၀အိပ်ဖို့လိုအပ်ပါတယ်။
၂၀၀၉ခုနှစ်မှာ အမေရိကန်နဲ့ ပြင်သစ်ပညာရှင်တွေလေ့လာချက်အရ မှတ်ဉာဏ်ကောင်းမွန်စေတဲ့ လှိုင်းငယ်လေးတွေက ဦးနှောက်ထဲမှာ ဂယက်ထလာအောင် ပြုလုပ်ပေးပါတယ်။ ထိုလှိုင်းဂယက်လေးတွေကနေ အချက်အလက်တွေကို သင်ယူမှတ်သားဖို့ ဦးနှောက်ထဲက neocortex ပြောင်းလွှဲပေးပါတယ်။ ရေရှည်မှတ်မိနေအောင် အချက်အလက်တွေကို သိမ်းဆည်းထားပေးပါတယ်။ ထိုကဲ့သို့ မှတ်ဉာဏ်ကောင်းမွန်စေတဲ့လှိုင်းငယ်လေးတွေက အိပ်ရေး၀၀အိပ်စက်တဲ့အခါမှသာ ဖြစ်ပေါ်လာတာဖြစ်ပါတယ။် အဲဒါကြောင့်အိပ်ရေးမဝတဲ့အခါ သတိမေ့လွယ်လာစေပါတယ်။

၈) အိပ်ရေးပျက်ခြင်းက ဝိတ်တက်စေပါတယ်။
အိပ်ရေးပျက်ခြင်းက အစားစားချင်စိတ်၊ ဆာလောင်မှုနဲ့ ပတ်သက်နေပါတယ်။ အိပ်ရေးပျက်ခြင်းက ပိုပြီး ဆာလောင်မှုကိုခံစားရစေပါတယ်။ အဝလွန်ခြင်းဖြစ်လွယ်ပါတယ်။ ၂၀၀၄ခုနစ်လေ့လာချက်အရ ၆နာရီထက်နည်းအောင် အိပ်စက်သူတွေမှာ အဝလွန်ဖို့ ၃၀ရာခိုင်နှုန်းပိုများပါတယ်လို့တွေ့ရပါတယ်။
မကြာသေးမီက လေ့လာချက်အရ ပုံမှန်အစာစားချင်စိတ်နဲ့ အိပ်စက်ခြင်းက ဆက်နွယ်နေပါတယ်။ အိပ်စက်ချိန်မပြည့်ဝခြင်းက အစာစားချင်စိတ်ကိုဖြစ်ပေါ်လာစေရုံမက ကာဗွန်ဟိုက်ဒရိတ်မာျးတဲ့အစာတွေနဲ့ အဆီများတဲ့အစာတွေကို စားချင်စိတ်ဖြစ်ပေါ်စေပါတယ်။

၉) အိပ်ရေးမဝခြင်းကြောင့်အသက်တိုနိုင်ပါတယ်။
ဗြိတိသျှလေ့လာသူတွေရဲ့တွေ့ရှိချက်အရ အိပ်စက်မှုပုံစံက လူတွေရဲ့သေဆုံးမှုနဲ့ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၇ခုနစ်မှာ ဖော်ပြချက်အရ ၇နာရီပြည့်အောင် အိပ်စက်မှုအစား ၅နာရီခန့်ပဲ အိပ်စက်စေတဲ့အခါ အိပ်စက်ချိန်လျှော့နည်းသွားတဲ့အတွက် သေဆုံးမှုက ၂ဆမြင့်တက်လာတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အိပ်စက်ချိန်နည်းပါးတဲ့အခါ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကြောင့်သေဆုံးကြတာဖြစ်ပါတယ်။

၁၀) ဆုံးဖြတ်နိုင်စွမ်းအားနည်းစေပါတယ်။
အိပ်ရေးပျက်ခြင်းက သင့်ရဲ့ဆုံးဖြတ်နိုင်စွမ်းပေးသက်ရောက်ပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းရည်တွေအပေါ်အများကြီးသက်ရောက်စေပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းလည်း အားနည်းလာပါတယ်။ ဒါပေမယ့် အိပ်စက်ခြင်းဆိုင်ရာပါရဂူတွေရဲ့ပြောပြချက်အရ အိပ်ရေးပျက်နေပေမယ့် အလုပ်ကိုကောင်းစွာလုပ်နိုင်ပြီး ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်နေတယ်ဆိုရင် တခုခုတော့ ပြဿနာရှိနေပြီလို့ဆိုပါတယ်။
လေ့လာချက်တွေအရ လူတစ်ယောက်က အနည်းဆုံး ၆နာရီတော့ ပြည့်ဝအောင်အိပ်သင့်ပါတယ်။ ၇နာရီနဲ့ ၈နာရီကြား အိပ်စက်ခြင်းအစား အနည်းဆုံး ၆နာရီခန့်တော့ အိပ်သင့်ပါတယ်။ အဲဒါအပြင် သင့်ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေတာမျိုး၊ ထိုင်းမှိုင်းနေတာမျိုး၊ စိတ်ပိုင်းဆိုင်ရာအရ တခုခုကို ခံစားနေရပြီဆိုရင်တော့ အိပ်ရေးဝအောင်အိပ်သင့်နေပါပြီ
https://www.webmd.com/sleep-disorders/features/10-results-sleep-loss#3 လင့်မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။