အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲ။

လူတိုင်းမှာ အကျင့်ဆိုးတွေကိုယ်စီရှိတတ်ကြတာပါပဲ။ ကြီးတာနဲ့ သေးတာပဲကွာပါတယ်နော်။ အကျင့်ဆိုးအသေးအဖွဲလေးတွေကနေ အကျင့်ဆိုးကြီးကြီးမားမားထိ ပြောင်းလဲလာရင်တော့ မကောင်းတဲ့အကျိုးဆက်တွေသာ ဖြစ်လာပြီး သင့်ဘဝကိုပါထိခိုက်လာတဲ့အထိဖြစ်လာနိုင်ပါတယ်နော်။ အဲဒီ့တော့ ကိုယ့်ရဲ့အကျင့်ဆိုးတွေက ဘာတွေဖြစ်မလဲ သုံးသပ်ပြီး ကိုယ့်ရဲ့အကျင့်ဆိုးတွေကို အသေးအဖွဲလေးကစပြီး ပြုပြင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီး ချရေးပါ။
ကိုယ့်ရဲ့အကျင့်ဆိုးတွေကို ချရေးကြည့်လိုက်ပါ။ ကိုယ့်ဘဝဒီထက်ပိုတိုးတက်ချင်ရင် ကိုယ့်ရဲ့အကျင့်ဆိုးတွေကို ပြင်မှရမှာပါ။ အဲဒါကြောင့် အကြီးအသေးအလိုက် အကျင့်ဆိုးတွေကို နံပါတ်စဉ်တပ်ပြီး အသေးအဖွဲတွေကနေ စတင်ပြုပြင်ဖို့ ကိုယ်က ဘယ်နေရာမှာ ဆိုးဝါးစွာပြုပြင်သင့်နေသလဲ၊ ကိုယ်က ဘယ်နေရာမှာတော့ အသေးအဖွဲအကျင့်ဆိုးတွေရှိနေသလဲဆိုတာ သိဖို့ ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်း သုံးသပ်ဖို့လိုပါတယ်။ အကျင့်ဆိုးအသေးအဖွဲမို့ ပြုပြင်စရာမလိုဘူးရယ်လို့မရှိပါဘူးနော်။ အကျင့်ဆိုးမှန်ရင် ပြုပြင်နိုင်အောင်ကြိုးစားရမှာချည်းပါပဲ။ ဥပမာ။ ဆေးလိပ်ဖြတ်ချင်ပေမယ့် ပြန်သောက်မိနေတယ် ဆိုတာမျိုး၊ မနက်စောစောအိပ်ရာထချင်ပေမယ့် မနက်စောစောမထနိုင်ဘူး ဆိုတာမျိုးကနေ ဘဝအတွက် ဘာမှကြိုတင်စီစဉ်ထားတာမရှိဘဲ ဖြစ်သလို၊ အဆင်ပြေသလိုနေမိတယ်ဆိုတဲ့ အကျင့်ဆိုးတွေထိ ကိုယ့်ဟာကိုယ်သုံးသပ်နိုင်ဖို့လိုပါတယ်။

၂) အကျင့်ဆိုးတွေရဲ့ အကြောင်းရင်းကိုရှာပါ။
အကျင့်ဆိုးဖြစ်ရတဲ့အကြောင်းရင်းက ဘာလဲဆိုတာ သိအောင်လုပ်သင့်ပါတယ်။ အဲဒါမှ အကြောင်းရင်းဖြစ်ပေါ်မှုကို သိပြီး ရှောင်နိုင်ဖို့ကြိုးစားနိုင်မှာပါ။ ဥပမာ။ အကျင့်ဆိုးတစ်ခုကို နံပါတ်စဉ်တပ်ပြီး ချရေးလိုက်ပါ။ ပြီးရင် အကြောင်းရင်းကို မှတ်ချက်အနေနဲ့ချရေးထားလိုက်ပါ။
၁) ဆေးလိပ်များများသောက်မိနေတယ် (ဆေးလိပ်သောက်တဲ့အပေါင်းအသင်းတွေမြင်ရင်သောက်ချင်လာတယ်) စသဖြင့် အဲဒီလိုချရေးထားလိုက်ရင် အကြောင်းရင်းကိုသိသာလာစေပါတယ်။
၃) ကိုယ့်ကိုယ်ကိုယ်စည်းကမ်းပြန်သတ်မှတ်ပါ။
အကျင့်ဆိုးရဲ့ဘေးမှာ ကိုယ့်ပြုပြင်မယ့်စည်းကမ်းကိုချရေးထားလိုက်ပါ။ ဥပမာ။ ဆေးလိပ်လျှော့သောက်မယ်ဆိုရင် ဆေးလိပ်ကို တစ်နေ့ ဘယ်နှစ်လိပ်ပဲ သတ်မှတ်ပြီးသောက်မယ်ဆိုတဲ့စည်းကမ်းမျိုးကို ချရေးထားလိုက်ပါ။ ကိုယ့်ကိုယ် အကျင့်ဆိုးဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ဥပမာ။ အပေါင်းအသင်းတွေနဲ့တွေ့ရင် အရက်ပိုသောက်မိတယ်ဆိုရင် ထိုအပေါင်းအသင်းမျိုးကိုရှောင်လိုက်ပါ။ ဒါမှမဟုတ် အဲဒီ့အပေါင်းအသင်းမျိုးကို မဖြစ်မနေတွေ့တဲ့အခါ ဘီယာတစ်ဗူးပဲသောက်မယ်လို့သတ်မှတ်တာမျိုးပေါ့။

၄) ကိုယ့်ကိုယ်ကိုယ် control လုပ်နိုင်အောင်ကြိုးစားပါ။
ဘယ်သူက ဘယ်လောက်ပဲပြုပြင်တယ်ပြောပြော ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ရင် ဘယ်သူကမှ ဘာမှလုပ်ပေးလို့မရပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ကော်ဖီတွေ ၄ခွက်ထက်ပိုသောက်နေမိတယ်ဆိုရင် ကော်ဖီ တစ်နေ့ ၂ခွက်ပဲသောက်မယ်လို့ သတ်မှတ်ထားရင် ကိုယ်တိုင်ထိန်းချုပ်နိုင်မှရမှာပါ။ ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကို စတင်တဲ့နေ့မှာပဲ မနက်မိုးလင်းကတည်းက ကိုယ့်စည်းကမ်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးနေပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်တဖွဖွ သတိပေးနေတာမျိုးပေါ့ “ငါဒီနေ့ ကော်ဖီ ၂ခွက်ပဲသောက်မယ်၊” ကော်ဖီကို တစ်ခွက်စာပဲဖျော်တာမျိုး၊ ပိုမသောက်မိအောင် လုံးဝသတိထားတာမျိုးပေါ့ ။ “ငါဒီနေ့ ဆေးလိပ် ဘယ်နှစ်လိပ်သောက်မယ်” ဆိုပြီး သောက်မယ့်ဆေးလိပ်အရေအတွက်အတိအကျသာ ဆေးလိပ်ဗူးထဲထည့်ထားတာမျိုးပေါ့။

၅)အကျင့်ကောင်းတစ်ခုခုနဲ့အစားထိုးလိုက်ပါ။
ဥပမာ။ ဆေးလိပ်မသောက်ရရင် ဆေးလိပ်(၃)လိပ်ပဲသောက်မယ်လို့သတ်မှတ်ပြီး ဆေးလိပ်ဗူးထဲ ၃လိပ်သာထည့်ထားပါ။ ဆေးလိပ် ၃လိပ်ကုန်တာနဲ့ တခုခုစားပြီးတိုင်း ခံတွင်းချဉ်နေတယ်ဆိုရင် ပီကေဆောင်ထားတာမျိုးပေါ့။ ထမင်းစားပြီးတိုင်းဆေးလိပ်သောက်မိတယ်ဆိုရင် ထန်းလျက်ခဲငုံထားလိုက်တာမျိုးပေါ့။ ကိုယ့်အတွက် ဘေးဥပါဒ်မဖြစ်စေတဲ့အရာတစ်ခုခုနဲ့ အစားထိုးကြည့်ပါ။ ဥပမာ။ မနက်စောစောအိပ်ရာမထချင်ဘူး alarm သံကိုပြန်ပိတ်ပြီး ပြန်အိပ်မိတယ်ဆိုရင် မနက်ခင်း alarm မည်တာနဲ့ အထိတ်တလန့်ပုံစံမျိုးနဲ့ ထထိုင်လိုက်ပါ။ ချက်ချင်းထပြီး လမ်းထွက်လျှောက်တာဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုရှိတာဖြစ်ဖြစ် လုပ်လိုက်ပါ။ အဲဒါဆိုရင် သင့်ရဲ့အကျင့်ဆိုးလည်း ပျောက်၊ အကျင့်ကောင်းနဲ့အစားထိုးပြီးသားဖြစ်စေတာပေါ့။

အထက်ကအချက်တွေက နည်းလမ်းပြရုံသာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ့်အကျင့်ဆိုးကို ပြုပြင်နိုင်တာ ကိုယ်တိုင်ပါပဲ။ ကိုယ်မလုပ်ချင်ရင် ဘာမှလုပ်လို့မရသလို၊ ကိုယ်လုပ်ချင်ရင်လည်း ဘယ်သူမှတားလို့မရပါဘူး။ အဓိကက ကိုယ့်ရဲ့စိတ်ပဲဖြစ်တယ်ဆိုတာ သဘောပေါက်ပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်အောင်ကြိုးစားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့အကျင့်ဆိုးတွေလည်း တဖြည်းဖြည်း ထိန်းချုပ်နိုင်လာမှာပါ။ အဓိက အရေးကြီးဆုံးကတော့ သင်ကိုယ်တိုင်လုပ်ချင်စိတ်ရှိပြီး တကယ်အကောင်အထည်ဖော်ဖို့ပါပဲနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။