တိုးတက်အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ လုပ်သင့်တဲ့အရာများ

ဒီနေ့ခေတ်မှာ တိုးတက်အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ လူတိုင်းနီးပါး ကြားဖူးသိဖူးနေကြမှာပါ။ အကြောင်းအရာက မစိမ်းပေမယ့် ဒီနေ့ခေတ်မှာက တိုးတက်လာတဲ့နည်းပညာတွေနောက်လိုက်ရင်းနဲ့ အချိန်ဖြုန်းစရာတွေကလည်း များလွန်းလှပါတယ်။ အဲဒါကြောင့် သိပေမယ့် တကယ်တမ်းမလိုက်နာရင်တော့ တိုးတက်နိုင်မှာမဟုတ်ပါဘူး။ အမှန်တကယ် ဖြစ်မြောက်အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် အောက်က အချက်လေးတွေကို စတင်လိုက်နာကြည့်လိုက်ပါ။


၁) ကိုယ့်ကိုကိုယ်ဆန်းစစ်သုံးသပ်ပါ။
ကိုယ့်ကိုယ်ကိုယ် အမြဲဆန်းစစ်သုံးသပ်သင့်ပါတယ်။ အဲဒါမှ ဘယ်အရာတွေကို ကိုယ်ပိုပြီး အာရုံစိုက်ကြိုးစားသင့်သလဲ၊ ဘယ်အရာတွေကိုတော့ လျစ်လျူရှုသင့်သလဲ၊ ကိုယ့်ရဲ့အကျင့်ဆိုးတွေက ဘာလဲ၊ ဘယ်လိုမျိုး ဖျောက်မလဲ၊ ကိုယ့်အရည်အချင်းတိုးတက်လာဖို့ ဘာတွေဆက်လုပ်သင့်သလဲ စသဖြင့် ကိုယ့်ကိုကိုယ် မလိမ်တမ်း ဝေဖန်ဆန်းစစ်သင့်ပါတယ်။ အဲဒါမှ ကိုယ့်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာကို သိလာမှာပါ။

၂) အကျင့်ဆိုးတွေကို ဖျောက်ပြီး ကောင်းမွန်တဲ့အကျင့်တွေကို ကျင့်ယူပါ။
အကျင့်ဆိုးတွေကို သိလာတဲ့အခါ ဖျောက်ဖျက်ပစ်နိုင်ဖို့ကြိုးစားပါ။ ကိုယ့်ကိုကိုယ့် ဘယ်အကျင့်တွေကတော့ ကောင်းမွန်ပြီး ဘယ်အကျင့်တွေကတော့ ကိုယ့်ကိုဖျက်စီးပစ်နိုင်သလဲဆိုတာသိလာရင် ဖျောက်သင့်တာဖျောက်၊ ကျင့်ယူသင့်တာကျင့်ယူဖို့ ကြိုးစားပါ။ အကျင့်ကောင်းတွေ များသထက်များလာမှ ပိုပြီး တိုးတက်နိုင်တဲ့လူတစ်ယောက်ဖြစ်လာမှာပါ။ အမြဲမှန်နေတဲ့သူကတော့ မရှိပါဘူး။ အမှားနည်းလာအောင် ကြိုးစားပါ။

၃) အတိတ်ကို သင်ခန်းစာယူပြီး ပစ္စုပ္ပာန်မှာ ကောင်းကောင်းအသုံးချပါ။
အတိတ်မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ထိုင်ပြီး ပူဆွေးနေတာက သင့်အချိန်ကို ပိုကုန်စေပါတယ်။ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး ခုလက်ရှိအချိန်ကို အကောင်းဆုံးကြိုးစားပါ။ အဲဒါမှ အနာဂတ်အတွက် သင်စီမံကိန်းချပြီးသား အကောင်းဆုံးရလဒ်တွေရနိုင်မှာပါ။

၄) စာဖတ်ပါ။
အားလုံးသိကြတဲ့အတိုင်းပဲ စာဖတ်ခြင်းက နေ့စဉ်ပြုလုပ်သင့်တဲ့အလုပ်ပါ။ ဘာမှလုပ်စရာမရှိရင် စာဖတ်နေခြင်းကပင် အလုပ်ဖြစ်ကြောင်းသိဖို့လိုပါတယ်။ စိတ်ကူးယဉ်ပြီး စာအုပ်တွေထဲ အိပ်ပျော်နေရင်တော့ တိုးတက်မှာမဟုတ်ပါဘူး။ စာထဲက ခွန်အားယူသင့်တာယူဖို့။ စာထဲက သင်ခန်းစာယူသင့်တာယူဖို့၊ စာထဲက လက်တွေ့ကျင့်သုံးသင့်တာကျင့်သုံးဖို့။ စာကိုသင့်လက်တွေ့ဘဝမှာ အသုံးချနိုင်မှ တိုးတက်မှာဖြစ်ပါတယ်။ စာဖတ်တဲ့သူက စာမဖတ်တဲ့သူထက်ကို ခေါင်းတစ်လုံးပိုသာနေမှာပါပဲ။

၅) စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော်ပါ။
စီမံကိန်းအမျိုးမျိုးချမှတ်ခြင်းက သင့်ဘဝကို ဘယ်လိုနည်းနဲ့ပုံဖော်မလဲဆိုတာကို ပိုပြီးရှင်းလင်းသွားစေနိုင်ပါတယ်။ အချိန်သတ်မှတ်ပြီး သေချာစီမံကိန်းဆွဲ၊ အကောင်အထည်ဖော်ခြင်းက သင့်ရဲ့လက်ရှိအချိန်ကို အာရုံပိုစိုက်ဖို့ တွန်းအားလည်းဖြစ်စေပါတယ်။ အဲဒါကြောင့် သင်ချမှတ်ထားတဲ့ ၁၀၀ရာခိုင်နှုန်းက မဖြစ်မြောက်လာရင်တောင် ၈၀ရာခိုင်နှုန်းလောက်ကတော့ အသေအချာဖြစ်လာနိုင်ပါတယ်။ ဘာမှမဖြစ်လာတာထက်စာရင် စီမံကိန်းသေချာချမှတ်ပြီး အချိန်သတ်မှတ်ပါ။ သတ်မှတ်ချက်အတိုင်း မဖြစ်မနေ ပုံဖော်နိုင်အောင် ကြိုးစားပါ။ အဲဒါက သင့်ကို အချိန်နဲ့အမျှ တိုးတက်စေပါတယ်။

၆) ကိုယ့်ပိုင်အရည်းအချင်းထက်မြက်လာဖို့သင်ယူပါ။
ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကသာ ကိုယ့်ရဲ့ရတနာသိုက်ဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းကို အမြဲတစေ ထက်မြက်လာဖို့ ကြိုးစားပါ။ နေ့စဉ်နဲ့အမျှ သင်ယူနေပါ။ ကိုယ့်ပိုင်အရည်အချင်းရှိတဲ့သူအတွက် ဘယ်နေရာရောက်ရောက် ထင်ပေါ်ပါလိမ့်မယ်။ အောင်မြင်ဖို့လည်း လွယ်ကူပါလိမ့်မယ်။ ဘယ်သူ့ကိုမှ မမျှော်ကိုးပါနဲ့။ မိမိရဲ့အရည်အချင်း တစ်နေ့တခြားထက်မြက်လာလေလေ ငွေက ကိုယ့်နောက်လာလေလေဖြစ်နေမှာပါ။

၇) ငွေစုပါ။
ကိုယ်သန်မာဖြတ်လတ်နေတုန်းမှာ ငွေစုပါ။ များသောအားဖြင့်က လူငယ်ဘဝမှာ ငွေစုဖို့မေ့လျော့နေတတ်ကြပါတယ်။ အပေါင်းအသင်းနဲ့ အပျော်အပါးတွေများတဲ့အပြင် ပေါ်သမျှ အသစ်အဆန်းတွေနောက်ကို လိုက်ရင်း ငွေစုတဲ့ဆီမရောက်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်ကြိုးစားရှာဖွေနိုင်တုန်း သန်မာဖြတ်လတ်နေတုန်းမှာ ငွေကို သေချာစီမံကိန်းချပြီး စုပါ။ ဥပမာ။ ပညာရေးအတွက် ဘယ်လောက်၊ ကျန်းမာရေးအတွက်ဘယ်လောက်၊ တစ်နှစ်တစ်ခါခရီးထွက်ဖို့ဘယ်လောက် စသဖြင့်ပေါ့။ လုံးဝထုတ်မသုံးဘဲ ရေရှည်စုမယ့်ငွေပမာဏတစ်ခုသတ်မှတ်ထားသင့်ပါတယ်။ အဲဒီ့ရေရှည်စုငွေက နောင်တစ်ချိန်မှာ သင့်အတွက် အရင်းအနှီးတစ်ခုခုဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ငယ်ရွယ်တုန်း ငွေရှာနိုင်တုန်း ငွေစုဖို့ မမေ့ပါနဲ့။

၈) ခရီးထွက်ပါ။
တစ်နှစ်တစ်ခါဖြစ်ဖြစ် အချိန်တစ်ခုခုသတ်မှတ်ပြီး ခရီးထွက်သင့်ပါတယ်။ ငယ်ရွယ်ဖြတ်လတ်နေတုန်း ကိုယ်သွားချင်တဲ့ခရီးကို စိတ်လွတ်ကိုယ်လွတ်သွားသင့်ပါတယ်။ ခရီးထွက်ခြင်းက သင့်ကို ဗဟုသုတအမျိုးမျိုးရစေသလို စိတ်ချမ်းသာပျော်ရွှင်စေပါတယ်။ အခြားသော အပျော်အပါးတွေကြောင့် ငွေကုန်မှာထက်စာရင် ဓာတ်ပုံလှလှလေးတွေပြန်ကြည့်တိုင်း ပျော်ရွှင်မှုကို ပြန်အမှတ်ရစေမယ့် ခရီးထွက်ခြင်းကြောင့် ငွေကုန်တာက ကုန်ရကျိုးနပ်စေပါတယ်။

၉) အိမ်မှုကိစ္စတွေကို သင်ယူထားပါ။
အချို့သောမိဘတွေက ယောကျ်ားလေးမို့အိမ်မှုကိစ္စမသင်ခိုင်းတာမျိုး၊ အိမ်ထောင်မကျသေးလို့ အိမ်မှုကိစ္စမသင်ပြတာမျိုးက မှားပါတယ်။ ဘယ်နေရာရောက်ရောက် တကိုယ်တည်းလည်း ချက်ပြုတ်ပြင်ဆင်တတ်အောင်၊ စားတတ်သောက်တတ်၊ နေတတ်ထိုင်တတ်အောင် သင်ယူထားသင့်ပါတယ်။ အဲဒါက ဘယ်နေရာရောက်ရောက် သင့်ကို အခက်မတွေ့စေပါဘူး။

၁၀) ပြတ်သားဖို့မကြောက်ပါနဲ့။
ကိုယ်ရဲ့လူငယ်ဘဝမှာ မပြတ်သားမှုတွေကြောင့် အချိန်တွေအလကားမကုန်ပါစေနဲ့။ ပြတ်သားသင့်တဲ့အရာတွေထဲမှာ ကိုယ့်အတွက် လုံးဝမကောင်းတဲ့အပေါင်းအသင်း၊ ကိုယ့်အပေါ်လုံးဝမကောင်းတဲ့ချစ်သူ၊ ကိုယ့်ကို ဒုက္ခပေးတတ်သူ အားလုံးကို မပြတ်သားခြင်းက အဆိုးဆုံးပါပဲ။ ထိုလူတွေက သင့်ရဲ့လူငယ်ဘဝကို တန်ဖိုးရှိစွာကုန်ဆုံးမှာထက် အလကားကုန်ဆုံးသွားအောင်လုပ်နိုင်ပါတယ်။ အဲဒီလူမျိုးတွေကို သင်ပြတ်သားစွာစွန့်လွှတ်ပါ။ သင့်ဘဝအတွက် အကောင်းဆုံးကြိုးစားရမယ့်အချိန်က အခုလက်ရှိအချိန်ပဲဆိုတာ သင်ကိုယ်သင်သတိပေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။