ရှုပ်ထွေးတဲ့ အခြေအနေမှာ ရိုးရှင်အောင် ဘယ်လိုနေမလဲ။

အရှုပ်အထွေးထဲမှာ ဘယ်သူမှ မပါဝင်ချင်ကြပါဘူး။ ရှုပ်ထွေးမှုက ကူးစက်တတ်တယ်ဆိုတာ သင်ယုံပါသလား။ တကယ်ပါ…..ပြဿနာတွေ၊ အရှုပ်အရှင်းတွေကြားထဲမှာ နေပါများလာတဲ့အခါ သင်ပါစိတ်တွေရှုပ်ထွေးပြီး နေရတာ အဆင်မပြေတော့တာမျိုး ဖြစ်စေပါတယ်။ အဲဒါအပြင် သင့်ရဲ့တက်ကြွလန်းဆန်းနေတဲ့စိတ်တွေတောင် ဘယ်ပျောက်လို့ ပျောက်သွားမယ်မှန်းမသိလောက်အောင် သင်ပါ ဦးနှောက်တွေ ထူပူသွားတာမျိုးဖြစ်စေပါတယ်။ အဲဒါကြောင့် ဘယ်သူကမှ အရှုပ်အထွေးတွေကို မကြုံချင်ကြသလို၊ ပါဝင်ဖို့လည်း စိတ်မဝင်စားကြပါဘူး။


ဒါပေမယ့်လည်း လူ့လောက လူ့ဘဝရဲ့သဘောကိုက အမြဲ ရှုပ်ထွေးမှု တစ်ခုမဟုတ်တစ်ခုနဲ့တော့ ကြုံရတာချည်းပဲ။ အသက်တစ်ရာသာမနေရတာ….အမှုတစ်ရာကတော့ ပွေရတယ် ဆိုတာမျိုးပါ။ အဲဒီ့တော့ လူမှန်ရင် ပြဿနာပေါင်းစုံ၊ အရှုပ်အထွေးပေါင်းစုံနဲ့ ကြုံရမှာပဲမို့၊ ထိုပြဿနာတွေကြားထဲကနေ ဘယ်လို ရှင်းအောင် နေမလဲဆိုတာကိုပဲ စဉ်းစားရမှာပါ။
မကြုံမဖြစ် ကြုံလာရမယ့် ပြဿနာတွေမှာ ဘယ်လိုရိုးရှင်းအောင်နေမလဲ၊ ဒါမှမဟုတ် ဘယ်လိုတည်ငြိမ်အောင်နေမလဲဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။
၁) အချိန်ယူပါ။
ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေဖြစ်နေတယ်ဆိုရင် စိတ်တွေကလည်း ရှုပ်ထွေးနေပြီး အာရုံတွေအရမ်းနောက်နေမှာပါ။ ထိုအချိန်မျိုးမှာ ဆုံးဖြတ်ချက်တွေမှားနိုင်သလို ဒေါသအလျောက် ပြောမိဆိုမိအော်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ခဏလေး ကိုယ့်ကိုကိုယ်စိတ်ငြိမ်ဖို့ အချိန်ပေးလိုက်ပါ။ အခြားသူများကိုလည်း “ဟုတ်ပြီ….အဲဒါဆို ခဏလောက် အချိန်လေးခြားပြီးမှ ဆက်ပြောကြရအောင်” ဆိုတာမျိုးနဲ့ ခဏအနားပေးလိုက်ပါ။
၂) အသက်ကိုပြင်းပြင်းရှုပါ။
ခဏလေး စိတ်ကိုအနားပေးတဲ့အချိန်မှာ ထူပူနေတဲ့စိတ်ကိုပြေလျော့စေဖို့ လက်ရှိနေရာကနေ တစ်နေရာကို ရှောင်လိုက်ပါ။ ဥပမာ မီတင်ခန်းဆိုရင် ကိုယ့်အခန်းကိုခဏပြန်ပြီး ပြတင်းပေါက်နားမှာ လေကို အဝရှုသွင်းလိုက်တာမျိုးပေါ့။ အသက်ကို ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပါ။
၃) စိတ်အေး၊ တည်ငြိမ်အောင်ကြိုးစားပါ။
တရားထိုင်တဲ့သဘောတရားလိုမျိုးပါပဲ။ ဘာမှ ဆက်မတွေးဘဲ မျက်လုံးမှိတ်ထားပြီး ခဏလောက်ငြိမ်ငြိမ်လေးထိုင်နေလိုက်ပါ။ အသက်ကို ရှုသွင်းရှုထုတ်မှတ်ပြီးတော့ ခဏလောက်ထိုင်နေလိုက်ပါ။
၄) ချရေးလိုက်ပါ။
သင့်စိတ်ငြိမ်ပြီဆိုမှ ခုလိုရှုပ်ထွေးနေရတဲ့အကြောင်းအရာကို စာရွက်ထဲ ချရေးလိုက်ပါ။ ဖြစ်စဉ်အကျဉ်းကိုပေါ့။ အဲဒီ့ထဲကမှ ဖြစ်လာရတဲ့ပြဿနာကို ရှာပါ။ ဘယ်လိုဖြေရှင်းမလဲဆိုတာ တွေးပါ။ ချရေးလိုက်တဲ့အခါ ဘယ်သူကြောင့် ဘယ်ဖြစ်တယ်ဆိုတာမျိုးရှင်းသွားသလို၊ အဖြေလည်း ထင်းခနဲပေါ်လာနိုင်တာပေါ့။
၅) တစ်နေရာကိုလမ်းလျှောက်ထွက်လိုက်ပါ။
ခဏတဖြုတ်လမ်းလျှောက်ထွက်လို့ရရင် ထွက်လိုက်ပါ။ အလင်းရောင်ရယ်၊ လေကောင်းလေသန့်ရယ်၊ မတူတဲ့ပတ်ဝန်းကျင်ရယ်က သင့်ကို အမြင်အာရုံပြောင်းလဲသွားစေတာပေါ့။ အာရုံပြောင်းပြီးတဲ့နောက်မှ ပြဿနာကိုပြန်တွေးတာပိုကောင်းပါတယ်။ အဲဒါမတူတဲ့အမြင်တွေ ထပ်ရလာစေတယ်လေ။
၆) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ကြည့်ပါ။
ထိုင်နေလို့အဖြေမထွက်ဘူး၊ ရှုပ်ထွေးနေတုန်းပဲဆိုရင် မတ်တပ်ရပ်ပြီး လေကိုရှုသွင်းတာမျိုး၊ အကြောဆန့်လိုက်တာမျိုး၊ လှုပ်ရှားမှုလုပ်လိုက်တာမျိုးကလည်း သင့်ကို အာရုံပြောင်းသွားစေပါတယ်။ အာရုံပြောင်းသွားတဲ့အခါကျတော့ ရှုပ်ထွေးမှုကို အာရုံမရတော့ဘူးပေါ့။
ရှုပ်ထွေးမှုတွေထဲက အဖြေကိုတော့ သင်ပဲရှာနိုင်တာမို့ ခေါင်းအေးတည်ငြိမ်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ သင့်ရဲ့စိတ်တွေ တည်ငြိမ်သွားပြီဆိုမှ ပြဿနာကို အစကနေ ချရေးထားပြီး ကြားထဲကဟာကွက်တွေ၊ ဒါမှမဟုတ် ပြန်သုံးသပ်တာတွေလုပ်တဲ့အခါ မတူတဲ့အမြင်တွေ ပြန်ရလာစေလို့ ရှုပ်နေတာတွေကို ရှင်းနိုင်မယ့် အဖြေလည်း ထွက်ပေါ်လာပါလိမ့်မယ်။
အဲဒါကြောင့် ရှုပ်နေသမျှကို ရှင်းချင်ရင် သင့်စိတ်ကို အရင် အေးဆေးတည်ငြိမ်အောင်လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ် ။ အထက်ကနည်းလမ်းလေးတွေလည်း လုပ်ကြည့်ပြီး အဆင်ပြေကြပါစေ ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။