ဒေါသကို ထိန်းချုပ်စီမံနိုင်စေမယ့် အလေ့အကျင့်ကောင်းများ

ဒေါသထွက်ခြင်းက မကောင်းတဲ့အကျိုးဆက်ကိုသာ ဦးတည်စေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒေါသကြောင့် မဖြစ်သင့်တာတွေဖြစ်ရင်း ထိခိုက်နစ်နာသွားနိုင်သလို၊ ဒေါသဖြစ်တဲ့သူရဲ့ခန္ဓာကိုယ်တွင်းမှာလည်း ကျန်းမာရေးအရထိခိုက်မှုတွေဖြစ်နိုင်သလို၊ ရောဂါတွေလည်း တိုးလာနိုင်ပါတယ်။ ပြောရရင်တော့ ဒေါသကြောင့် ဘေးထွက်ဆိုးကျိုးတွေသာဖြစ်နိုင်ပါတယ်။ ကောင်းကျိုးလုံးဝမရှိပါဘူး။ အဲဒါကြောင့် ဒေါသကို ထိန်းချုပ်ပါလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒေါသထွက်နေတဲ့လူတစ်ယောက်ကို စိတ်ထိန်းပါလို့ပြောတာ ရယ်စရာကောင်းပါတယ်။ ဒေါသထွက်မှ ဒေါသထိန်းခြင်းက ဘရိတ်ပေါက်နေတဲ့ကားကို ဘရိတ်အုပ်ခိုင်းတာနဲ့တူပါတယ်။ တကယ်တမ်းဒေါသထွက်လာတဲ့အခါ ဒေါသကိုထိန်းချုပ်ဖို့က အင်မတန်ခက်ခဲလှပါတယ်။


အဲဒါကြောင့် ဒေါသထိန်းချုပ်ဖို့ လေ့ကျင့်သင့်ပါတယ်။ ဒေါသထိန်းချုပ်နိုင်စေဖို့ ကြိုတင်လေ့ကျင့်သင့်တဲ့လေ့ကျင့်ခန်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ သင့်စိတ်ထဲမှာ ဒေါသဖြစ်လာပြီလို့ စတင်ခံစားမိတာနဲ့ ဒီလေ့ကျင့်ခန်းတွေကို တခုပြီးတခုလုပ်ကြည့်လိုက်ပါ။
၁) အသက်ရှုလေ့ကျင့်ခန်းလုပ်ဖို့လေ့ကျင့်ထားပါ။
ဒေါသထွက်တာနဲ့ သင့်ရဲ့အသက်ရှုနှုန်းတွေမြန်လာပါတယ်။ သင့်ဒေါသတွေ ပြေလျော့သွားစေပြီး သင့်ခန္ဓာကိုယ်တည်ငြိမ်သွားစေဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဖြေးညင်းစွာအသက်ရှုဖို့ပါ။ အသက်ရှုခြင်းကို အာရုံစိုက်လိုက်ပြီး ဖြေးဖြေးနဲ့ မှန်မှန်လေကို ရင်ခေါင်းထဲအရောက် ရှိုက်သွင်းကြည့်လိုက်ပါ။
၂) ကြွက်သားတွေပြေလျော့ပါစေ။
ဒေါသစထွက်တာနဲ့ ကြွက်သားတွေတောင့်တင်းသွားစေပါတယ်။ အဲဒါကြောင့် ကြွက်သားတွေကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတစ်ခုလုပ်ကြည့်ပါ။ ခေါင်းကနေ ခြေချောင်းတွေထိအောင် ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်တာ၊ အကြောကဆန့်လိုက်တာမျိုးတွေလုပ်ကြည့်ပါ။
၃) တစ်ယောက်တည်းနေလိုက်ပါ။
ဒေါသထွက်နေတဲ့အခါ ဒေါသထွက်တဲ့လူကို တခုခုလုပ်ချင်စိတ်ကြီးစိုးလာပါတယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှ မရှိတဲ့နေရာမျိုးမှာ တစ်ယောက်တည်းနေလိုက်ပါ။ သင့်ရဲ့ဒေါသပြေလျော့စေမယ့် နေရာတစ်ခုမှာ တစ်ယောက်တည်းတွေးနေတာ၊ မျက်လုံးတွေခဏတဖြုတ်မှိတ်ထားလိုက်တာမျိုးပေါ့။
၄) သင့်ကိုဒေါသဖြစ်စေတဲ့အကြောင်းအရာတွေကိုမှတ်ထားပါ။
ကိုယ့်ကိုယ်ဘယ်လိုအကြောင်းအရာမျိုးတွေက ဒေါသဖြစ်စေသလဲ ၊ ဘယ်လိုလူတွေက ကိုယ့်ကိုဒေါသထွက်အောင်ဆွစေသလဲဆိုတာမျိုးကို မှတ်ထားပါ။ ထိုကဲ့သို့လူမျိုး၊ အကြောင်းအရာမျိုးနဲ့ကြုံရမယ်ဆိုရှောင်လိုက်ပါ။ မပတ်သက်ပါနဲ့။
၅) သင့်အတွေးတွေကိုပြောင်းလဲလိုက်ပါ။
သင်ဒေါသထွက်နေတဲ့အကြောင်းအရာကို နောက်ထပ်အမြင်တစ်မျိုးနဲ့လှည့်တွေးလိုက်ပါ။ ဒါမှမဟုတ် ထိုအကြောင်းအရာမဟုတ်တဲ့ အခြားအကြောင်းတစ်ခုကို အာရုံစိုက်လိုက်ပါ။
ဒေါသဆိုတာက လူတိုင်းခံစားရတဲ့ခံစားချက်ဖြစ်ပါတယ်။ ဒေါသကို ပေါက်ကွဲခြင်းမဖြစ်စေဘဲ စိတ်ခံစားချက်ကိုပြေလျော့စေမယ့် အထက်က လေ့ကျင့်ခန်းကို လေ့ကျင့်ထားကြည့်ပါ။ အနည်းနဲ့အများတော့ အလေ့အကျင့်ဖြစ်လာစေပါလိမ့်မယ်။ အလေ့အကျင့်ရလာတဲ့အခါ ဒေါသကို ဘယ်လိုပြေလျော့နိုင်မလဲဆိုတာ နားလည်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။