ရှုံးနိမ့်ချိန်မှာပြန်တွေးသင့်သော အရာများ

အောင်မြင်တဲ့သူမှန်သမျှ ကျရှုံးဖူးတဲ့သူတွေချည်းပါပဲ။ အဲဒီ့လိုပြောတာနဲ့ အမြဲကျရှုံးနေမယ်လို့လည်းတွေးနေလို့မရပြန်ပါဘူး။ အောင်မြင်တိုးတက်တဲ့လူဆိုတာက ကျရှုံးမှုတွေအခါခါကြုံလည်း ကျရှုံးမှုတွေဆီကနေ သူတို့ဘာတွေမှားသွားသလဲဆိုတာကို ပြန်ပြီးသင်ခန်းစာယူ၊ သင်ခန်းစာအခါခါရပြီး မဆုတ်မနစ်ပြန်လည်ကြိုးစားပြီး အောင်မြင်ကိုအောင်မြင်ရမယ်လို့ဆုံးဖြတ်ချက်ချထားတတ်သူတွေဖြစ်ပါတယ်။ အဲဒီ့အတွက် ကျရှုံးချိန်မှာ ကိုယ်ဘာကြောင့်ကျရှုံးရသလဲဆိုတာကို သူတို့ကသေချာသိအောင် ကြိုးစားသူတွေလည်းဖြစ်ပါတယ်။ အဲဒါကြောင့် သင်က သင့်ရည်မှန်းချက်အတွက် အောင်မြင်တဲ့သူဖြစ်ချင်ရင် သင်ရှုံးနိမ့်ချိန်မှာ ပြန်တွေးသင့်တဲ့အရာတွေရှိပါတယ်။


၁) ဘာကြောင့်ရှုံးနိမ့်ရတာလဲ။
ရှုံးနိမ့်ရတဲ့အကြောင်းကို အမှန်အတိုင်းမြင်အောင်သိဖို့လိုပါတယ်။ မအောင်မြင် မတိုးတက်တဲ့သူတော်တော်များများက ရှုံးနိမ့်ကျခြင်းရဲ့အကြောင်းရင်းကို သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ အခြားသောအကြောင်းအရာများအပေါ် အပြစ်လွှဲချတတ်တဲ့သူတွေဖြစ်ပါတယ်။ အပြစ်၊ အမှားက သူတို့ဆီမှာမူတည်နေတာမဟုတ်ဘူးလို့ ယူဆနေတဲ့အတွက်ကြောင့်ကို သူတို့ကိုယ်သူတို့မှန်တယ်လို့ထင်နေတတ်ကြပါတယ်။ အဲဒါကြောင့်လည်း အမှားပြင်စရာမလိုဘူးလို့ထင်နေလေ့ရှိပါတယ်။ အဲဒါကပဲ သူတို့ကို ရှုံးနိမ့်စေတာဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်းမြင်တတ်ဖို့လိုပါတယ်လို့ပြောတာဖြစ်ပါတယ်။ ကိုယ့်ကြောင့်ဖြစ်နေတာဆိုရင် ကိုယ့်အမှားကိုကိုယ်မြင်တတ်ဖို့လိုပါတယ်။ လက်ခံတတ်ဖို့လည်းလိုပါတယ်။ ပြုပြင်နိုင်ဖို့လည်းလိုပါတယ်။ အဲဒီ့အတွက် ရှုံးနိမ့်ရတဲ့အကြောင်းရင်းကို သေချာမြင်ပြီး သုံးသပ်နိုင်ဖို့လိုပါတယ်။

၂) ဘယ်နှစ်ကြိမ်ကြိုးစားပြီးပြီလဲ။
ကိုယ့်ကိုယ်ကိုယ်ဘာကြောင့်ခဏခဏရှုံးနိမ့်နေရသလဲဆိုတဲ့အကြောင်းရင်းကိုသိပြီးပြုပြင်မယ်လို့ဆုံးဖြတ်လိုက်တာ အဓိကလိုအပ်ချက်တစ်ခုပေါ့။ နောက်ထပ်တစ်ခုကတော့ ရှုံးနိမ့်မှုကြောင့်စိတ်ဓာတ်ကျနေတယ်ဆိုရင် ကိုယ်ဘယ်နှစ်ကြိမ်ကြိုးစားခဲ့ပြီးပြီလဲလို့ ကိုယ့်ကိုကိုယ်ပြန်မေးပါ။ ဇွဲမလျှော့ပဲကြိုးစားခဲ့တာ အကြိမ်ကြိမ်ရှိပြီဆိုရင် မအောင်မြင်စရာမရှိပါဘူး။ တခုခုအားနည်းချက်ရှိနေလို့သာမအောင်မြင်တာပါ။ ဖြစ်နိုင်ချေရှိတာက ရှုံးနိမ့်ရတဲ့အကြောင်းရင်းမှန်ကိုမသိလို့ ဒါမှမဟုတ် အကြိမ်ပေါင်းများစွာမကြိုးစားရသေးလို့ပါ။

၃) တကယ်ပြုပြင်လိုက်ရဲ့လား။
ကိုယ့်အမှားတွေကို ကိုယ်တကယ်ထိရောက်စွာပြုပြင်ဖြစ်ရဲ့လား….ဆိုတာကလည်း အရေးကြီးပါသေးတယ်။ ရှုံးနိမ့်နေတုန်းမှာတော့ သွေးပူပြီး ဘယ်လိုပြန်ကြိုးစားမှာဘာညာ ဆုံးဖြတ်တတ်ပေမယ့် မအောင်မြင်တဲ့သူတော်တော်များများက သွေးအေးသွားရင် ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ကြပါဘူး။ သွေးပူတုန်းက ချထားတဲ့ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ကြပါဘူး။ အဲဒါကြောင့် ကိုယ့်အမှားကိုပြုပြင်မယ်ဆိုပြီး သေချာမပြုပြင်ဖြစ်ကြတော့ဘဲ ဒုံရင်းကဒုံရင်းအခြေအနေမျိုးပဲပြန်ဖြစ်သွားတတ်တာကြောင့်လည်း ရှုံးနိမ့်မှုအခါခါကြုံနေရတတ်ပါတယ်။
အဲဒီ့အဓိကအချက် ၃ချက်ကို သေချာနားလည်သွားပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်လိုက်ပါ။ အဲဒီ့အကြောင်းရင်း ၃ချက်က ရှုံးနိမ့်ချိန်တိုင်းပြန်တွေးသင့်တဲ့အရာတွေပါပဲ။ ထိုအချက်တွေကိုတကယ်လိုက်နာနိုင်တဲ့အခါ ရှုံးနိမ့်ခြင်းကေန အောင်မြင်ခြင်းဖြစ်လာနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။