အဝေးတွင်သွားရောက်ပညာသင်ကြားမည့်သားသမီးများအတွက် မိဘများဘာတွေပြင်ဆင်ထားသင့်သလဲ။

အဝေးမှာ သွားရောက်ပညာသင်ကြားရတယ်ဆိုတာ သားသမီးတွေအတွက်ကော မိဘတွေအတွက်ကော လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မိဘလုပ်သူများမှာလည်း “ငါ့သားသမီး အဆင်ပြေပါ့မလား…..” “ငါ့သားသမီး ဘာတွေဖြစ်နေပြီလဲ….” “အပေါင်းအသင်းများမှားနေလား…” “စာကောကြည့်ဖြစ်ရဲ့လား…..ကျန်းမာရေးကော ဂရုစိုက်ရဲ့လား” စသည်ဖြင့် တွေးစရာတွေနဲ့ ပူပင်စရာတွေအများကြီးပါပဲ။ သားသမီးလုပ်သူများမှာလည်း နေရာအသစ်၊ ဝန်းကျင်အသစ်နဲ့ အဆင်ပြေပါ့မလား။ ကျောင်းမှာကော အဆင်ပြေပါ့မလား….စတဲ့ ပူပန်မှုတွေတော့အနည်းနဲ့အများရှိကြတာချည်းပါပဲ။ အဲဒါကြောင့် အဝေးမှာ ပညာသွားသင်ရမယ့် သားသမီးတွေအတွက် မိဘတွေအနေနဲ့ စိတ်မပူရအောင် ကြိုတင်ပြင်ဆင်ပေးသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။


၁) အစားအသောက်
ပတ်ဝန်းကျင်အသစ်ကိုရောက်သွားတဲ့အခါ စားနေကျအစားအစာမျိုးရနိုင်မရနိုင် မသေချာပါဘူး။ အမြဲတစေ အိမ်မှာလို အမေ့ပြင်ဆင်ပေးတာကို အဆင်သင့်စားဖို့လည်း မဖြစ်နိုင်ပြန်ပါဘူး။ အဲဒီ့အခါ ခံတွင်းပျက်တာမျိုး၊ အရသာမတူလို့ မစားချင်တာမျိုး၊ ကိုယ်စားနေကျမဟုတ်လို့မစားတတ်တာမျိုးလည်း ဖြစ်မှာပါ။ အဲဒါကြောင့် မိဘတွေအနေနဲ့ သားသမီးအတွက် အခြောက်အခြမ်းလေးတွေနဲ့ ပြင်ဆင်ပေးလို့ရတာမျိုးဆိုရင် မသွားခင် ကြိုတင်ပြင်ဆင်ပေးနိုင်ပါတယ်။ ဥပမာ။ ငါးခြောက်ကြော်၊ ချည်ပေါင်ကြော်၊ ငပိချက်၊ ပဲကြော် စသည်ဖြင်ပေါ့။ ဒါပေမယ့် မြန်မာပြည်တွင်းမှာပဲဆိုရင်တော အစားအသောက်ပြင်ဆင်ပေးရတာ အဆင်ပြေမှာပါ၊ (မြန်မာအချင်းချင်းကြိုက်တတ်ကြတဲ့အစားအစာများတာမို့ပါ) နိုင်ငံခြားထိသွားရောက်ပညာသင်ရမယ်ဆိုရင်တော့ အဆင်သင့်စားနိုင်အောင် ကြော်လှော်ပေးလိုက်လည်း သယ်သွားရတာအဆင်မပြေလှပါဘူး။ အဲဒီ့အခါ ကိုယ့်သားသမီးကို အချက်အပြုတ်လေးတွေ အခြေခံအဆင့်လောက်တော့ သင်ပေးထားသင့်ပါတယ်။ ကိုယ့်အိမ်ကနေထွက်သွားတာနဲ့ အိမ်မှာစားသလို သူတို့ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တတ်တော့ အစားအသောက်အတွက် ပြဿနာရှိတော့မှာ မဟုတ်ပါဘူးနော်။ (တစ်ချို့သောမိဘတွေက သားသမီးကို ချစ်တဲ့အချစ်ကြောင့်ပဲ ဘာမှကို မသင်ပြထားဘဲ သူတို့ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ကျွေးမွေးတတ်တာမျိုးမို့ပါ။) တကယ်တော့ အချက်အပြုတ်ကို သင်ကြားပေးထားသင့်ပါတယ်။ အဲဒါမှ မိဘဖြစ်သူနဲ့ အဝေးမှာ ပညာသင်ကြားရတာဖြစ်ဖြစ်၊ အလုပ်လုပ်ရတာဖြစ်ဖြစ် သားသမီးလုပ်သူတွေက ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်တတ်မှာပါ။ အချက်အပြုတ်ကို ကောင်းမွန်စွာ သင်ကြားပေးခြင်းကလည်း သင့်သားသမီးအတွက် သင့်ကို အမြဲတပါတည်းခေါ်သွားသလို ဖြစ်စေမှာပါ။ သင်နဲ့အဝေးမှာရောက်နေပေမယ့်လည်း “မေမေကဘယ်လိုအရသာမျိုးချက်တာ….” လို့တွေးပြီး ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်တော့ သူတို့အတွက်လည်း အစားအသောက်အဆင်ပြေစေပါတယ်။ သင်လည်း အစားအသောက်အတွက်နဲ့ စိတ်ပူပေးစရာမလိုတော့ပါဘူး။
၂) အဝတ်အထည်လျှော်ဖွတ်ခြင်း၊အိမ်မှုကိစ္စများနဲ့အတူ စည်းကမ်းတကျရှိခြင်း
အဝေးမှာပညာသင်ရပြီဆိုကတည်းက အချက်အပြုတ်၊ အလျှော်အဖွတ်၊ အသိမ်းအဆည်းကိစ္စမှန်သမျှ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ်တိုင်လုပ်ကိုင်ရမှာချည်းပါပဲ။ ဘယ်သူကမှလာကူညီမှာမဟုတ်သလို၊ ကိုယ်တိုင်မတတ်ကျွမ်းထားရင် ငွေကုန်ကြေးကျပိုများစေပါတယ်။ အဲဒါအပြင် ကိုယ်တိုင်က စည်းကမ်းတကျမရှိရင် ကိုယ်ပိုင်ပစ္စည်းအပျောက်အရှများလွန်းတတ်ပြီး ငွေပိုကုန်နိုင်ပါတယ်။ အဲဒါကြောင့် သားသမီးကိုချစ်ခင်စိတ်နဲ့ အရာအားလုံးလိုက်လုပ်ပေးမယ်ဆိုရင်တော့ သတိထားစေချင်ပါတယ်။ သင့်သားသမီးကို တတ်သင့်သမျှ အားလုံးကို သင်ပေးထားခြင်းက သူ့ကိုချစ်ခင်နည်းတစ်မျိုးပါပဲ။ ဘယ်နေရာရောက်ရောက် သူ့ဟာသူရပ်တည်နိုင်ခြင်းက သူ့အတွက် တန်ဖိုးအရှိဆုံးပါ။ သူအဝတ်ကိုသူပြောင်စင်အောင် လျှော်ဖွတ်နိုင်တဲ့အတွက် သူများထက်သူ့သွင်ပြင်တောက်ပြောင်နေမယ်၊ သူများထက် စည်းကမ်းတကျရှိတတ်တဲ့အတွက် သူများထက်ကို ငွေပိုစုဆောင်းတတ်လာမယ်၊ ကိုယ်ပိုင်ပစ္စည်းကို တန်ဖိုးထားတတ်လာမယ်၊ ငွေရဲ့တန်ဖိုးကို သူသိမယ်၊ မြန်မာမိဘတွေအများစုမှာက “ယောကျာ်းလေးမို့ အိမ်မှုကိစ္စတတ်စရာမလိုဘူး…..မိန်းမရရင် မိန်းမက အကုန်လုပ်ပေးပေါ့” ဆိုတဲ့ ခေတ်နောက်ပြန်အတွေးတွေက လွှမ်းမိုးနေတတ်ပါတယ်။ တကယ်တော့ အဲဒါက မိဘတွေရဲ့ မှားယွင်းတဲ့အယူအဆပါ။ ခုချိန်ကတည်းက သင့်သားသမီးသည် မိန်းကလေးဖြစ်စေ၊ ယောကျာ်းလေးဖြစ်စေ တတ်သင့်သမျှ အိမ်မှုကိစ္စအားလုံး၊ အဝတ်လျှော်၊ ထမင်းချက်အားလုံး၊ ငွေကြေးထိန်းသိမ်းနည်း၊ စသည်ဖြင့် အားလုံးတတ်ကျွမ်းထားတဲ့အခါ ဘယ်နေရာရောက်ရောက် သင့်သားသမီးက သူများကို အားကိုးစရာမလိုဘဲ ကိုယ်တိုင်ပြုလုပ်တတ်မှာဖြစ်ပါတယ်။ အဲဒါက အားလုံးထက် အားသာတဲ့အားသာချက်ဖြစ်လာပါလိမ့်မယ်။
၃) ငွေကြေး
သင့်အိမ်မှာနေသလို၊ အချိန်တန် မိဘဖြစ်သူ သင့်ဆီက “ မေမေရေ….မုန့်ဖိုး” ဆိုပြီး တောင်းသုံးလို့မရတော့ပါဘူး။ အဲဒီ့အခါ ငွေကြေးကို ကိုင်တွယ်အသုံးချတတ်ဖို့ အထူးသဖြင့် အဝေးမှာနေရတဲ့အခါ မကုန်သင့်တာမကုန်ဘဲ သုံးသင့်တာသုံးတတ်အောင် သင်ကြားပေးထားသင့်ပါတယ်။ ငွေဆိုတာကလည်း သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးလို့ပြောလို့ရတဲ့အထဲ ပါပါတယ်။ သင့်သားသမီးကို အချစ်လွန်ပြီး အရာရာလိုက်ပြီးအစစစီမံပေးနေမိတယ်ဆိုရင် အခုကတည်း ပြင်လိုက်ပါတော့။ သင့်သားသမီးအတွက် ငွေကို ဘယ်လိုစီမံကိန်းချပြီးသုံးမလဲဆိုတာမျိုး နားလည်သွားအောင်သင်ပေးပါ။ အဲဒါမှ လက်ထဲငွေရှိနေတုန်း သုံးချင်တာတွေလျှောက်သုံးပစ်တာမျိုးမဖြစ်ဘဲ လိုအပ်တဲ့အချိန် ငွေကိုဘယ်လိုအသုံးချသင့်တယ်ဆိုတာ နားလည်မှာပါ။ ငွေသုံးကြမ်းလို့ အမြဲတစေအိမ်ကို လှမ်းပြီးငွေတောင်းရတာမျိုးတွေမဖြစ်တော့ပါဘူး။ ခုခေတ်က လိုချင်တပ်မက်စရာတွေပိုများလာပါပြီ၊ အဲဒီ့တော့ ငွေကိုမကိုင်တွယ်တတ်ရင် လိုချင်မှုတွေနောက်ကိုလိုက်ရင်း သင့်သားသမီးက ပျက်စီးသွားနိုင်ပါသေးတယ်။ အဲဒါကြောင့် သုံးသင့်တာသုံးတတ်အောင်၊ အသုံးနဲ့အဖြုန်းခွဲခြားတတ်အောင် သင်ပေးထားတာအကောင်းဆုံးပါပဲ။
၄) ကျန်းမာရေး
အိမ်မှာလို သားသမီးနေမကောင်းဖြစ်တာနဲ့ မိဘတွေက ချက်ချင်းသိနိုင်မှာမဟုတ်ပါဘူး။ သူကျင်လည်ရာပတ်ဝန်းကျင်မှာ သူ့ဟာသူရပ်တည်ရမှာပါ။ အဲဒါကြောင့် ဂရုစိုက်သင့်တဲ့အထဲမှာ ကျန်းမာရေးကိစ္စလည်း အပါအဝင်ပါပဲ။ မိဘက ဘယ်အချိန်ဆေးသောက်၊ ဘယ်အချိန်အစာစားလို့ မပြောပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် ကျန်းမာရေးဂရုစိုက်ဖို့ သင်ကြားထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး သာမန်နှာစေး၊ ချောင်းဆိုးလောက်ကို သောက်သုံးသင့်တဲ့ဆေးဝါးတွေ ထည့်ပေးတာမျိုး၊ သာမန်ထက်ပိုဆိုးဝါးလာတဲ့အခြေအနေမျိုးမှာ ဆေးခန်း၊ ဆေးရုံသွားဖို့ သင်ကြားပေးထားသင့်ပါတယ်( တစ်ချို့သားသမီးတွေက မိဘနဲ့အဝေးရောက်နေတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပေတေတတ်တာမို့ပါ)
၅) ကိုယ့်ကိုကိုယ်တာဝန်ယူတတ်စေဖို့
အဝေးမှာ ပညာသင်တာဖြစ်ဖြစ်၊ ကျောင်းတက်ရတာဖြစ်ဖြစ် မိဘတွေနဲ့ခွဲပြီးနေရတာဖြစ်တဲ့အတွက် ဘယ်နေရာမှာမဆို ကိုယ့်ကိုကိုယ်တာဝန်ယူနိုင်ဖို့က အရေးကြီးပါတယ်။ (တစ်ချို့မိဘတွေက သားသမီးအတွက် အသေးအဖွဲ့ကအစ ကိုယ်တိုင်လုပ်ပေးပါများလို့ တက္ကသိုလ်ရောက်တဲ့အထိ မိဘကကျောင်းလိုက်အပ်ပေးနေရတဲ့သားသမီးမျိုးတွေမြင်ဖူးလို့ပါ) အဲဒါက မိဘက သားသမီးကို ချစ်လွန်းတဲ့စိတ်ကြောင့်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အဲလို အသေးအဖွဲကအစ ကြီးမားတဲ့ကိစ္စတွေအထိ အစအဆုံးမိဘကတာဝန်ယူခြင်းသည် သားသမီးကို ချစ်ရာမရောက်ဘဲ နစ်ရာရောက်သွားတတ်ပါတယ်။ ခုလိုမျိုး အဝေးမှာ ပညာသင်ရမယ်၊ ကျောင်းတက်ရမယ်ဆိုတဲ့အခြေအနေမျိုးမှာဆို ပိုဆိုးတတ်ပါတယ်။ ကျောင်းကိစ္စ စာရွက်စာတမ်းတွေ ရှာဖွေစုဆောင်းတာမျိုးကအစ ကျောင်းမှဖြစ်လာတဲ့ပြဿနာကို ဖြေရှင်းတာအဆုံး၊ (အခြားသော ပြဿနာတွေအပါအဝင်) အဲလိုနေရာမျိုးမှာ ကိုယ်တိုင် တာဝန်ယူဖြေရှင်းတတ်တာအကောင်းဆုံးပါပဲ။ အဲဒါကြောင့် ဘယ်နေရာမဆို အကြောက်အလန့်မရှိ (ကြောက်သင့်တဲ့နေရာနဲ့ မကြောက်သင့်တဲ့နေရာခွဲခြားသိဖို့လိုပါတယ်) ရဲဝင့်စွာ ကိုယ်တိုင်တာဝန်ယူတတ်ဖို့ သင်ကြားပေးထားသင့်ပါတယ်။
၆) ပြဿာနာရင်ဆိုင်ဖြေရှင်းတတ်ဖို့
မိဘနဲ့ဝေးတဲ့အရပ်မှာ ပြဿနာတစ်စုံတစ်ရာဖြစ်လာတဲ့အခါ ဘယ်လိုခေါင်းအေးအေးထားပြီးဖြေရှင်းမလဲ….ဆိုတဲ့ ပြဿနာဖြေရှင်းနည်းမျိုးကိုလည်း သင်ကြားပေးထားသင့်ပါတယ်။ (အဲဒါက ပြဿနာတစ်ခုကြုံတိုင်း မိဘက ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့အပြုအမူပေါ်လည်း မူတည်ပါသေးတယ်၊ ပြဿနာတက်လာတိုင်း အမြဲဆူပူသောင်းကျန်းတတ်တဲ့မိဘမျိုးကို သားသမီးတော်တော်များများက အမှန်အတိုင်းမပြောပြတတ်တော့ပါဘူးနော်) အဲဒါကြောင့် မိဘက သားသမီးကို ဘယ်လိုပြဿနာဖြေရှင်းမလဲ….ဆိုတာမျိုး သင်ကြားထားသင့်ပါတယ်။ တစ်ချို့တွေကျတော့မိဘကို မပြောရဲဘဲ တိတ်တဆိတ်ဖြေရှင်းတာမျိုးကနေတဆင့် မဖြစ်သင့်တာတွေ ဖြစ်ရတာမျိုးဖြစ်တတ်လို့ပါ။ တစ်ချို့ကျတော့လည်း ပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ၊ မဖြေရှင်းရဲဘဲ ထွက်ပြေးတာမျိုးဖြစ်တတ်လို့ မဖြစ်သင့်တာတွေဖြစ်တတ်ပါတယ်။
အထက်ပါအချက်တွေကတော့ ယေဘုယျအားဖြင့် ကြုံလာနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး မိဘများက သားသမီးများအတွက် ကြိုတင်ပြင်ဆင်သင့်တာ၊ ကြိုတင်သင်ကြားထားသင့်တဲ့အချက်လေးတွေပါ။ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီးတော့ အခြားအချက်တွေလည်း ရှိနိုင်ပါသေးတယ်။ နောက်ထပ်အကြံပြုလိုတဲ့အချက်လေးတွေရှိရင်လည်း အချင်းချင်းဖလှယ်လို့ရအောင်
ပြောပေးသွားခဲ့ပါအုံး။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။