မေမေတွေအတွက် Me Time Ideas

Me time ဆိုတာ လူတိုင်းလိုအပ်တဲ့အရာပါပဲ။ အထူးသဖြင့်တော့ မေမေတွေအတွက် ပိုလိုအပ်မှာပါ။ တစ်နေ့တာလုံး အိမ်မှုကိစ္စမှန်သမျှနဲ့ သားသမီးဝေယျာဝစ္စ၊ အမျိုးသားဝေယျာဝစ္စ၊ အခြားအတူနေ မိဘတွေရှိရင်လည်း ထိုလူတွေရဲ့ဝေယျာဝစ္စ စသဖြင့် အကုန်လုံးအတွက်သာ ခေါင်းထဲထည့်ရပြီး ရှုပ်ယှက်ခတ်နေတတ်ပါတယ်။ တစ်အိမ်လုံးကလူတွေရဲ့ကိစ္စအ၀၀ကိုသာ ခေါင်းထဲထည့်ရပြီး ကိုယ့်အတွက်တော့ တခါမှ မစဉ်းစားဘူးတဲ့ အိမ်ရှင်မတွေ အများကြီးပါပဲနော်။


တကယ်တော့ ဘယ်တော့မှ အပြီးဆုံးတတ်တဲ့အိမ်မှုကိစ္စတွေက တစ်နေ့ ၈နာရီအလုပ်လုပ်ရတဲ့အလုပ်သမားတွေထက်တောင် ပိုပင်ပန်းပါသေးတယ်။ အလုပ်ခွင်ဝင်နေတဲ့ အိမ်ရှင်မ မေမေတွေဆို ပိုဆိုးပါသေးတယ်နော်။ အဲဒါကြောင့် အိမ်ရှင်မမေမေတွေအတွက် me time ဆိုတာ ထွက်ပေါက်တစ်ခုအနေနဲ့ မရှိမဖြစ်ကို လိုအပ်ပါတယ်။ အဲဒါက အတ္တကြီးတာမဟုတ်သလို တကိုယ်ကောင်းဆန်တာလည်း မဟုတ်ပါဘူး။ သာမန်လူသားတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထွက်ပေါက်ပေးခြင်း၊ အားလပ်ချိန်ပေးခြင်း၊ စိတ်ပြေလျော့ဖို့အချိန်ပေးခြင်းသာ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်ဖေဖေတွေလည်း မေမေတွေအတွက် သီးသန့် me time ပေးဖို့လိုအပ်ကြောင်း အလေးထားသတိပေးသင့်ပါတယ်။
တစ်အိမ်လုံးရဲ့ကိစ္စအ၀၀ အတွက် အိမ်ရှင်မမေမေက အဓိကပါပဲ။ me time ယူခြင်းက မေမေတွေရဲ့ ကိုယ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေး နှစ်မျိုးလုံးအတွက်ပါ အရေးကြီးပါတယ်။ အဲဒါကြောင့် စိတ်တွေအရမ်း တင်းကြပ်နေသလိုခံစားနေရတဲ့အခါဖြစ်ဖြစ်၊ ဖိစီးမှုများနေတယ်လို့ခံစားရတဲ့အခါဖြစ်ဖြစ်၊ နေ့ရက်တိုင်းမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးတစ်ခုတော့ သတ်မှတ်ပြီး ကိုယ့်ကိုပျော်ရွှင်စေဖို့ ဖန်တီးသင့်ပါတယ်။ ကိုယ့်ကိုကိုယ်အချိန်ပေးသင့်ပါတယ်။ ကိုယ့်ကိုကိုယ်အတွက် ဘယ်လိုမျိုး me time ဖန်တီးမလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။
၁) သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ဖို့အချိန်ပေးပါ။
၂) ကိုယ့်ကိုကိုယ် မွှေးကြိုင်လန်းဆန်းပြီး လှပအောင် ပြင်ဆင်ကြည့်ပါ။
၃) ပန်းခြံထဲ လမ်းလျှောက်ထွက်တာမျိုး၊ ငါးစာကျွေးတာ၊ ငှက်တွေအစာကျွေးတာလိုမျိုး လုပ်ကြည့်ပါ။
၄) တခါတလေ အိမ်အလုပ်တွေ ဘာမှမလုပ်ဘဲ တစ်ရက်လောက် အားလပ်အောင်နေကြည့်ပါ။
၅) ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ အချိန်ဖန်တီးပါ။
၆) ကိုယ်ဝါသနာပါရာ တခုခုလုပ်ဖို့အချိန်ယူပါ။
၇) အားကစားတစ်မျိုးမျိုး ပုံမှန်လုပ်ကြည့်ပါ။
၈) ပန်းပင်လေးတွေ စိုက်ကြည့်ပါ။
၉) ကိုယ်နဲ့ဘဝတူ မေမေတွေနဲ့ အသင်းအဖွဲ့တွေဝင်ပါ။
၁၀) ကိုယ်ဝါသနာပါရာ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ ဝင်ပါ။
၁၁) ကိုယ့်စိတ်ကို ရွှင်လန်းတက်ကြွစေတဲ့ သီချင်မျိုးနားထောင်ပေးပါ။
၁၂) ကိုယ်နှစ်သက်တဲ့ရုပ်ရှင်မျိုး ကြည့်ပါ။
၁၃) ခရီးဝေးမဟုတ်လည်း မြို့တွင်းမှာပဲ ကိုယ်မရောက်ဖူးသေးတဲ့နေရာမျိုးကို လည်ပတ်ပါ။
ဒီအချက်လေးတွေက သင့်အတွက် အကြံဉာဏ်တစုံတရာရစေမယ်ထင်ပါတယ်။ ငွေတွေအများကြီး သုံးဖို့မလိုသလို၊ သင့်ကိုကော ၊ သင့်မိသားစုကိုကော မထိခိုက်စေဘဲ စိတ်ထွက်ပေါက်တခုခုရသွားစေပါလိမ့်မယ်။ မိခင်ဖြစ်သူသည်လည်း စက်ရုပ်မဟုတ်ဘဲ လူသားတစ်ဦးပဲမို့ ကိုယ်ပိုင် me time ရှိဖို့လိုပါတယ်။ မိသားစုကို ပွင့်လင်းစွာ ပြောပြီး ကိုယ်ပိုင်အချိန်အဖြစ် သတ်မှတ်နိုင်ပါတယ်။ me time မရသင့်တဲ့သူမရှိပါဘူးနော်။ ဥပမာ တစ်ပတ်မှာ တစ်မိသားစုလုံးရဲ့ ရုံးပိတ်ချိန်၊ ကျောင်းပိတ်ချိန် ဆန်းဒေးလိုမျိုးမှာ မနက်စောစောမထဘဲ အိပ်ရေး၀၀အိပ်မှာဖြစ်တဲ့အကြောင်း တစ်အိမ်သားလုံးကို အသိပေးလိုက်ပေါ့။ ဒါမှမဟုတ် ဆန်ုးဒေးလိုနေ့မျိုးမှာ ဘာအကြောင်းကြောင့်မှ အရေးပေါ်ချက်ပြုတ်ပြင်ဆင်ဖို့မလိုတာမို့ ကိုယ်နီးစပ်ရာ ဘုရားကို မနက်စောစော လမ်းလျှောက်သွားတာမျိုး၊ ဒါမှမဟုတ် မနက်စောစော ပန်းခြံကို လမ်းလျှောက်ထွက်တာမျိုး (အဖော်မရှိရင် အမျိုးသားဖြစ်သူဒါမှမဟုတ် ဘဝတူမေမေတွေနဲ့ အတူသွားတာမျိုး) လုပ်မယ်လို့ ကြိုတင်အသိပေးထားလိုက်ပါ။ ကိုယ်စိတ်ချမ်းသာစေမယ့် အရာတစ်ခုခုလုပ်ခြင်းအားဖြင့် me time ရအောင် ယူလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။