အမြန်ဆုံးပြုပြင်ပေးသင့်သော ကလေးရဲ့အမူအကျင့်ဆိုးများ

ကလေးတွေမှာ မကောင်းတဲ့အကျင့်လေးတွေဖြစ်တတ်ပါတယ်။ ထိုအကျင့်လေးတွေကို အမှန်ပြင်ပေးဖို့၊ သေချာပြုပြင်ပေးဖို့ မိဘတွေက အရိပ်တကြည့်ကြည့်စောင့်ကြည့်သင့်ပါတယ်။ ထိုအကျင့်ဆိုးတွေက ကလေးတွေရဲ့အတွေးတွေ၊ အမူအကျင့်တွေနဲ့ ကလေးတွေရဲ့စွမ်းရည်တွေကို တဖြေးဖြေးပိုပြီး ပျက်ဆီးစေပါတယ်။ အဲဒါကြောင့် ကလေးမှာအကျင့်ဆိုးတွေရှိနေတယ်ဆိုရင် ပြဿနာကိုဆွေးနွေးအဖြေရှာရမှာဖြစ်ပါတယ်။ သိသိခြင်းမှာမဖြေရှင်းဘဲ လျစ်လျူရှုထားလိုက်မယ်ဆိုရင် သူတို့ကို ပြုပြင်ပေးလို့မရတော့ဘဲ အနာဂတ်မှာ ပိုပြီးဆိုးဝါးတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေက သိသိချင်း စောစီးစွာပြုပြင်သင့်တဲ့အကျင့်ဆိုးတွေဖြစ်ပါတယ်။


၁) လိမ်ညာခြင်း
လိမ်ညာတတ်တဲ့အကျင့်က ကလေးကိုလျှို့ဝှက်ချက်တွေများလာစေပါတယ်။ အရွယ်ရောက်ပြီး ရင့်ကျက်လာတဲ့အခါ ကျွန်တော်တို့ရဲ့အမှားတွေနဲ့ ချို့ယွင်းချက်တွေကို ပြုပြင်နိုင်ဖို့က ရိုးသားဖို့လိုပါတယ်။ တာဝန်ယူချင်စိတ်ရှိဖို့လည်း သင်ကြားရမှာဖြစ်ပါတယ်။ အခြားသူတွေရဲ့အမြင်မှာ ရိုးသားခြင်း၊ မမှီခိုတတ်ခြင်း၊ လေးစားချင်စရာကောင်းခြင်း စတဲ့အကျင့်ကောင်းတွေရှိတယ်လို့ မြင်မှ ကျွန်တော်တို့က လူအများပေါ်မှာ သြဇာသက်ရောက်မှာဖြစ်ပါတယ်။ လူမှုဆက်ဆံရေးမှာလည်း ယုံကြည်မှုရှိစွာဆက်ဆံခံရမှာဖြစ်ပါတယ်။ အဲဒီလို လူတွေက ရိုးသားမှုရှိတဲ့လူတစ်ယောက်အဖြစ်၊ လေးစားချင်စရာကောင်းတဲ့လူတစ်ယောက်၊ ယုံကြည်ရတဲ့လူတစ်ယောက် အဖြစ်မြင်ဖို့အတွက် မလိမ်ညာတတ်ဖို့လိုပါတယ်။ လိမ်ညာတတ်ခြင်းက အထက်ကပြောထားတဲ့အချက်တွေအားလုံးကို ပျက်စီးစေပါတယ်။ လိမ်ညာတတ်တဲ့လူတစ်ယောက်ကို ဘယ်သူကမှ ယုံကြည်မှာမဟုတ်သလို၊ လေးစားမှာလည်းမဟုတ်ပါဘူး။ အဲဒီလိုပါပဲ ဘာသာရေးအရကြည့်မယ်ဆိုရင်လည်း လိမ်ညာတတ်တဲ့ကလေးတစ်ယောက်က ကျန်တဲ့ကိုယ်ကျင့်တရားဆိုင်ရာအကျင့်တွေကို လိုက်နာတော့မှာမဟုတ်ဘဲ လွယ်လွယ်လေးလိမ်ညာတော့မှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ကလေးမှာ လိမ်ညာတတ်တဲ့အကျင့်ရှိနေပြီဆိုရင် အမြန်ဆုံး ပြုပြင်ပေးသင့်ပါတယ်။

၂) မလေးမစားဆက်ဆံခြင်း
ကလေးတွေကို စည်းကမ်းသတ်မှတ်ထားသင့်ပါတယ်။ သတ်မှတ်ထားတဲ့စည်းကမ်းတွေကို မလိုက်နာတဲ့အပြင် လူကြီးမိဘကိုပါ မလေးမစားဆက်ဆံတတ်ခြင်းက ရိုင်းပြမှုပါပဲ။ ထိုကဲ့သို့ရိုင်းစိုင်းတတ်တဲ့အကျင့်ဆိုးက အရွယ်ရောက်တဲ့အထိ ပါသွားတဲ့အခါ ကိုယ့်ဘဝမှာ ကိုယ်လေးစားသင့်တဲ့ ကိုယ့်ရဲ့အကြီးအကဲတွေကို ရိုင်းပြစွာဆက်ဆံတတ်လာပါလိမ့်မယ်။ ကိုယ်နဲ့တန်းတူဖြစ်စေ၊ ကိုယ့်ထက်နိမ့်ကျသူဖြစ်စေ ကိုယ့်ထက်ကြီးရင့်သူဖြစ်စေ အားလုံးကိုလေးစားစွာဆက်ဆံတတ်တဲ့အကျင့်ရှိမှာမဟုတ်တော့ပါဘူး။ လေးစားမှုမဲ့စွာဆက်ဆံခြင်းက လူသားဆန်ခြင်းတွေကိုပါ ပျောက်ဆုံးစေမှာဖြစ်ပါတယ်။ မိဘတွေကို ငယ်စဉ်မှာ ကြောက်ရွံ့မှုကြောင့် မလေးမစားမဆက်ဆံရဲပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ မိဘကပါ ထိန်းမရဖြစ်လာပါလိမ့်မယ်။

၃) ကြင်နာစိတ်မရှိခြင်း
စကားလုံးတွေက အရေးကြီးပါတယ်။ တချို့စကားလုံးတွေက ပြောလိုက်တဲ့သူက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ခံစားလိုက်ရတဲ့သူအတွက်ကတော့ တမြေ့မြေ့နဲ့လွယ်လွယ်မမေ့နိုင်ပါဘူး။ မိဘကိုပြောဆိုဆက်ဆံတာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကလူတွေနဲ့ဖြစ်ဖြစ်၊ အပေါင်းအသင်းနဲ့ဖြစ်ဖြစ် ဆက်ဆံရာမှာ စကားလုံးတွေကို တဖက်လူကိုမထိခိုက်စေအောင် သတိထားသင့်ပါတယ်။ ကြင်နာမှုမရှိတဲ့စကားလုံးတွေကို ပြောဆိုမိရတဲ့အကြောင်းရင်းကတော့ ကိုယ်ချင်းစာစိတ်မရှိခြင်းနဲ့ လူသားချင်းစာနာစိတ်မရှိတာကြောင့်ပါပဲ။ ငြင်းခုံတာ၊ ရန်တွေ့တာ၊ သဘောမတူတာကို အေးဆေးစွာမဆွေးနွေးတာ စတဲ့အပြုအမူတွေက စကားလုံးတွေကို ကြမ်းတမ်းတဲ့စကားလုံးတွေသုံးမိစေပါတယ်။ အဲဒါကြောင့် ကလေးတွေကို လူတစ်ဖက်သားကို ကိုယ်ချင်းစာတတ်ဖို့…. သူတို့နေရာမှာ ငါသာဆိုရင်စိတ်လေးနဲ့ တွေးပြီး စကားလုံးကို ကြင်နာတတ်တဲ့စကားလုံး၊ ချိုသာတဲ့စကားလုံးမျိုး ရွေးဖို့ သင်ပေးသင့်ပါတယ်။

၄) ကြမ်းတမ်းရိုင်းစိုင်းတဲ့အပြုအမူများ
အခြားရွယ်တူကလေးတွေ ဒါမှမဟုတ် အားနည်းတဲ့သူတွေ၊ တိရိစ္ဆာန်လေးတွေကို အနိုင်ကျင့်သလို ကြမ်းတမ်တဲ့ရိုင်းစိုင်းတဲ့အပြုအမူတွေပြုလုပ်ခြင်းကလည်း အကျင့်ဆိုးတစ်ခုပါပဲ။ ကလေးမှာဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေနဲ့ စိတ်မလုံခြုံမှုတွေကြောင့်လည်း ကြမ်းတမ်းလာတာဖြစ်နိုင်သလို၊ ပတ်ဝန်းကျင်က အပြုအမူကို အတုယူတာ ဒါမှမဟုတ် လွှမ်းမိုးမှုရှိနေတာမျိုးတွေကြောင့်လည်း ကလေးက ရိုင်းစိုင်းတဲ့အမူအကျင့်တွေဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် မိဘတွေနဲ့ ကလေးပတ်သက်နေတဲ့ပတ်ဝန်းကျင်ကိုလည်း သတိထားသင့်ပါတယ်။ ကြမ်းတမ်းစွာပြုမူတတ်တဲ့ကလေးက ကြီးပြင်းလာတဲ့အခါမှာလည်း အခြားသူတွေနဲ့ မိသားစုဝင်တွေကိုလည်း ကြမ်းတမ်းစွာပြုမူနေမှာပဲဖြစ်ပါတယ်။

၅) အပျင်းကြီးခြင်း
ကလေးကို ကိုယ့်ကိုကိုယ်တာဝန်ယူတတ်ဖို့ စောစီးစွာ သင်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက သူလုပ်နိုင်တာလေးတွေ သင်ပေးပြီး သူနိုင်သလောက်တာဝန်ယူခိုင်းခြင်းက ကလေးကို မပျင်းရိစေတော့ဘဲ သူလုပ်နိုင်တာတွေလုပ်ရတဲ့အတွက် သူ့ကိုယ်သူတောင် အရေးပါတဲ့လူတစ်ယောက်အဖြစ်ခံစားရစေပါတယ်။ ဒါပေမယ့် ငယ်စဉ်ကတည်းက ဘာမှ မခိုင်းဘဲ ဘာတာဝန်မှမယူခိုင်းဘဲ အရွယ်ရောက်လာမှ ကိုယ့်တာဝန်ကိုယ်ယူခိုင်းတာက ကလေးကို အပျင်းကြီအောင် သင်ပေးလိုက်တာနဲ့တူပါတယ်။ ငယ်စဉ်က ဘာမှတာဝန်မယူရတဲ့ကလေးက ကြီးပြင်းအရွယ်ရောက်လာချိန်မှာလည်း သူ့တာဝန်သူမသိသလို၊ တာဝန်ယူဖို့လည်း ပျင်းသွားတတ်ပါတယ်။ အဲဒီ့အချိန်ကျမှ ကလေးကိုပြုပြင်ပေးလို့မရပါဘူး။ အဲဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အပျင်းကြီးတဲ့အကျင့်ဖြစ်နေစပြုပြီလို့ ထင်တာနဲ့ ချက်ချင်း ကလေးကို နိုင်သလောက်တာဝန်လေးတွေ ယူခိုင်းသင့်ပါတယ်။
ကလေးအတွက် မကောင်းတဲ့အကျင့်ဆိုးတွေကို စောစီးစွာ မပြုပြင်ပေးလိုက်ခြင်းက ကလေးတစ်ဘဝလုံးမှာ အရိပ်မည်းကြီးလို လိုက်ပါနေမှာဖြစ်ပါတယ်။ အရွယ်ရောက်လာမှ ပြုပြင်စေချင်လို့ မရနိုင်တော့ပါဘူး။ ကလေးကိုလည်း စွမ်းရည်မဲ့တဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်။ အဲဒါကြောင့် ကလေးမှာ မကောင်းတဲ့အကျင့်ဆိုးတွေ ဖြစ်လာတာနဲ့တပြိုင်နက် ချက်ချင်း ဘယ်လိုပြုပြင်ပေးရမလဲ…ဆိုတဲ့အတွေးမျိုးနဲ့ ပြုပြင်ပေးဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။
https://www.allprodad.com/5-bad-kid-behavior-issues-that-you-need-to-break-early/?__hstc=48580217.90d5fe503cec37a0b1c5a1ed2c2dcf27.1563346788437.1567592572163.1568005183784.22&__hssc=48580217.13.1568005183784&__hsfp=478952334 လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။