ဒီနေ့ခေတ်မှာ သင့်ထံမှ သင့်ကလေးအမှန်တကယ်လိုအပ်နေတဲ့အရာများ

ဒီနေ့ခေတ်မှာ ကလေးတွေအတွက် အဓိက လိုအပ်နေတဲ့အရာတွေကို သိရက်နဲ့လျစ်လျူရှုနေမိကြတာများပါတယ်။ ကလေးအတွေက် လုပ်ပေးသင့်တဲ့တာဝန်ပြီးလို့ အပန်းဖြေတဲ့အနေနဲ့ ရုပ်ရှင်ကြည့်တာလောက်ကို အပြစ်မပြောချင်ပေမယ့် ခုခေတ်မှာတော့ ဖုန်းကို မချတမ်း ကြည့်နေတတ်တဲ့မိဘတွေများလာပါတယ်။ ဖုန်းကိုချည်းအာရုံစိုက်နေတဲ့အခါ ကလေးတွေမှာ လျစ်လျူရှုခံနေရသလိုခံစားရလာနိုင်ပါတယ်။ အဲဒါအပြင် လူကြီးတွေကိုလိုက်အတုခိုးပြီး ဖုန်းကြည့်ဖို့ စိတ်ဝင်စားလာခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထို့ထက်ဆိုးတာကတော့ ဖုန်းကိုပဲ အာရုံရှိနေတဲ့လူကြီးတွေက ကလေးတွေရဲ့ သိချင်၊ စူးစမ်းချင်တဲ့စိတ်နဲ့ မေးမြန်းလာသမျှကိုလည်း စိတ်မရှည်နိုင်တော့ပါဘူး။ အဲဒီ့အခါ ကလေးငယ်တွေရဲ့စိတ်မှာ ဒဏ်ရာဖြစ်လာနိုင်သလို၊ အထီးကျန်ခြင်းခံစားလာရနိုင်ပါတယ်။ မိဘတွေရဲ့အာရုံစိုက်မှုရလိုရငြား ဂျစ်တီးဂျစ်ကန်နဲ့ ဆိုးပေတတ်လာတဲ့ကလေးမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ ကလေးတွေ မိဘတွေဆီက အဓိက လိုအပ်နေတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဘာသာစကားတိုးတက်မှု
ဟားဗတ်တက္ကသိုလ်ရဲ့ ဒါရိုက်တာတစ်ဦးက ပြောဖူးပါတယ်။ ကလေးငယ်တွေရဲ့ဦးနှောက်က သူတို့ရဲ့မိဘဖြစ်သူနဲ့အပြန်အလှန်အမေးအဖြေလုပ်ကြတဲ့အခါမျိုးမှာ ပိုပြီးဖွံ့ဖြိုးလွယ်ပါတယ်။ ဖုန်းတွေကတော့ အဲဒါကို နှောင့်ယှက်နိုင်ပါတယ်။ ဖုန်းကိုခဏတဖြုတ်ချထားပြီး အမေလုပ်သူက ကလေးကို စကားပြောပေးခြင်းက ကလေးရဲ့ဘာသာစကားကိုပိုပြီးတိုးတက်စေနိုင်ပါတယ်။ ကလေးနဲ့ စကားပြောနည်းတဲ့မိခင်ကြောင့် ကလေးရဲ့ဘာသာစကား၊ စကားလုံးကြွယ်ဝမှုက အားနည်းတတ်ပါတယ်။

၂) စိတ်ရှည်တဲ့မိဘများ
လေ့လာချက်တွေအရ မိဘတွေက ဖုန်းပေါ်အာရုံရောက်နေတဲ့အခါ ကလေးကို စိတ်မရှည်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါ ကလေးကိုလည်း သေချာဂရုမစိုက်နိုင်သလိုဖြစ်လာပါတယ်။ ထိုအခါ ကလေးရဲ့စိတ်ထဲမှာ သူတို့တွေက အရေးမကြီး၊ အရေးမပါတဲ့လူတစ်ယောက်အဖြစ်ခံစားရတတ်ပါတယ်။ တကယ်တမ်းအရေးကြီးတာက သင့်လက်ထဲကဖုန်းကိုချထားဖို့ပါပဲ။ ကလေးတွေက သင်တို့ရဲ့အာရုံစိုက်မှုကိုလိုချင်ကြပါတယ်။ ဖုန်းကိုသင့်ရဲ့မြင်ကွင်းထဲမှာ ရှိမနေအောင် ထားလိုက်ပါ။ ထိုအချိန်တစ်ခုသတ်မှတ်ထားပါ။ ကလေးကိုအာရုံစိုက်ပြီး စိတ်ရှည်စွာ မေးခွန်းတွေမေးမယ်၊ ရယ်စရာတွေပြောပြမယ် ၊ ကလေးရဲ့စကားကိုသေချာစွာနားထောင်မယ်စသည်ဖြင့် အချိန်တစ်ခုသတ်မှတ်ထားသင့်ပါတယ်။ တကယ်တမ်းကလေးတွေလိုအပ်နေတာက ရုပ်ဝတ္ထုပစ္စည်းတွေထက် စိတ်ရှည်တဲ့မိဘများကိုပဲဖြစ်ပါတယ်။

.၃) အပြန်အလှန်ဆက်ဆံဖို့
မိဘတွေက ဖုန်းကိုသာအာရုံထားနေတဲ့အခါ သားသမီးတွေနဲ့ အပြန်အလှန်ဆက်ဆံဖို့ ပျက်ကွက်သွားကြပါတယ်။ ရင်းနှီးချစ်ခင်မှုဆိုတာ အပြန်အလှန်ဆက်ဆံခြင်းကနေဖြစ်ပေါ်လာတာပါ။ မိဘရဲ့ဂရုစိုက်မှုကိုမခံရတဲ့ကလေးငယ်က သနားစရာကောင်းပါတယ်။ ကလေးငယ်တွေရဲ့ဘဝမှာ မိဘသာ အဖော်၊မိဘသာသူငယ်ချင်းမိတ်ဆွေ၊ မိဘသာ အားကိုးစရာဖြစ်နေတာမို့ ဖုန်းကိုချပြီး ကလေးငယ်နဲ့အပြန်အလှန်ဆက်ဆံမှုရှိဖို့ အချိန်ပေးသင့်ပါတယ်။ ကလေးငယ်ကို “သားရေ….ဒီအပင်လေးရဲ့အပွင့်တွေက ဘာအရောင်လဲ၊ ဒီငှက်ကလေးက ဘာငှက်လို့ခေါ်လဲသိလား” စသည်ဖြင့် အရေးတယူစကားပြောဆက်ဆံပေးသင့်ပါတယ်။ ဒီနေ့ခေတ်မှာ မိဘက ကလေးရဲ့ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးပြီးတာနဲ့ ဖုန်းကိုသာအာရုံရောက်သွားတတ်ကြပါတယ်။ သိပေမယ့် ဂရုစိုက်သတိထားသင့်တဲ့အချက်ဖြစ်ပါတယ်နော်။
ကလေးရဲ့အသက်အရွယ်ဘယ်လောက်ပဲဖြစ်ပါစေ၊ ကလေးနဲ့သင့်ကြားက ရင်းနှီးဆက်သွယ်မှုကိုတော့ ပြတ်တောက်စေလို့မဖြစ်ပါဘူး။ အဲဒါမှ ကလေးရဲ့စိတ်ခံစားချက်အမှန်၊ ကလေးရဲ့အပေါင်းအသင်းပတ်ဝန်းကျင်၊ ကလေးရဲ့ မှားယွင်းနေတဲ့အကျင့်ဆိုးတွေ၊ အကျင့်ကောင်းတွေကို သင်အမြဲမပြတ်သိနေမှာပါ။ သိနေမှ သွန်သင်သင့်တာသွန်သင်၊ ဆုံးမသင့်တာဆုံးမပြီး ကလေးကလည်း သင့်ကိုအမြဲရင်ဖွင့်ရဲတဲ့မိဘဖြစ်နေဖို့လိုပါတယ်။ အဲဒါကြောင့် သင့်ကလေးနဲ့သင်ရဲ့ အပြန်အလှန်ဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်ထားဖို့ကလည်း ကလေးအတွက်လိုအပ်ပါတယ်။

၄) ချစ်ခြင်းတရား
ကလေးကို ပွေ့ဖက်ပေးတာ၊ အချစ်ဆုံးလို့ပြောပေးတာတွေက နေ့စဉ်လိုအပ်နေတဲ့အရာတွေပါပဲ။ မျက်လုံးချင်းဆုံပြီး ကလေးကို ကြင်နာပေးတာ၊ ပြုံးပြတာ၊ ပွေ့ဖက်တာတွေကို အမြဲလုပ်ပေးသင့်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကလေးကို ချစ်ခြင်းတရားပေးတာထက် ဖုန်းကိုအလေးပေးအသုံးပြုနေကြတာမို့ သတိထားသင့်ပါတယ်။ ဖုန်းကိုအသုံးပြုလိုက်လို့အချိန်ကုန်သွားမယ့်နေရာမှာ ကလေးကို ချစ်ခင်ကြောင်းပြသပြီး ကလေးနဲ့လက်ပွန်းတတီးနေပေးလိုက်တာက ကလေးရဲ့ပျော်ရွှင်ဖွယ်အမှတ်ရစရာလေးတွေဖြစ်စေပါတယ်။

ကဲ…..အခုချိန်ကစပြီး ဖုန်းသုံးမယ့်အချိန်ကို လျော့ချလိုက်ပြီး သင့်ကလေးလိုအပ်နေတာလေးတွေကို ပေးခြင်းက သင့်ကလေးရဲ့ တစ်သက်တာမှာ ပျော်စရာလေးတွေအမှတ်ရစရာလေးတွေဖြစ်စေမှာပါ။
http://www.imom.com/something-your-kids-need-way-more-than-organic-food/#disqus_thread
လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။