ကိုယ့်အပေါ်မောက်မာတဲ့သူကို ဘယ်လိုဆက်ဆံမလဲ။

ကိုယ့်အပေါ်မှာ မောက်မာစွာဆက်ဆံတာမျိုးခံရဖူးကြမှာပါ။ အဲဒီလိုလူမျိုးတွေကို ကိုယ်က ဘယ်လိုပြန်ပြီးတုံ့ပြန်မလဲ။ အောင်မြင်တဲ့လူတိုင်းက IQအပြင် EQ လည်းကောင်းကြပါတယ်။ ကိုယ့်အပေါ်မှာ ဒေါသထွက်အောင်တုံ့ပြန်တတ်သူမျိုး၊ ကိုယ့်အပေါ် တင်စီးသူတွေ၊ ကိုယ့်အပေါ်မောက်မာစွာဆက်ဆံတတ်သူတွေကို စိတ်ခံစားချက်အရ မတုံ့ပြန်ဘဲ အကောင်းဆုံးဖြစ်အောင် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ခံစားချက်ကို ပွင့်လင်းစွာပြောပြပါ။
ကိုယ့်ခံစားချက်ကို ထိန်းပြီး ကိုယ်ဘယ်လိုခံစားရသလဲဆိုတာကို ပြောပြပါ။ ဥပမာ။ ဒီလိုပြောတာကို ကိုယ်မကြိုက်တဲ့အတွက် ကျေးဇူးပြုပြီး နောက်ထပ်မသုံးနှုန်းပါနဲ့လို့မေတ္တာရပ်ခံတာမျိုးပေါ့။ ကိုယ့်ရဲ့ဒေါသအမျက်မာန်မာနမပါဘဲ အရိုးရှင်းဆုံး ကိုယ့်ခံစားအရ မနှစ်သက်တာကို ပြောပြပါ။

၂) ရှည့်လည်းလျှောက်သာပျားလည်းစွဲသာဆက်ဆံပါ။
ပြောချင်တာက ကိုယ်နဲ့သူရဲ့ဆက်ဆံရေးလည်း မပျက်စီးဘဲ မုန်းတီးတဲ့အဆင့်ထိမဖြစ်သွားစေဘဲ ကိုယ်မကြိုက်တာကိုလည်း မကြိုက်တဲ့အကြောင်း တဖက်လူသိသွားအောင် ယဉ်ကျေးစွာပြောပြဆက်ဆံခိုင်းတာဖြစ်ပါတယ်။ နှစ်ဖက်လုံးအတွက် အဆင်ပြေစေမယ့် တုံ့ပြန်နည်းကိုရွေးခိုင်းတာဖြစ်ပါတယ်။

၃) မပြုပြင်ချင်ပါနဲ့။
ကိုယ်ကလည်း ကိုယ့်ဒေါသကို မထိန်းနိုင်၊ သူကလည်း သူ့ဒေါသကို မထိန်းနိုင်ဘူးဆိုရင် တခါတည်း ရန်ပွဲဖြစ်ပြီး အမုန်းနဲ့ဇာတ်သိမ်းရမှာအမှန်ပါပဲ။ အဲဒါကြောင့် သူက သူ့အကျင့်အတိုင်းမောက်မာစွာဆက်ဆံတတ်တာက သူ့အကျင့်ပါ။ ကိုယ်က သူ့လိုမဖြစ်အောင် ထိန်းရမှာပါ။ နှစ်ဖက်လုံးအတွက် အဆင်ပြေစေမယ့်နည်းလမ်းကိုရွေးပါ။ သူ့လိုလူမျိုးကို ကိုယ်ကဘယ်လိုပြုပြင်ပေးလိုက်မယ်၊ ဘယ်လိုသင်ခန်းစာပေးလိုက်မယ် ဒါမှသူပြုပြင်သွားမယ်လို့များ မတွေးလိုက်ပါနဲ့နော်။ အမှားကြီးမှားသွားပါလိမ့်မယ်။ ထိုကဲ့သို့ မောက်မာစွာဆက်ဆံတတ်သူမျိုးက ပြုပြင်ပေးလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ သူ့လိုမဖြစ်အောင် ပြုပြင်ယူပါ။

၄)ငြင်းခုံဖို့ထက် သက်သေပြပါ။
သူမှန်တယ် ကိုယ်မှန်တယ်လို့ အပြိုင် သက်သေပြ ငြင်းခုံ၊ စကားနိုင်လုနေတာက အလကားပါပဲ။ အဖြေမထွက်နိုင်ပါဘူး။ သူအနိုင်ကိုယ်အနိုင်ပြောကြရာက အမုန်းနဲ့ဇာတ်သိမ်းနိုင်ပါတယ်။ အဲဒါကြောင့် လုံးဝမငြင်းခုံပါနဲ့။ ကိုယ်မှန်ကန်တယ်ဆိုတာကိုသာ သက်သေပြပါ။ ကိုယ့်ရဲ့လုပ်ရပ်တွေနဲ့ သက်သေပြပါ။ နှစ်ဖက်လုံး ခံစားချက်တွေပေါက်ကွဲနေချိန်မှာ မငြင်းခုံပါနဲ့။ ရန်များပါတယ်။ ဒေါသထွက်ရတာကြောင့် စိတ်ဖိစီးပါတယ်။

၅) သူတို့ဆက်ဆံတာ သူတို့အဆင့်အတန်း၊ ကိုယ်ဆက်ဆံတာ ကိုယ့်အဆင့်အတန်းဆိုတာ လုံးဝမမေ့ပါနဲ့။
ဒီစကားကို အဲဒီလိုမောက်မာတတ်သူတွေတွေ့ရင် သတိရပေးပါ။ စိတ်ထဲကနေ မကြာခဏရေရွတ်ပေးပါ။ သူတို့က သင့်ကိုဘယ်လိုဆက်ဆံပါစေ သူတို့အဆင့်အတန်းကိုဖော်ပြနေတာဖြစ်ပြီး သင်က ဉာဏ်ရှိစွာ ပညာရှိနည်းနဲ့ တုံ့ပြန်ခြင်းဟာ သင့်ရဲ့အဆင့်အတန်းပဲဖြစ်ပါလိ့မ်မယ်။ အဲဒါကြောင့် သူတို့အဆင့်အတန်းနဲ့တူသွားအောင် သင့်ကိုသင်မဆွဲချလိုက်ပါနဲ့နော်။
တခါတလေမှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။

အဲဒီလို ခံစားချက်တွေကိုထိန်းချုပ်လိုက်ခြင်းဟာ သင့်အတွက် နောက်ဆက်တွဲဆိုးကျိုးတွေထက် အားသာချက်တွေဖြစ်လာနိုင်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်တတ်တဲ့အကျင့်ဖြစ်လာတဲ့အခါ သင့်အတွက် အများကြီးအကျိုးရှိနိုင်ပါတယ်။ အဲဒါက သင့်ကို သူတို့ပြုမူသမျှ ငြိမ်ခံအရှုံးပေးခိုင်းတာမဟုတ်ပါဘူး။ သင်ကသာ ပညာရှိနည်းနဲ့အနိုင်ရသွားခြင်းသာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။