ကလေးတွေကို ပိုပြီးပျော်ရွှင်စေဖို့ လုပ်ပေးသင့်တဲ့အရာများ

သင့်ဘဝမှာ ကံအကောင်းဆုံးအရာတွေထဲက တစ်ခုကတော့ ပျော်စရာကောင်းတဲ့ငယ်ဘဝကိုရရှိပိုင်ဆိုင်ခြင်းပါပဲ” လို့ Agatha Christie ကပြောထားပါတယ်။ ကလေးဘဝဆိုတာက ဘဝရဲ့အရေးကြီးဆုံးအချိန်ပဲဖြစ်ပါတယ်။ လေ့လာစူးစမ်းတဲ့အချိန်၊ ကစားတဲ့အချိန်၊ အံ့အားသင့်စရာတွေများတဲ့အချိန် စသဖြင့် ကမ္ဘာကြီးတစ်ခုလုံးကိုသိလိုတဲ့အချိန်ဖြစ်ပါတယ်။ မိဘတွေအတွက်ကတော့ ထိုအချိန်က ပူပန်စိုးရိမ်မှုများတဲ့အချိန်ပဲဖြစ်ပါတယ်။ ကလေးရဲ့ကျန်းမာရေး၊မတော်တဆထိခိုက်မှုစတာတွေအတွက်ပူပန်နေရတဲ့အပြင် ကလေးရဲ့ပျော်ရွှင်မှုအပါအဝင်ပေါ့။ ကလေးကို ပထမဆုံးတစ်နှစ်မှာတင် ကလေးကို ချစ်ခင်ကြင်နာတဲ့အခါ ကလေးကပျော်ရွှင်မှုကို စတင်ခံစားရတာပါပဲ။ သိပ္ပံနည်းကျလေ့လာချက်အရ ကလေးဘဝက ပျော်ရွှင်မှုတွေက ဘာတွေနဲ့ဆက်စပ်နေသလဲဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒီ့အချက် ၁၀ချက်ကို ဖတ်ကြည့်လိုက်ပါအုံး။


၁) ဆော့ကစားချိန်များများပေးပါ။
ကလေးရဲ့ပထမဆုံး တာဝန်ကတော့ ဆော့ကစားဖို့ပါပဲ။ ကလေးတစ်ယောက်က အိမ်စာတွေလုပ်ရမယ်၊ တခြားအရာတွေသင်ရမယ်စသဖြင့် ရှိနေနိုင်ပါတယ်။ ဒါပေမယ့်လွတ်လပ်စွာဆော့ကစားခွင့်ပေးဖို့ လိုအပ်ပါတယ်။ ကလေးစိတ်ပညာရှင် Peter Gray က “ဘဝရဲ့အရေးကြီးဆုံးသင်ခန်းစာတွေကို အခြားသောကလေးတွေဆီက အများဆုံးသင်ယူနိုင်ပါတယ်။ အရွယ်ရောက်ပြီးသားလူတွေဆီက သင်ယူတာမဟုတ်ပါဘူး။ ကလေးအရွယ်တူချင်းဆီက သင်ယူရင်း အရွယ်ရောက်လာတဲ့အခါမှာ ပြန်လည်တုံ့ပြန်ပြုမူတာဖြစ်ပါတယ်။” လို့ပြောပြထားပါတယ်။ အဲဒါကြောင့် ကလေးအရွယ်မှာ ပြင်ပလောကမှာ ကစားချိန်ရဖို့ လိုအပ်ပါတယ်။

၂) အငြင်းပွားမှုတွေနဲ့ အပြင်းအထန်ဆွေးနွေးမှုတွေကို မမြင်ကွယ်ရာမှာပြုလုပ်ပါ။
ကလေးရဲ့ဦးနှောက်က ကလေးရဲ့အစောပိုင်းအချိန်တွေမှာ အဖွံ့ဖြိုးဆုံးဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသားကလေးတွေလိုပဲ ပြဿနာတွေကို မြင်ရတွေ့ရကြုံရတဲ့အခါ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာက မကောင်းတဲ့အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ကလေးတွေကို စိုးရိမ်ပူပန်မှုတွေ၊ စိတ်မလုံခြုံမှုတွေဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ကလေးရှေ့မှာ ငြင်းခုံမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ အပြင်းအထန်ဆွေးနွေးမှုတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

၃) အခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။
ဒီနေ့ခေတ်မှာအောင်မြင်တဲ့လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက်က ယှဉ်ပြိုင်မှုတွေမရှိစေဖို့ပဲဖြစ်ပါတယ်။ အချို့သောအရွယ်ရောက်သူတွေက ကလေးတွေကို အခြားသူတွေနဲ့နှိုင်းယှဉ်တတ်ကြပါတယ်။ လေ့လာချက်တွေအရ ကလေးကို ထိုကဲ့သို့ နှိုင်းယှဉ်ခြင်းက ကလေးကိုပိုပြီးလိမ္မာလာစေတာမဟုတ်ဘဲ ကလေးရဲ့ယုံကြည်မှုကိုထိခိုက်စေပြီး သူ့ကိုယ်သူအသုံးမကျသူအဖြစ်မြင်လာစေပါတယ်။

၄) မကောင်းတဲ့စိတ်ခံစားချက်ရဲ့အကျိုးဆက်ကို သင်ပေးပါ။
ကလေးဆိုတာက မရင့်ကျက်သေးပါဘူး။ အမှားလုပ်မိအုံးမှာပါပဲ၊ ဒေါသတကြီးလုပ်မိတာရှိမယ်၊ ဝမ်းနည်းအော်ငိုတာရှိမယ်၊ ငြူစူခြင်းမျိုးဖြစ်မယ်စသဖြင့် အလိုအလျှောက်ဖြစ်နိုင်ပါတယ်။ အဲဒီလိုအပြုအမူမျိုးတွေဖြစ်လာတဲ့အခါ ကလေးကို သေချာနားလည်အောင်ရှင်းပြပေးခြင်းက ကလေးအရွယ်ရောက်လာတဲ့အခါ ပိုကောင်းတဲ့ရွေးချယ်မှုမျိုးလုပ်နိုင်စေဖို့ သင်ယူနိုင်ပါတယ်။
ဝါရှင်တန်တက္ကသိုလ်က Dr. John Gottman က မကောင်းတဲ့စိတ်ခံစားချက်တွေကို အပြစ်ပေးမှုအချို့ပြုလုပ်ခြင်းအားဖြင့်ပြုပြင်ပေးလို့ရပါတယ်။ နောက်တစ်ခါ ထိုကဲ့သို့ မကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်လာရင် ဘယ်လိုမျိုးထိန်းချုပ်ကြည့်မလဲ၊ ဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင် ညှိုနှိုင်းဖို့ ကြိုးစားမလဲလို့ ကလေးကို သင်ပေးလို့ရ့ါတယ်။

၅) ကလေးရဲ့အားထုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြုပေးပါ။
ကလေးက တခုခုကို ပြီးမြောက်အောင်မြင်အောင် ကြိုးစားတဲ့အခါ မိဘက အသိအမှတ်ပြုပေးဖို့လိုပါတယ်။ ကလေးဘဝမှာ ကလေးရဲ့လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး စကားပြောပေးတာ၊ အသိအမှတ်ပြုပေးတာလုပ်ပေးပါ။ အဲဒါက ကေလးကို သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် အကောင်းဆုံးလုပ်ဆောင်ချင်စိတ်ဖြစ်အောင် တိုက်တွန်းပြီးသားဖြစ်စေပါတယ်။

၆) မိသားစုရဲ့ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို တန်ဖိုးထားတတ်ပါစေ။
မိသားစုစုံလင်စွာ ချစ်ခင်စိတ်ရှိခြင်းက ကလေးတွေမှာ ချစ်ခြင်းမေတ္တာအရေးကြီးကြောင်း ခံစားတတ်လာစေပါတယ်။ ကောင်းမွန်တဲ့အတွေးအမြင်တွေဖြစ်ပေါ်စေပါတယ်။ အရွယ်ရောက်လာတဲ့အခါ သူတို့ကလေးတွေရဲ့အားနည်းချက်ကို စိတ်ရှည်စွာပြန်လည်သင်ပြတတ်သူတွေဖြစ်လာစေပါတယ်။ မိဘတွေရဲ့ချစ်ခင်မှုက ကလေးရဲ့စိတ်ပျော်ရွှင်ခြင်းနဲ့ စိတ်ဓာတ်ခိုင်မာခြင်းကို ဖွံ့ဖြိုးစေပါတယ်။

၇) အခွင့်အရေးပေးဖို့ ကြိုးစားပါ။
ကလေးတွေက လူကြီးတစ်ယောက်ယောက်ရဲ့ကြည့်ရှုစောင့်ရှောက်ပေးနေဖို့လိုအပ်ပါတယ်။ အရွယ်ရောက်နေတဲ့ကလေးကိုတော့ သူတို့လှုပ်ရှားမှုတိုင်းကို အသေးစိတ်စောင့်ကြည့်နေဖို့မလိုတော့ပါဘူး။ လေ့လာချက်အရ အလွန်အမင်းအသေးစိတ်ကအစ အာရုံစိုက်ပြီး အထိခိုက်မခံဘဲ ကလေးကို ကြည့်ရှုခြင်းက ကလေးရဲ့ကြိုးစားအားထုတ်မှု၊ တုံ့ပြန်မှု၊ ရင့်ကျက်မှု၊ ဘဝအတွက်လိုအပ်တဲ့အခြားသော စွမ်းရည်များကို မရရှိစေနိုင်တော့ပါဘူး။ လဲကျတဲ့အခါ မိဘကထူပေးမယ့်အစား သူ့ဟာသူပြန်ထဖို့အခွင့်အရေးပေးပါ။ အမှားလုပ်မိတဲ့အခါ နောက်တစ်ခေါက်ပြန်ပြင်ဖို့ အခွင့်အရေးပေးပါ။

၈) တာဝန်ယူတတ်ဖို့သင်ပေးပါ။
ကလေးတွေကို သူ့အရွယ်အလိုက်သူလုပ်နိုင်တာလေးတွေ လုပ်ဖို့ အခွင့်အရေးပေးပါ။ အသေးစိတ်ကအစ လိုက်ပြီး မစီမံပေးပါနဲ့။ ကလေးစိတ်ပညာရှင်တွေရဲ့လေ့လာချက်အရ ကလေးကို အသေးစိတ်ကအစ အလွန်အကျွံ့လိုက်စီမံပေးခြင်းက ကလေးရဲ့ဖွံ့ဖြိုးမှုတွေကို တန့်သွားစေပါတယ်။ “ဘယ်အရာကိုမှ တစ်ဦးတည်း မလုပ်နိုင်ဘူး” ဆိုတဲ့စိတ်ခံစားချက်ဖြစ်စေပါတယ်။ ကလေးအရွယ်အလိုက် လုပ်နိုင်တာလေးတွေ လုပ်တတ်ဖို့ စည်းကမ်းသတ်မှတ်ပေးပါ။ စည်းကမ်းသတ်မှတ်ထားတဲ့ဘောင်အတွင်းက လုပ်ကိုင်ပါစေ။ မိဘက ဘေးကနေ လိုအပ်မှသာ ပြောပြပေးပါ။

၉) ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေဖန်တီးပေးပါ။
ထပ်ခါထပ်ခါလေ့လာတွေ့ရှိထားချက်တွေအရ အရွယ်ရောက်လာတဲ့လူတစ်ယောက် ကလေးဘဝက ကောင်းမွန်တဲ့မှတ်ဉာဏ်တွေ၊ ပျော်စရာအမှတ်တရတွေကို ပြန်ပြီး သတိရစေပါတယ်။ အဲဒါကြောင့် ကလေးတွေကိုပျော်စရာမှတ်ဉာဏ်တွေဖြစ်အောင်ဖန်တီးပေးပါ။

၁၀) သင့်ကိုယ်တိုင်လည်း ပျော်ရွှင်ပါစေ။
ကလေးတွေက သူတို့မြင်သမျှ၊ ကြားသမျှကို သင်ယူနေတာပါ။ အကောင်းကောအဆိုးကောနှစ်မျိုးလုံးကိုပါ။ အရွယ်ရောက်လာတဲ့အါ ပိုကောင်းတဲ့အပြုအမူတွေဖြစ်လာစေဖို့အတွက် ကလေးတွေက ပိုကောင်းတဲ့အကျင့်တွေနေထိုင်မှုပုံစံတွေမြင်ဖို့သိဖို့လိုအပ်ပါတယ်။ ကလေးစိတ်ပညာရှင် Carolyn Cowan ရဲ့ပြောပြချက်အရ ငယ်စဉ်က ကောင်းမွန်စွာမဆက်ဆံခံရတဲ့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ သူတို့ကိုယ်သူတို့ဂရုမစိုက်တတ်သလို၊ သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးမှာလည်း အားနည်းနိုင်ပါတယ်လို့သိရပါတယ်။ အဲဒါကြောင့် မိဘတွေကိုယ်တိုင်က မပျော်ရွှင်တဲ့အခါ ကလေးကိုလည်း ပျော်ရွှင်ဖို့မဖြစ်နိုင်ပါဘူး။ မိဘရဲ့ကြမ်းတမ်းစွာပြောဆိုဆက်ဆံခြင်းခံရတဲ့ကလေးက ကိုယ့်ကိုကိုယ်လည်း မချစ်ခင်တတ်သလို တပါးသူကိုလည်း ချစ်ခင်မှုအားနည်းပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်မပြေနိုင်တော့ပါဘူး။
https://www.powerofpositivity.com/things-make-kids-happier/?fbclid=IwAR0dkileXepPv4lFP3px2X__wgjsCJf5_GiFZLPEgPjfV4w6gNMx5bK-f_gလင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။