ရင့်ကျက်လာတဲ့သူတစ်ယောက်ရဲ့လက္ခဏာများ

ကမ္ဘာကြီးမှာ ရှင်သန်နေထိုင်တတ်ဖို့ကလည်း ခက်ခဲတဲ့ကိစ္စတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့တိုးတက်မှုပေါင်းစုံအတွက်အချိန်ပေးပြီး ကြိုးစားနေရတဲ့လူတိုင်းပါပဲ။ အလုပ်အကိုင်တည်မြဲဖို့၊ အကြွေးတွေဆပ်နိုင်ဖို့၊ မိသားစုဘဝအဆင်ပြေ အေးချမ်းသာယာစေဖို့၊ သားသမီးတွေ ရှေ့ရေးအတွက်ကြိုးစားဖို့ စသဖြင့် အမျိုးစုံပါပဲ။ လူသားတစ်ယောက်ရဲ့တာဝန်ကိ ကျေပွန်စွာထမ်းဆောင်ဖို့ နားလည်သိတတ်လာသလို၊ တာဝန်ကျေအောင်ကြိုးစားတတ်လာတာက လူတစ်ယောက် အရွယ်ရောက်လာပြီ ၊ ရင့်ကျက်လာပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း အရွယ်ရောက်လာတာနဲ့ ရင့်ကျက်လာသလား၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်သောကရောက်ခြင်း၊ လင်မယားကွာရှင်းပြတ်စဲခြင်း စတဲ့ပြဿနာတွေဖြစ်ရတာရော ဘာကြောင့်လဲ။ အကြောင်းရင်းကတော့ မရင့်ကျက်သေးလို့ပါပဲ။ အမှန်တရားက စည်းမျဉ်းတွေကိုသာ မဖြစ်မနေ လိုက်နာနေပြီး ကိုယ့်စိတ်ကို ကိုယ်တိုင်နားမလည်သေးလို့ပါပဲ။ ရင့်ကျက်သွားတဲ့လူတစ်ယောက်က အသက်ကြီးတာ၊ ငယ်တာနဲ့မဆိုင်တော့ဘဲ ပျော်ရွှင်ခြင်းကို အခြားသူထက် နားလည်လက်ခံသွားတတ်ပါတယ်။ အဲဒါကြောင့် ရင့်ကျက်သူတွေရဲ့ လက္ခဏာကိုဖော်ပြပေးလိုက်ပါတယ်။


၁) အခြားသူတွေကို နားထောင်ပေးနိုင်စွမ်းရှိလာပါတယ်။
အခြားသူတွေကို နားထောင်ပေးနိုင်စွမ်းရှိလာတာက ဆရာကျတဲ့အလုပ်ပါပဲ။ နားထောင်ကောင်းသူတစ်ယောက်ဖြစ်ဖို့က စိတ်တည်ငြိမ်ဖို့လိုပြီး အခြားသူက ကိုယ့်ကိုရင်ဖွင့်လောက်တဲ့ယုံကြည်မှုရှိဖို့လိုပါတယ်။ သင်က အခြားသူတွေရဲ့ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ အဆင့်အတန်းစတာတွေကို ဘာကိုမှ မခွဲခြားဘဲ သူတို့ရင်ထဲက ပြောချင်တဲ့စကားတွေကိုသာ နားထောင်ပေးဖို့ အာရုံစိုက်တတ်သူဖြစ်လာပါတယ်။ အခြားသူတစ်ယောက်ကို သူ့အကြောင်း၊ သူ့ဘဝကို ဘာမှမသိဘဲ သူ့ကို မဝေဖန်တတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းရဲ့ဘဝဖြတ်သန်းပုံက ခက်ခဲပြီး ဖြတ်သန်းပုံခြင်းမတူညီကြဘူးဆိုတာကို သင်နားလည်သွားလို့ပါပဲ။ ရင့်ကျက်လာတဲ့အခါ အခြားသူတွေရဲ့ဘဝကို နားလည်ပေးနိုင်လာပြီး အပြစ်တင်ဖို့ထက် ကိုယ်ချင်းစာနားလည်ပေးဖို့၊ ထပ်တူခံစားပေးနိုင်ဖို့သာ ကြိုးစားလာတတ်ပါတယ်။ အဲဒီလိုနဲ့ နားထောင်ပေးနိုင်တဲ့သူဖြစ်လာတော့တာပါပဲ။

၂) စိတ်ရှည်လာပါတယ်။
နည်းပညာတွေတိုးတက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ဘဝနေထိုင်မှုကလည်း အဆင်သင့်ဖြစ်လာပါတယ်။ လိုချင်တာမှန်သမျှကို လက်တကမ်းမှာ ရှာဖွေလေ့လာဝယ်ယူနိုင်ပါတယ်။ အဲဒါရဲ့အကျိုးဆက်က တစုံတခုကို စောင့်ဆိုင်းနေရတာကို မလိုချင်ကြတော့ပါဘူး။ အရာရာတိုင်းကို ထိန်းချုပ်နိုင်တယ်လို့ တွေးထင်လာပါတယ်။
ရင့်ကျက်လာတဲ့သူမှန်ရင် အခြားတစ်ယောက်ကို အချိန်ပေးရမှာကို နားလည်လာပါတယ်။ အရာတော်တော်များများကို နားလည်လက်ခံပေးတတ်လာပါတယ်။ အဓိကကတော့ ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့အခြေအနေတွေကို လက်ခံတတ်လာပါတယ်။ ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့အခြေအနေတွေကို စောင့်ဆိုင်းဖို့ စိတ်ရှည်တတ်လာပါတယ်။

၃) အရာရာတိုင်းက ပြောင်းလဲနိုင်တယ်ဆိုတာ လက်ခံလာပါတယ်။
ကျွန်တော်တို့ရဲ့ဘဝတွေက အမြဲတမ်းပြောင်းလဲနေပါတယ်။ အတော်များများက ပြောင်းလဲခြင်းနဲ့အသားကျဖို့ ခက်ခဲတတ်ကြပါတယ်။ အရာအားလုံးက သင်ဖြစ်စေချင်သလိုဖြစ်ချင်မှဖြစ်လာနိုင်ပါတယ်။ ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်ပါဘူး။ ထိုပြောင်းလဲခြင်းတွေနဲ့အသားကျဖို့ မကြိုးစားဘူးဆိုရင် သင့်ဘဝကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး။ ပြောင်းလဲခြင်းတွေနဲ့ ငြိမ်းချမ်းရေးယူပြီး ပြောင်းလဲမှုတွေနဲ့ အသားကျအောင်ကြိုးစားပါ။ အဲဒီလိုနေထိုင်တတ်ပြီး ဘဝကို ပြောင်းလဲမှုတွေကြားမှာ အဆင်ပြေလာပြီဆိုရင် သင်ရင့်ကျက်လာပြီလို့ဆိုနိုင်ပါတယ်။

၄) အခြားသူဆီက မျှော်လင့်တာတွေနည်းလာပါတယ်။
ဘဝရဲ့ပြောင်းလဲမှုတွေကို လက်ခံနိုင်လာတဲ့အခါ အခြေအနေတိုင်းကို လက်ခံလွယ်လာပါတယ်။ အဲဒီ့အခါ မထင်မှတ်ထားတာတွေဖြစ်လာနိုင်သလို စီစဉ်ထားသမျှလည်း လွဲချော်နိုင်တယ်ဆိုတာ လက်ခံလာပါတယ်။ အဲဒါကြောင့် မျှော်လင့်တာတွေလည်း နည်းလာပါတယ်။ မျှော်လင့်ထားတာတွေ နည်းလာတဲ့အခါ နာကျင်ရတာတွေလည်းနည်းလာပါတယ်။ တစ်စုံတစ်ယောက်က ပြောထားပြီး မဖြစ်လာတဲ့အခါ သင်ကမမျှော်လင့်ထားတဲ့အတွက်ကို မနာကျင်ရတော့ပါဘူး။ အခြားသူတွေက သင့်အပေါ်ကောင်းတဲ့အခါမှာလည်း ထူးပြီး မခံစားတော့သလို၊ သင့်အပေါ်ကောင်းတဲ့သူတွေက ဆိုးတဲ့ဘက်ကိုပြောင်းလဲသွားတဲ့အခါမှာလည်း သင်ဘယ်လိုမှမခံစားရတော့ပါဘူး။ အဲဒါက ရင့်ကျက်လာတဲ့လက္ခဏာတစ်ခုပါပဲ။

၅) ချစ်ခြင်းမေတ္တာကိုပိုပြီးသဘောပေါက်လာပါတယ်။
မကြာခဏအသည်းကွဲတတ်သူအချို့က အချစ်ကိုသဘောမပေါက်နိုင်သေးလို့ပဲဖြစ်ပါတယ်။ ရင့်ကျက်လာတဲ့လူတစ်ယောက်အတွက်ကတော့ အချစ်ဆိုတာ ရွေးချယ်စရာတစ်ခုပဲလို့ မြင်လာပါတယ်။ လိုအပ်ချက်မဟုတ်တော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိတာထက် စိတ်ပိုင်းဆိုင်ရာနားလည်ပေးမှုကို အလေးထားလာပါတယ်။ သင့်ရဲ့ချစ်သူအပေါ်လေးစားမှု အပြန်အလှန်ရှိကြမယ်လို့ နားလည်လာပါတယ်။ အသည်းကွဲရတဲ့အကြောင်းရင်းတော်တော်များများက ကိုယ့်ချစ်သူကို နားမလည်ကြလို့ပါပဲ။ ရင့်ကျက်လာတဲ့အခါ သင့်ကိုထိခိုက်နာကျင်မှုမရှိဘဲ နားလည်နိုင်စွမ်းရှိလာတာပါ။

၆) ကိုယ်တိုင်အဓိကကျတယ်ဆိုတာကို ပိုနားလည်လာပါတယ်။
ရင့်ကျက်လာတဲ့လူတစ်ယောက်က ကိုယ်ပတ်ဝန်းကျင်ကလူတွေက အဓိကမကျဘူးဆိုတာ ပိုနားလည်လာပါတယ်။ သူတို့က သူတို့ဘဝကို သူတို့ပုံဖော်နေကြတာဖြစ်ပြီး ကိုယ်ကကိုယ့်ဘဝကို ပုံဖော်နေတာပါ။ သူတို့မှာလည်း အမြဲမှန်ကန်နေမယ်ဆိုတာမရှိနိုင်တာကို နားလည်ပေးနိုင်လာပါတယ်။ အားနည်းချက်တွေ၊ အကန့်အသတ်တွေ၊ သူတို့ရဲ့အားသာချက်တွေအားလုံးကို နားလည်လက်ခံလာပါတယ်။ လူတိုင်းက အမြဲမှန်နေမှာမဟုတ်သလို၊ အမြဲလည်း မှားနေမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီက ရှာလို့မရဘူးဆိုတာကို သဘောပေါက်လာပါတယ်။ ကိုယ့်တန်ဖိုးကို ကိုယ်သာလျှင် သတ်မှတ်တယ်ဆိုတာကို ပိုပြီး လက်ခံလာပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေဖြစ်အောင်နေထိုင်တတ်လာပါတယ်။ ခေါင်းထဲမထည့်သင့်တဲ့ကိစ္စတွေနဲ့ ခေါင်းထဲထည့်သင့်တဲ့ကိစ္စတွေကို ခွဲခြားတတ်လာပါတယ်။
အထက်က ကိစ္စအတော်များများကို သင့်စိတ်နဲ့သင် ရန်မဖြစ်ဘဲ လုပ်နိုင်လာပြီဆိုရင်တော့ သင့်စိတ်ထဲ အေးချမ်းလာတာ၊ ပျော်ရွှင်လာတာကို သင်အံ့အားသင့်စရာမြင်ရပါလိမ့်မယ်။ အဲဒီလိုနေတတ်လာတာနဲ့တပြိုင်နက် သင်ရင့်ကျက်လာပြီလို့ ဆိုနိုင်ပါတယ်။
https://themindsjournal.com/6-signs-youre-actually-matur…/2/

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။