မိန်းကလေးတွေ ဘတ်စ်ကားပေါ်မှာ မဖွယ်မရာလုပ်တတ်တဲ့လူမျိုးနဲ့ကြုံလာခဲ့ရင်လုပ်သင့်တဲ့အချက်များ

ဘတ်စ်ကားကြပ်ကြပ်တွေစီးရတဲ့အခါ မိန်းကလေးတွေ အတော်များများကြုံရတဲ့ပြဿနာကတော့ ထောက်လှမ်းရေးပြဿနာပါပဲ။ မြန်မာမိန်းကလေးအများစုက အဲဒီလိုကြုံတွေ့ရတဲ့အခါ အရှက်အကြောက်ကြီးစွာနဲ့ မပြောရဲမဆိုရဲဖြစ်နေတတ်ကြပြီး ရှက်ရွံ့နေတတ်ကြပါတယ်။ အချောင်သမားတွေကလည်း အဲဒီလိုကြောက်လန့်ပြီး အရှက်ကြီးမယ်ထင်ရတဲ့မိန်းကလေးမျိုးကို ပစ်မှတ်ထားတတ်ကြတာပါ။ အဲဒါမှသာ သူတို့အသားယူသမျှကို ထိုမိန်းကလေးတွေက ကြောက်လန့်တကြီးနဲ့ အရှက်ကွဲမခံဘဲ ကြိတ်ခံနေကြမှာမို့ပါ။ အဲဒါကြောင့် အဲဒီလို ဘတ်စ်ကားကြပ်ကြပ်မှာ အသားယူတတ်တဲ့အချောင်သမားမျိုးနဲ့ကြုံလာခဲ့ရင် လုံးဝ(လုံးဝ)ကို ရှက်ကြောက်စရာမလိုပါဘူး။


မြန်မာစကားပုံတွေထဲက ဟိရိသြတ္တပဆိုတာက ဒီလိုနေရာမှာ ရှိဖို့ပြောတာမဟုတ်ပါဘူးနော်။ တကယ်က သူတပါးသားပျိုသမီးပျိုကို အသားယူချင်တဲ့တဏှာအချောင်သမားကသာ ရှက်ရမှာဖြစ်ပါတယ်။ အဲဒီ့အတွက် အဲဒီလိုကြုံလာရင် ရဲရဲဝင့်ဝင့်ဖြေရှင်းခြင်းက သူ့အရှက်သာကွဲတာဖြစ်ပြီး ကိုယ်ကမတရားလုပ်သူမဟုတ်လို့ ရှက်စရာမလိုဘူးဆိုတာပါပဲ။ အဲဒါကြောင့် ဘတ်စ်ကားကြပ်ကြပ်မှာ အသားယူတတ်တဲ့အချောင်သမားတွေ့ခဲ့ရင် အောက်ပါအချက်တွေကို ရဲရဲဝင့်ဝင့်သာလုပ်ပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။
၁) သေချာပါစေ။
သေချာပါစေဆိုတာက ကိုယ့်အပေါ် မဖွယ်မရာလုပ်ချင်တာ ဟုတ်မဟုတ် သေချာသိအောင် လေ့လာခိုင်းတာဖြစ်ပါတယ်။ သူတပါးကို မတရားစွပ်စွဲမိတာမျိုးလည်း မဖြစ်ရဘဲ ကိုယ်လည်း မတရားခံရတာမျိုး မဖြစ်ရပါဘူး။ အဲဒါကြောင့် ကိုယ့်အပေါ်မကောင်းတဲ့အာရုံတစ်ခုခုခံစားနေရပြီဆိုတာ “ငါ့စိတ်ကပဲ ထင်နေတာလား၊ ငါ့ကိုတကယ်မဖွယ်မရာလုပ်ဖို့ အကြံရှိနေတာလား” ဆိုတာကို သေချာသိအောင် လုပ်ပါ။ များသောအားဖြင့်ကတော့ သူတပါးပေါ် အလစ်အချောင်အခွင့်အရေးလိုချင်တာမို့ တဖြည်းဖြည်းသိသာပါတယ်။ မတော်တဆ ထိမိတွန်းမိတာမျိုးဆိုရင် မိန်းကလေးဘက်က မကြိုက်တဲ့အပြုအမူမျိုး ပြလိုက်တာ၊ ခန္ဓာကိုယ်ကို‌ရှောင်လိုက်တာ၊ ခပ်ခွာခွာနေလိုက်တာ၊ မျက်နှာအမူအရာနဲ့ ပြူးပြဲကြည့်လိုက်တာမျိုးလုပ်တဲ့အခါ သာမန်မတော်တဆထိခိုက်မိသူက ရှောင်သွားတတ်ပါတယ်။ သင်မကြိုက်တဲ့အပြုအမူမျိုးကို ရိပ်မိတာမို့ အလားတူထိမိ၊ တွန်းမိတာမျိုး ထပ်မလုပ်တော့ပါဘူး။

၂) ရှောင်ပြီးခပ်ခွာခွာနေကြည့်ပါ။
ပိုပြီးသိသာသေချာမှ ရဲရဲဝင့်ဝင့်တုံ့ပြန်နိုင်မှာမို့ ပထမ တစ်ခါနှစ်ခါ မတော်တဆများ ထိမိတာလားဆိုတာမျိုးသိသာအောင် ထိူကဲ့သို့ လုပ်တတ်သူအနားကနေ ခပ်ခွာခွာ‌ရှောင်လိုက်ပါ။ ဒါမှမဟုတ် ဘတ်စ်ကားချောင်တယ်ဆိုရင် ခပ်ဝေးဝေးကို သွားလိုက်ပါ။ ဘတ်စ်ကားအရမ်းကြပ်နေတယ်ဆိုရင်လည်း ကိုယ်အနီးဆုံးလူတစ်ယောက်ကို “ကျွန်မကို နေရာလေးချိန်းပေးပါလား” လို့ ပွင့်လင်းစွာပြောပြီး နေရာချိန်းပစ်လိုက်ပါ။ အဲဒီလိုနေရာချိန်းလိုက်တာတောင်မှ သင့်အနားပဲထပ်ကပ်လာတယ်ဆိုရင်တော့ သင့်ဘက်က ပြန်ပြီးတုံ့ပြန်ဖို့ သေချာပါပြီ။

၃) သက်သေရအောင်ယူပါ။
များသောအားဖြင့်က ဘတ်စ်ကားကြပ်တာကို အခွင့်ကောင်းယူတတ်သူတွေမို့ မတော်တဆထိဟန်နဲ့ သင့်ကို အသားယူနေမှာဖြစ်ပါတယ်။ အဲဒီလိုတမင်လုပ်နေတဲ့အချိန်မျိုးကို ဖုန်းကိုထုတ်ပြီး ခပ်တည်တည်နဲ့ ထိုလူဘက်လှည့်ပြီး ဓာတ်ပုံရိုက်တာမျိုးလုပ်ပစ်လိုက်ပါ။ ဒါမှမဟုတ် သင့်ကို မမဖွယ်မရာလုပ်ပြနေတဲ့အမူအရာကို ဓာတ်ပုံသာရိုက်ယူပစ်လိုက်တာ သင်လုပ်နိုင်တဲ့အနီးစပ်ဆုံးသက်သေပါပဲ။ အဲဒီ့အတွက် သင်ကမတရားလုပ်တဲ့သူမဟုတ်လို့ ရှက်စရာ၊ ကြောက်စရာမလိုပါဘူးနော်။ ခပ်တည်တည်နဲ့သာလုပ်ပါ။

၄) ဘေးပတ်ဝန်းကျင်ကို လေ့လာပါ။
နောက်တစ်ခုက “ဘတ်စ်ကားကြပ်ပြီ၊ မဖွယ်မရာလုပ်နေတယ်”လို့ စတင်ခံစားရကတည်းက ဘေးပတ်ဝန်းကျင်ကို ကြိုပြီးလေ့လာပါ။ ဘယ်သူတွေရှိနေသလဲ၊ ဘယ်နေရာမျိုးဆို ထိုလူနဲ့လွတ်မလဲဆိုတာမျိုးပေါ့။ ဒါမှမဟုတ် ဘယ်လိုလူတွေက ကိုယ့်ကိုကူညီနိုင်မလဲဆိုတာမျိုးပေါ့။

၅) အကူအညီရယူဖို့ကြိုးစားပါ။
ဘေးပတ်ဝန်းကျင်ကိုလေ့လာတဲ့အခါ ကိုယ့်အတွက် လွတ်မြောက်နိုင်မယ့်နေရာအပြင် ကိုယ့်ကို ကူညီနိုင်လောက်မယ့်လူမျိုးကို ရွေးပါ။ ကိုယ့်အမေအရွယ်၊ အဒေါ်အရွယ်စသဖြင့်ပေါ့။ အဲဒီလိုလူတွေကိုယ့်အနားမှာရှိသလား၊ မရှိရင် အဲဒီ့လိုလူတွေအနား နေရာပြောင်းလိုက်ပါ။ ဥပမာ.။ ကိုယ်က မျက်နှာကို ဒေါသထွက်ဟန်အမူအရာပြပြီး မကြိုက်တဲ့အပြုအမူပြလိုက်ပေမယ့် မဖွယ်မရာလုပ်နေတာကို ဖယ်မသွားဘူးဆိုရင် အနီးနားက အမျိုးသမီးဖြစ်ဖြစ်၊ ကိုယ့်ထက်အသက်ကြီးလောက်မယ့် မိန်းမသားချင်းကို “ကျွန်မ ဒီနေရာကိုလာချင်လို့ပါ” လို့ ပြောပြီး အကူအညီတောင်းလိုက်ပါ။

၆) ဘေးလူကိုအကူအညီတောင်းပါ။
နောက်ဆုံး ဘတ်စ်ကားအရမ်းကြပ်လို့ နေရာမပြောင်းနိုင်ဘူးဆိုရင် ကြိတ်ပြီး ရှက်ကြောက်လို့ ကြိတ်ခံနေစရာမလိုပါဘူးနော်။ ကိုယ့်ဘေးက လူကို ခပ်ရှင်းရှင်းပြတ်ပြတ်ပွင့်ပွင့်လင်းလင်းပြောပြပြီးအကူအညီတောင်းလိုက်ပါ။ “အဲဒီလူက ကျွန်မနားကိုအတင်းတိုးပြီး ဖိနေလို့၊ အဆင်မပြေဘူး၊ ကျွန်မနဲ့နေရာလေးချိန်းပေးပါ” ဆိုတာမျိုးပေါ့။ တစ်ခုတော့ သတိထားရမှာက ခါးပိုက်နှိုက်ဖြစ်နေရင်တော့ ကိုယ့်ကိုတောင် ပြန်ပြီး ရန်မူနိုင်တယ်ဆိုတာမမေ့ပါနဲ့။ အဲဒါကြောင့် ဘေးကလူကို ကိုယ်နဲ့နေရာချင်း ချက်ချင်းချိန်းဖို့အကူအညီတောင်းပြီး ချိန်းပစ်လိုက်တာပိုကောင်းပါတယ်။

၇) ရဲရဲဝင့်ဝင့် ပြတ်ပြတ်သားသားပြောဆိုပါ။
အဲဒီလိုမှမရဘဲ ကိုယ့်ကို ဆက်ပြီး မဖွယ်မရာလုပ်နေသေးတယ်ဆိုရင် ရဲရဲဝင့်ဝင့်ပြတ်သားစွာနဲ့ ခပ်မာမာပြောပစ်လိုက်ပါ။ လုံးဝကြောက်စရာမလိုပါဘူးနော်။ “ဒီမှာရှင် ဟိုဘက်ကို မတိုးဘဲ ဘာလို့ဒီဘက်ကိုချည်း ဖိတိုးနေတာလဲ၊ ခုချက်ချင်း ဟိုဘက်တိုးပါ၊” ပထမအကြိမ်ဒါမျိုး သတိပေးပါ။ အဲဒီလိုမှမရရင် ချက်ချင်းဓာတ်ပုံရိုက်ပြီး ရဲစခန်းကိုမောင်းခိုင်းမှာဖြစ်ကြောင်းအထိ ခပ်မာမာပြောလို့ရပါတယ်နော်။

၈) ငြိမ်ခံကြောက်လန့်မနေဘူးဆိုတာ သိပါစေ။
အဓိက အချက်က ဘတ်စ်ကားပေါ်မှာ မိန်းကလေးတွေကို မဖွယ်မရာလုပ်သူတော်တော်များများက အားနည်းသူ၊ ရှက်တတ်သူ၊ ကြောက်တတ်သူမျိုးကို ပစ်မှတ်အဖြစ် ရွေးကြတာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီလိုအခြေအနေမျိုးကြုံလာရင် လုံးရှက်ရွံကြောက်လန့်နေစရာမလိုပါဘူး။ ကြောက်လေ ပိုပြီး အနိုင်ကျင့်လေဆိုတာမမေ့ပါနဲ့။ အဲဒါအပြင် ဒီလိုကိစ္စမှာ မတရားအချောင်လိုချင်သူကသာ ရှက်ရာမှာဖြစ်ပါတယ်။ မတရားခံရသူက လုံးဝရှက်စရာကြောက်စရာမလိုပါဘူး။ အမှန်ကိုအမှန်အတိုင်း ချပြခြင်းသာဖြစ်တာကြောင့် သူတပါးအပေါ်အသားယူတတ်သူသာ လူအများကြားအရှက်ကွဲရမှာပါ။
လူတစ်ယောက်က လူတစ်ယောက်အပေါ်မတရားအချောင်စိတ်နဲ့စော်ကာားခြင်းက လူတိုင်းရဲရဲဝင့်ဝင့်ပြတ်သားစွာ ပြန်ပြီး တွန်းလှန်ရမှသာ တဖြည်းဖြည်း အဲဒီလိုဖြစ်ရပ်မျိုးတွေ လျော့နည်းပပျောက်သွားမျာဖြစ်ပါတယ်။ အဲဒါကြောင့် ရှက်ကြောက်သင့်တဲ့နေရာမှာသာ ရှက်ကြောက်ပါ။ မရှက်ကြောက်သင့်တဲ့နေရာမှာတော့ ရဲဝင့်ပြတ်သားစွာ အနိုင်ယူပါလို့ တိုက်တွန်းဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။