တစ်ယောက်တည်းအချိန်ဖြုန်းခြင်းရဲ့ကောင်းကျိုးများ

များသောအားဖြင့် တစ်ယောက်တည်းဖြစ်နေတယ်ဆိုရင် လူအချို့က မနှစ်သက်တတ်ကြပါဘူး။ “ငါတစ်ယောက်တည်း ပျင်းတယ်” “ ဘယ်သူမှမရှိလို့ ဘာလုပ်ရမှန်းမသိဘူး” “တစ်ယောက်တည်းဖြစ်နေတာ သနားပါတယ်” တို့ စသဖြင့် တစ်ယောက်တည်းသမားဖြစ်နေရင်ကို အလိုလိုသနားစရာကောင်းနေသလိုလို ပြောတတ်ကြပါသေးတယ်။ တကယ်တော့ “lonely” ဆိုတာက ယူတတ်ရင် အကျိုးအများကြီးရှိနိုင်ပါတယ်။ “freedom” ဆိုတဲ့လွတ်လပ်မှုတောင်ရနိုင်သေးရဲ့။ အဲဒီ့တော့ တစ်ယောက်တည်းဖြစ်နေတဲ့အခါ ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာဖတ်ကြည့်လိုက်ပါအုံးနော်။


၁) သင်စိတ်ကြည်လင်စေခြင်း
လူအများနဲ့နေရခြင်းက ကိုယ်ကြိုက်နှစ်သက်တာရော၊ ကိုယ်မကြိုက်နှစ်သက်တာရော အားလုံးနဲ့အဆင်ပြေအောင်နေရတာမို့ စိတ်အာရုံနောက်စရာတွေဖြစ်နိုင်ပါတယ်။ တစ်ယောက်တည်းဆို ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်မို့ စိတ်ကြည်လင်စေပါတယ်။

၂) ဖန်တီးနိုင်စွမ်းတိုးစေခြင်း
တစ်ယောက်တည်းဖြစ်နေတဲ့အခါ ကိုယ်ဝါသနာပါရာလေးတွေကို လုပ်နိုင်နေခြင်း၊ ကိုယ်ကြိုက်နှစ်သက်ရာတစ်ခုခုကိုလုပ်နေနိုင်ခြင်းကနေမှတဆင့် စိတ်ကြည်လင်နေတာကြောင့်ပိုပြီးတောင် ဖန်တီးနိုင်စွမ်းတိုးစေပါတယ်။

၃) သင့်ဘဝအတွက်ဖြစ်နိုင်ချေရှိတာတွေကို သုံးသပ်နိုင်ခြင်း
အဓိကကတော့ စိတ်ကြည်လင်နေခြင်းကြောင့် သင်ဖြစ်နိုင်ချေရှိတာတွေကို ပြန်လည်သုံးသပ်နိုင်လာမယ်၊ မဖြစ်နိုင်တာတွေကိုလည်း လက်ခံလာနိုင်ပါလိမ့်မယ်။

၄) သင့်ဘဝအတွက် ဦးစားပေးသင့်သည်ကို ပြန်လည်သတ်မှတ်နိုင်လာခြင်း
အဲဒီလို စိတ်ရှင်းနေတဲ့အခါ ကိုယ့်အတွက်ဖြစ်နိုင်တာက ဘာလဲ၊ ကိုယ့်တကယ်ဦးစားပေးသင့်တာကဘာလဲဆိုတာမျိုးပြန်လည်တွေးတောသုံးသပ်နိုင်လာပြီး ကိုယ့်အတွက် ဦးစားပေးသင့်တာကို ဆုံးဖြတ်ချက်ပြတ်သားစွာချနိုင်လာမှာပါ။

၅) ပိုပြီးအာရုံစိုက်နိုင်လာခြင်း
တစ်ယောက်တည်းနဲ့အများဆို အာရုံစိုက်နိုင်ခြင်းက သိသာပါတယ်။ အများနဲ့ဆို အာရုံထွေပြားနေတတ်သလို၊ တစ်ယောက်တည်းက အလုပ်တစ်ခုခုလုပ်မယ်ဆိုရင် ပိုပြီး အာရုံစိုက်နိုင်ပါတယ်။

၆) ကိုယ့်အားကိုယ်ကိုးတတ်လာခြင်း
“လူအများကြီးရှိမှ နေတတ်တယ်၊ တစ်ယောက်တည်းဖြစ်နေရင်မနေတတ်ဘူး” ဆိုတာမျိုးတွေ မရှိတော့ဘဲ ကျင့်သားရလာမှာပါ။ တစ်ယောက်တည်းရှိနေရခြင်းကိုတောင် ပိုပြီးနှစ်သက်လာပါလိမ့်မယ်။ တစ်ယောက်တည်းရှင်သန်တတ်လာမယ်၊ တစ်ယောက်တည်း ဆုံးဖြတ်တတ်လာမယ်၊ တစ်ယောက်တည်းဘဝကိုရင်ဆိုင်တတ်လာပါလိမ့်မယ်။ အချိန်တန်လူတိုင်းက တနည်းနည်းနဲ့ကိုယ့်အနားကထွက်သွားမယ့်လူတွေချည်းပါပဲ။ တစ်ယောက်တည်းရှင်သန်တတ်ခြင်းက ကိုယ့်အတွက်အကျိုးရှိစေပါတယ်။

၇) ကိုယ့်ကိုယ်ကိုယ်ပိုချစ်ခင်တတ်လာခြင်း
ကိုယ့်ကိုယ်ကိုယ်ပိုသိလာမယ်၊ ကိုယ့်စိတ်ကိုပိုနားလည်လာမယ်၊ ကိုယ့်ကိုယ်ကိုယ်ပိုပြီးချစ်ခင်တတ်လာပါလိမ့်မယ်။

၈) ကိုယ့်ကိုယ်ကိုယ်ပိုပြီးယုံကြည်မှုတိုးလာနိုင်ခြင်း
“ကိုယ်လုပ်နိုင်တယ်၊ ကိုယ်တစ်ယောက်တည်းလည်း အေးဆေးပဲဖြစ်တယ်” ဆိုတဲ့အတွေးတွေဝင်လာတာနဲ့အမျှ သင့်လည်း ကိုယ့်ကိုယ်ကိုယ်ပိုပြီးယုံကြည်မှုတိုးလာတာပါပဲပေါ့။
အဲဒီ့တော့ တစ်ယောက်တည်းရှိနေတဲ့အချိန်ဟာ အသုံးချတတ်တဲ့သူအတွက်တော့ quality time ဆိုတာ ပိုပြီးနားလည်တန်ဖိုးထားတတ်လာပါလိမ့်မယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။