သင့်ကလေးရဲ့ပင်ကိုယ်စွမ်းရည်ကို ထက်မြက်လာအောင် ဘယ်လိုလုပ်မလဲ။

ကလေးတွေရဲ့ စွမ်းရည်က တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တစ်ချို့က လူမှုဆက်ဆံရေးကောင်းတယ်၊ အဲလိုလူမှုဆက်ဆံရေးကောင်းမွန်ပြီး လူတွေရဲ့စိတ်ကို ဘယ်လိုဖတ်ရမလဲ သိတဲ့သူမျိုးကျတော့ Human Resources လိုနေရာမျိုးမှာ အဆင်ပြေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်အရ ခံစားတတ်တဲ့ကလေးမျိုးကျတော့ ဖန်တီးပုံဖော်မယ်၊ စိတ်ဆန္ဒပြင်းပြစွာ ဖန်တီးမယ့်အလုပ်မျိုးနဲ့ အဆင်ပြေနိုင်ပါတယ်။ ကလေးတိုင်းမှာ ပင်ကိုယ်စွမ်းရည်ရှိပြီးသားဖြစ်ပါတယ်။ ကလေးရဲ့ပင်ကိုယ်စွမ်းရည်ကို မိဘက သိနားလည်ပြီး ပင်ကိုယ်စွမ်းရည်ကို ပိုပြီးအစွမ်းထက်လာအောင် မြင့်တင်ပေးသင့်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ဝါသနာပါ၊ ပင်ကိုယ်အစွမ်းလည်းဖြစ်တဲ့အတွက် နည်းနည်းလေးမြင့်တင်ပေးလိုက်တာနဲ့တင် များများအကျိုးသက်ရောက်မှုရှိနိုင်တာမို့ ကလေးအတွက် အားသာချက်ဖြစ်သွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ကလေးမှာလည်း ဘယ်လိုစွမ်းရည်မျိုးပိုင်ဆိုင်ထားသလဲ၊ ထိုစွမ်းရည်ကို ဘယ်လိုမျိုး မြင့်တင်ပေးမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ကလေးကို အမြဲတစေ လေ့လာပါ။
သင့်ကလေးရဲ့ပင်ကိုယ်စွမ်းရည်နဲ့ ပင်ကိုယ်ဗီဇက ဘာဖြစ်မလဲဆိုတာ သင်လေ့လာနေသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကလေးက ဘယ်လိုအရာတွေကို စိတ်ဝင်စားသလဲဆိုတာမျိုးကို နားလည်အောင်ကြိုးစားပါ။ ကလေးရဲ့စိတ်ပါဝင်စားတတ်မှုနဲ့ ကလေးရဲ့ပင်ကိုယ်အစွမ်းအစကို သင်သိထားမှ သင့်ကလေးရဲ့စွမ်းရည်ကိုမြင့်တင်နိုင်မယ့်နည်းလမ်းကို သင်ရှာဖွေနိုင်မှာပါ။ အဲဒါကြောင့် သင့်ကလေးက ဘာတွေကို စိတ်ဝင်စားတတ်သလဲ၊ ဘယ်လိုနေရာတွေမှာတော့ စိတ်မပါဘူးလဲ၊ ဘာတွေကို စိတ်အားထက်သန်စွာနဲ့ မပျင်းမရိလုပ်နိုင်သလဲ စသဖြင့် အမြဲတစေလေ့လာနေပါ။

၂) ကလေးကို စိတ်ဓာတ်တက်ကြွစေတာက ဘာလဲသိပါ။
စိတ်ဆန္ဒပြင်းပြစွာနဲ့ မပျင်းမရိလုပ်နေနိုင်တာမျိုးက ကလေးရဲ့စိတ်ပါဝင်စားမှုရှိတဲ့အရာပါပဲ။ အဲဒါမျိုးကိုမှတ်သားထားပါ။ ကလေးနဲ့စိတ်ချင်းနီးစပ်ဖို့ ကြိုးစားတဲ့အခါမှာလည်း ကလေးစိတ်ပါဝင်စားမှုရှိတဲ့အရာကို အသုံးချပါ။ ကလေးရဲ့စိတ်ပါဝင်စားတဲ့အရာကို မိဘကိုယ်တိုင်က စိတ်ပါဝင်စားဟန်ပြပါ။ ကလေးစိတ်ပါဝင်စားတဲ့အရာတွေကို ကလေးနဲ့အတူတကွလုပ်ပေးတဲ့အခါ ကလေးပျော်ရွှင်မှုရှိပြီး သင်တို့ကြားက ဆက်ဆံရေးပိုအဆင်ပြေလာနိုင်သလို၊ ကလေးစိတ်ပါဝင်စားမှုမရှိတဲ့အရာကိုလည်း သင်မှတ်ထားပါ။ ကလေးက ထိုအရာအပေါ်မှာ စိတ်ပါဝင်စားခြင်းမရှိတဲ့အတွက် သင်က ထိုအရာကို ကလေးနဲ့အတူလုပ်ပြီး ကလေးကို ဖေးမကူညီပေးပါ။ ကလေးအားနည်းတဲ့အရာဆိုရင် ကလေးကို ကူညီပေးရမယ်ဆိုတာ သင်သိထားသင့်ပါတယ်။ ကလေးက သီချင်းနားထောင်တာ၊ ကခုန်တာမျိုးကို စိတ်ပါဝင်စားတယ်ဆိုရင် ကလေးနဲ့အတူ ပျော်ရွှင်စွာကခုန်ပေးလိုက်ပါ။ ကလေးက အိမ်စာရေးရမှာကို စိတ်ညစ်တယ်ဆိုရင်တော့ “လာ…မေမေနဲ့အတူတူ အိမ်စာတွေ ဖြေကြည့်တာပေါ့။ မြန်မြန်ပြီးအောင် ဖြေကြမယ်။ ပြီးရင် ထပ်ပြီး သီချင်းဆိုကြမယ်နော်” ဆိုတာမျိုးနဲ့ ကလေးကို သိမ်းသွင်းလို့ရပါတယ်။

၃) ကလေးကို ပျော်ရွှင်စေတဲ့အရာကို မှတ်သားထားပါ။
ပင်ကိုယ် စွမ်းရည်ဆိုတာက ကလေးကိုပျော်ရွှင်စေပြီး အမြဲတစေ ပျော်ရွှင်စေတဲ့အရာကနေ ဖြစ်လာတာဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးကို ပျော်ရွှင်စေတဲ့အရာတွေက ဘာလဲ။ ဥပမာ ။ ကလေးက ရေကူးရတာကို သဘောကျသလား။ ရေကူးပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်လား၊ အဲဒီ့မှာ အနိုင်ရတာကို ပျော်သလား။ စသဖြင့်ပေါ့။ အဲဒီ့အရာကို သူကောင်းစွာလုပ်ဆောင်နိုင်တဲ့အခါမှာတော့ ပျော်ရွှင်စေတာပေါ့။ အဲဒါက ကလေးရဲ့ပင်ကိုယ်စွမ်းရည်ဖြစ်လာတတ်ပါတယ်။
အဲဒီ့လို ကလေးကိုယ်တိုင်ပျော်ရွှင်နေတဲ့အရာကနေ ကလေးအတွက် စွမ်းရည်ပိုပြီးထက်မြက်လာစေမယ့် အခွင့်အရေးကောင်းကို ရှာဖွေပေးပါ။ ကလေးနှစ်သက်တဲ့အရာကနေမှတဆင့် နောက်တဆင့် လှမ်းနိုင်အောင် အခွင့်အရေးတွေရှာဖွေပေးပါ။

၄)ကလေးတွေရဲ့ပင်ကိုယ်စွမ်းရည်အပေါ်မှာ ရင်းနှီးမြုပ်နှံပါ။
သင့်ကို ကလေးရဲ့တေးဂီတသင်တန်း၊ ဘဲလေးသင်တန်းစတာတွေမှာ ဒေါ်လာတွေများစွာ ရင်းနှီးမြုပ်နှံခိုင်းတာမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးရဲ့အရည်အချင်းပို တိုးတက်လာအောင် ကူညီပေးပါလို့ ပြေချင်တာပါ။ သူတို့ရဲ့ပင်ကိုယ်ဗီဇအတွက် ဒီထက်ထက်မြက်လာစေမယ့် နည်းလမ်းကို ရင်းနှီးမြုပ်နှံပေးဖို့ အရေးကြီးပါတယ်။ ဥပမာ ။ ကလေးက ဂစ်တာတီးရတာကို ကြိုက်တယ်ဆိုပါတော့။ သင်က သင်တန်းကြေးငွေလေးအနည်းငယ်သုံးပြီး ကလေးအတွက် စနစ်တကျ ဂစ်တာတီးသင်မယ့်သင်တန်းကို ပို့ပေးလိုက်တာမျိုးပေါ့။ အဲလိုမဟုတ်ဘဲ ကလေးက အဆိုအကကို ဝါသနာပါတာကိုတော့ သိပေမယ့် အသုံးမဝင်ဘူးလို့ထင်ပြီး ငွေသုံးရမှာ နှမြောနေတယ်၊ ကလေးအတွက် အသုံးဝင်မယ့် နွေရာသီကွန်ပျူတာသင်တန်းကိုတော့ ငွေပေးပြီး သွားတက်ခိုင်းလိုက်မယ်ဆိုရင် ကလေးရဲ့ပင်ကိုယ်စွမ်းရည်မှာ ရင်းနှီးမြုပ်နှံတာမဟုတ်တော့ဘဲ သင်ဖြစ်ချင်တာကလေးကို လုပ်ခိုင်းတာဖြစ်သွားပါပြီ။ ကလေးက စိတ်ပါဝင်စားမှုရှိချင်ရှိမယ်၊ မရှိချင်မရှိဘူး၊ စိတ်ပါဝင်စားမှု အပြည့်အဝမရှိတဲ့အတွက် ကလေးအတွက်လည်း မကောင်းပါဘူး။ ကလေးရဲ့ပင်ကိုယ်စွမ်းရည်ကိုလည်း ပိုထက်မြက်လာအောင် သွေးခွင့်မရတော့ပါဘူး။

အဲဒါကြောင့် ကလေးရဲ့ပင်ကိုယ်စွမ်းရည် Talent အတွက်လည်း ငွေကို ရင်းနှီးမြုပ်နှံပေးသင့်ပါတယ်။ အဲဒါက ကလေးအတွက် နောင်တစ်ချိန်မှာလည်း ခွန်အားဖြစ်လာစေမှာဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။