လက်လျှော့မယ်လို့တွေးမိတဲ့အခါ ကိုယ်အားတင်းပြီး လျှောက်ခဲ့တဲ့ ခရီးတွေကို ပြန်လှည့်ကြည့်လိုက်ပါ။
ဘဝမှာ ရှင်သန်ဖို့ ကြိုးစားအားထုတ်ရချိန်တိုင်းမှာ အခက်အခဲတွေ၊ မွန်းကြပ်မှုတွေကြောင့် လက်လျှော့ချင်လာတဲ့အချိန်တွေလည်း ကြုံမှာပါပဲ။ လူတိုင်းနီးပါး လက်လျှော့ချင်တဲ့အချိန်မျိုးကိုလည်း ကြုံဖူးကြမှာပါနော်။
“ကိုယ်အကောင်းဆုံး အားတင်းတောင့်ခံခဲ့တာပဲ၊ ကိုယ့်ကျမှ ဘာလို့ပိုဆိုးဝါးနေရတာလဲ။” ဆိုတဲ့အတွေးမျိုးတွေဝင်လာမိပြီး အဲဒီအခြေအနေမျိုးမှာပဲ ဘယ်သူမှ မကူညီကြဘူး၊ ဘယ်သူကမှ ကိုယ့်ဘက်မှမရှိဘူး၊ ကံတရားကအစ ကိုယ့်ကိုမငဲ့ညှာဘူးလို့ ထင်လာတတ်ပါတယ်။
နာကျင်ဖူးတဲ့သူမှ နာကျင်မှုရဲ့ဆိုးဝါးခြင်းကို နားလည်နိုင်တာပါ၊ အဲဒီ့လိုပဲ မှီခိုရာမဲ့ပြီး အကူအညီမဲ့ဖူးတဲ့အခြေအနေမျိုးကိုလည်း ကြုံဖူးတဲ့သူမှ သိတာပါ။ အဲဒီ့လိုအခြေအနေမျိုးမှာ “မိုးပေါ်က သိကြားမင်းတောင် ကိုယ့်ကယ်နိုင်မှာမဟုတ်တော့ဘူးလေ.....” ဆိုတဲ့အတွေးမျိုးဝင်လာတဲ့အခါ ကိုယ့်ဘဝကြီးတစ်ခုလုံး စုတ်ပြတ်သတ်သွားသလို ၊ ကိုယ့်ဟာကိုယ်ချောက်ကမ်းတစ်ခုရဲ့အစွန်းကနေ ပြုတ်ကျသွားသူလိုမျိုး ဘာကိုမှ ဖမ်းဆုပ်ထားစရာမရှိတော့သလို၊ ကူကယ်မဲ့တဲ့ခံစားချက်မျိုးဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းလှပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ “ငါဘယ်လိုလုပ်ရမလဲ”.....ဆိုတဲ့အတွေးတွေနဲ့ ထူပူနေပြီး ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသလိုခံစားချက်ကြီးကိုသာ ဆုပ်ကိုင်ထားမိနေမှာပါပဲ။
အရမ်းကြာနေပြီဖြစ်ပေမယ့် မမေ့နိုင်တဲ့ဇာတ်ကားလေးတစ်ကားရှိပါတယ်။ အတော်များများလည်း ကြည့်ဖူးကြမယ်ထင်ပါတယ်။
ကျွန်မကိုယ်တိုင် ချောက်ကမ်းပါးအစွန်းကနေ ပြုတ်ကျသွားတဲ့လူတစ်ယောက်လို ခံစားနေရတဲ့အချိန်မှာ ကြည့်ခဲ့မိတာပါပဲ။ “The Pursuit of Happyness” ဆိုတဲ့ဇာတ်ကားလေးပါ။ အဲဒီ့ဇာတ်လမ်းထဲက မင်းသားဟာ အိမ်ထောင်ဦးစီးတစ်ယောက်ပေ့ါ၊ သားလေးတစ်ယောက်လည်းရှိပါတယ်။ သူ့အရင်းအနှီးတွေအကုန်စုပြုံထည့်ပြီးလုပ်ထားတဲ့ အရိုးသိပ်သည်းဆ စစ်ဆေးတဲ့ Scanner ပစ္စည်းတွေကို ရောင်းမထွက်တဲ့အခါ သူ့မှာဝင်ငွေမယ်မယ်ရရ မရှိတော့ပါဘူး။ သူ့ဇနီးရဲ့ဝင်ငွေသာရှိပြီး ပေးစရာတွေနဲ့ အလုပ်မရှိတဲ့သူ့ကို သူ့ဇနီးက ကလေးတစ်ယောက်နဲ့ထားခဲ့ပြီး လမ်းခွဲခဲ့ခြင်းခံရပါတယ်။ နေစရာအိမ်ပါမရှိတော့တဲ့ မင်းသားဟာ ကလေးကိုလက်ကဆွဲ၊ သူရောင်းကိုရောင်းမှရမယ့်ပစ္စည်းကိုလက်ကဆွဲလို့ အလုပ်လည်းရအောင်ရှာ၊ အိပ်စရာနေရာမရှိလို့ အိမ်ခြေရာမဲ့တွေနဲ့အတူတန်းစီပြီး အိပ်စရာတစ်နေရာစာရှာရတဲ့အထိ ဒုက္ခရောက်ခဲ့ရပါတယ်။ အလုပ်လုပ်ဖို့ရာအတွက် ကလေးကိုလည်းနေ့ကလေးထိန်းကျောင်တစ်ခုကို မဖြစ်မနေပို့ဖို့ကြိုစားရပြန်ပါတယ်။ (ဇာတ်လမ်းက ကြည့်ခဲ့ဖူးတာကြာပြီမို့လို့ အနည်းငယ်အမှားအယွင်းနဲ့ကွဲလွဲမှုရှိနိုင်ပါတယ်နော်)
အဆုံးသတ်မှာ အဲဒိ့အခက်အခဲတွေ၊ ဒုက္ခတွေကို သူဘယ်လိုကျော်လွှားခဲ့သလဲဆိုတာ ကြည့်ရင်း ကိုယ့်အတွက် ပြန်သုံးသပ်စရာတွေအများကြီး တွေးမိလာပါတယ်။ ဒီဇာတ်ကားကြည့်မိတဲ့အခါ ဒီဇာတ်ကားထဲကလူလိုမျိုး ကိုယ့်ဘဝက လမ်းဘေးမှာအိပ်ရတဲ့အခြေအနေထိဆိုးနေပြီလား ? ဝင်ငွေလုံးမရှိ၊ တပြားမှလက်ထဲမရှိ၊ အလုပ်အကိုင်လုံးဝရှာမရတဲ့အခြေအနေမျိုးကြုံနေပြီလား ? တကယ်ကို ကိုယ်လုံးဝ လမ်းစပျောက်နေတဲ့အခြေအနေလား ? ရယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်မိလာပါတယ်။
တခါတလေမှာ ကျွန်မတို့ဟာ ကျွန်မတို့ကြုံနေတဲ့အခြေအနေနဲ့ အကြပ်အတည်းကြားထဲမှာသာ မွန်းကြပ်ပိတ်လှောင်နေတဲ့အတွက် ကိုယ့်အခြေအနေကိုသာ အဆိုးဆုံးလို့ ထင်လာတတ်ပါတယ်။ အဲဒီ့လိုထင်လာလေလေ တကယ်ကို အမှောင်ထုထဲရောက်သွားသလို လမ်းပျောက်လေလေဖြစ်တော့တာပါပဲ။ တကယ်တမ်းက အဲဒီလိုအခြေအနေမျိုးမှာ
“ကိုယ့်ထက်ဆိုးတဲ့လူတွေရှိပါသေးလား၊ ကိုယ့်ထက်ဆိုးတဲ့လူတွေမှာတောင် အဲဒီ့အခြေအနေကို သူတို့ဘယ်လိုကျော်ဖြတ်ခဲ့ပါလိမ့်မယ်။” ဆိုတဲ့အတွေးမျိုးနဲ့တွေးမိတဲ့အခါ ကိုယ့်အတွက် လမ်းစတွေ့လာပါလိမ့်မယ်။ အဲဒါအပြင် ကိုယ့်အခြေအနေဟာ ထင်သလောက်မဆိုးသေးဘူးဆိုတာလည်း သိလာပါလိမ့်မယ်။ ကိုယ်တကယ်ကြိုးစားလျှောက်မယ်ဆိုရင် လမ်းစတွေအများကြီးပေါ်လာမယ်ဆိုတာကိုလည်း မြင်လာပါလိမ့်မယ်။
တကယ်တော့ ကျွန်မတို့ အခုရောက်နေတဲ့နေရာထိရောက်အောင် အားတင်းလျှောက်ခဲ့ပြီးပြီမဟုတ်လား။ ခုအခြေအနေရောက်မှ အားလုံးကို လက်လျှော့ပြီး ဘာမှဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဂျက်မားပြောဖူးတဲ့စကားလေးကို သတိရပါ။ “ဒီနေ့ကခက်ခဲတယ်၊ မနက်ဖြန်က ပိုခက်ခဲလိမ့်မယ်၊ တဘက်ခါကျရင်တော့ အားလုံးအဆင်ပြေသွားပါပြီ။ ဒါပေမယ့် အတော်များများဟာ မနက်ဖြန်ညနေလောက်မှာတင် လက်လျှော့တတ်ကြတယ်” တဲ့ ။
ဂျက်မားစကားအရဆိုရင် တကယ်လို့များ ကျွန်မတို့အခုလက်လျှော့မယ့်အခြေအနေဟာ မနက်ဖြန်ညနေဖြစ်နေခဲ့မယ်ဆိုရင် နှမြောစရာမကောင်းလွန်းဘူးလား။
ကျွန်မတို့ ကျော်ဖြတ်ခဲ့တဲ့ အခက်အခဲတွေကို ပြန်လှည့်ကြည့်ပါ။ ကျွန်မတို့ အောင်မြင်စွာ တိုက်ပွဲဝင်ခဲ့တဲ့ မနေ့ကတိုင်းကို ပြန်တွေးကြည့်ပါ။ ဒီ့နေ့မှ အရှုံးပေးမယ်ဆိုရင် ကြိုးစားအားတင်းခဲ့သမျှ နှမြောဖို့ကောင်းပါတယ်။ ကြိုးစားအားတင်းခဲ့သမျှ အရာထင်အောင် ဆက်ပြီး အားတင်းကြတာပေါ့နော်။