ရုပ်ရည်ချောမောလှပမှု၊ ကြိုးစားမှု၊ အရည်အချင်းနဲ့ ငွေကြေး

လူတစ်ယောက်အတွက် ရုပ်ရည်ချောမောလှပမှုက အရေးကြီးပါသလား။ ဒီမေးခွန်းကို ဆယ်ကျော်သက်အရွယ်လောက်မှာဆိုရင်တော့ ရုပ်ရည်လှပမှုက အရေးကြီးတယ်လို့ဖြေမိမယ်ထင်ပါတယ်။ မိန်းကလေးတွေကော ၊ ယောကျာ်းလေးတွေက ထိုအရွယ်မှာ ဆန့်ကျင်ဘက်လိင်ကိုစတင်စိတ်ဝင်စားတဲ့အချိန်ဖြစ်တာမို့ အရမ်းလည်း လှချင်ပချင်တဲ့အရွယ်ဖြစ်နေတာကိုး။ ဒါပေမယ့် ကိုယ့်ရဲ့မလှပတဲ့ရုပ်ရည်အတွက်၊ အပေါ်ယံအရေပြားအတွက်လည်း စိတ်ထိခိုက်မဆုံးဖြစ်နေစရာမလိုပါဘူး။ ရုပ်ရည်ဆိုတာ အပေါ်ယံအမြင်တွေပါပဲ။ ကိုယ်က အများငေးကြည့်ရလောက်တဲ့ရုပ်ရည်မျိုးမပိုင်ဆိုင်ထားပေမယ့် လူအများအားကျရလောက်အောင်၊ အထင်ကြီးလေးစားအောင် လုပ်လို့ရပါတယ်။


ရုပ်ရည်ကြောင့် သင့်ကိုလူတကာအားကျတော့ကော အချိန်တန်ရင် အရွယ်ဆိုတာ ညာလို့မရပါဘူး။ လူတိုင်းက မွေးတစ်နေ့သေတစ်နေ့မို့ အိုရမယ်၊ နာရမယ်၊ သေရမယ့်သူတွေချည်းပါပဲ။
သင်အိုသွားတဲ့အခါ သင်ရဲ့ရုပ်ရည်က အရာမဝင်မတော့ပါဘူး။ ငယ်တုန်းက သင်ဘယ်လောက်ချောမောလှပခဲ့တယ်ဆိုတာက သင်အိုမင်းတဲ့အချိန်မှာ သင့်ကိုကြည့်ပြီး တရားရစရာဖြစ်သွားမှာ။ သင်ငယ်ငယ်က ချောမောလှပမှုက “သူငယ်တုန်းကတော့ဘယ်လောက်ချောမောလှပခဲ့တာ၊ ခုတော့ကြည့်ပါအုံး တော်တော်အိုစာသွားတာပဲ” ဆိုတဲ့စကားမျိုးပဲ သင်ပြန်ရမှာပါ။ အဲဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။ အက်မင်ကတော့ သေသွားလည်း နာမည်မသေတဲ့ဘဝမျိုးကိုပဲ တန်ဖိုးရှိတဲ့ဘဝတစ်ခုလို့ မှတ်ယူပါတယ်။ လူသေသွားပေမယ့် သူ့ရဲ့အရည်အချင်းတွေနဲ့ ကြိုးစားမှုတွေက အတုယူစရာဖြစ်နေတာမျိုးပေါ့။ ဥပမာ။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆိုရင် သေဆုံးခဲ့တာကြာပြီဖြစ်ပေမယ့် ခုချိန်ထိ တလေးတစားနဲ့ လေးစားနေတုန်း၊ နာမည်ကြားလိုက်တာနဲ့ ရင်ထဲမှာ နွေးထွေးနေတုန်းပါပဲ။ အဲဒါက ဘာကိုပြသလဲဆိုရင် လူသေပေမယ့် အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် နာမည်မသေဆုံးဘဲ ခုထိစွဲထင်နေတာပါပဲ။
ပြောချင်တာက အခြားနည်းလမ်းနဲ့ သင့်နာမည်ကို သင့်ရုပ်ရည်ထက်လူတန်ဖိုးထားအောင် ကြိုးစားလို့ရပါတယ်။ အဓိကက အရည်အချင်းပါပဲ။ သင့်မှာ အရည်အချင်းနဲ့ပြည့်ဝတဲ့အခါ သင့်ရဲ့ရုပ်ရည်ချောမောလှပသည်ဖြစ်စေ၊ မလှပသည်ဖြစ်စေ အဓိကမကျတော့ပါဘူး။ လူတိုင်းမှာ အားနည်းချက်ရှိသလို အားသာချက်လည်းရှိပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားသာချက်ကို ပိုပြီးအစွမ်းထက်လာအောင် ကြိုးစားဖို့သာလိုပါတယ်။ အဲဒီ့တော့ သင့်ရဲ့အရည်အချင်းကို ထက်လာအောင် ကြိုးစားပါ။ သင့်အရည်အချင်းက သင်ကြိုးစားရင်ကြိုးစားသလို ထက်မြက်လာနိုင်ပါတယ်။ ကြိုးစားသလောက် တော်လာနိုင်ပါတယ်။ သင့်ရုပ်ရည်ကတော့ ဘယ်လောက်ပဲလှပအောင် ပြင်ဆင်နေထိုင်ပါစေ၊ တစ်ချိန်ကျရင် အိုမင်းရမှာပါ။ ရုပ်ရည်လှပမှုကို အစွမ်းကုန်ကြိုးစားပြီး ရုပ်ရည်ကြောင့် ချည်းကပ်လာတဲ့သူတွေရှိရုံနဲ့ ကိုယ့်ကိုကိုယ်ပြည့်စုံပြီထင်နေတာမျိုးမဖြစ်သင့်ပါဘူး။ ကိုယ့်ကို ရုပ်ရည်ကြောင့် ချည်းကပ်လာသူသည် တစ်နေ့ကိုယ့်ရုပ်ရည်၊ ကိုယ်ခန္ဓာယိုယွင်းခဲ့သော် လက်ခံနိုင်ပါ့အုံးမလား။
ဒီနေ့ခေတ်မှာ လိုချင်တပ်မက်စရာတွေကများပြားလွန်းတာမို့ လိုချင်တပ်မက်မှုနောက်ကို အလွယ်ဆုံးနဲ့ ရနိုင်မယ့်နည်းလမ်းမျိုးနဲ့ လိုက်နေတတ်သူတွေရှိလာပါတယ်။ လိုချင်မှုတွေနဲ့ ငွေကြေးနောက်ကို ကောက်ကောက်ပါအောင်လိုက်နေတတ်ကြပါတယ်။ အဲဒီ့အထဲမှာ အဆိုးဆုံးကတော့ အပေါ်ယံအရေပြားနဲ့ ခန္ဓာကိုယ်ကို အသုံးချစရာတစ်ခုလို အသုံးချပြီး ငွေရလွယ်တဲ့လမ်းကိုလိုက်ကြတာပါပဲ။ အဲဒီ့လို လူတွေကို အားကျသူတွေများလာတဲ့အခါ အကျိုးဆက်တွေကတော့ မကောင်းနိုင်ပါဘူး။ ပင်ပန်းစွာ ကြိုးစားပမ်းစား အလုပ်လုပ်ပြီး ရတဲ့ငွေပမာဏလောက်နဲ့ လိုချင်တပ်မက်သမျှ မဖြည့်ဆည်းနိုင်တဲ့အခါ လှလှပပကျော့မော့စွာနေပြီး လက်ဖျားငွေသီးတာကို အားကျသူများလာလေ ထိုလမ်းကို လိုက်မယ့်သူတွေများလာမှာပါ။
အဲဒါကြောင့် လှပကျော့မောစွာနဲ့ လက်ဖျားငွေသီးနေတဲ့သူကိုအားမကျပါနဲ့။ အဲဒါသည် ခဏတာသာဖြစ်ပါတယ်။ သင့်မှာလှပပြီး လည်ပြန်ငေးရမယ့်ရုပ်ရည်မျိုးမပိုင်ထားလည်း နေပါစေ။ သင့်ရဲ့အရည်အချင်းတွေကိုသာ ကြိုးစားမှုနဲ့ အရောင်ထွက်လာအောင် လုပ်ပါ။ သင့်အရည်အချင်းက သင့်ရုပ်ရည်ထက်ပိုပြီး အားကျစရာကောင်းတဲ့အခါ သင့်ရုပ်ရည်က အဓိကမကျတော့သလို သင့်အရည်အချင်းနောက်ကို ငွေကြေးက လိုက်ပါလာပါလိမ့်မယ်။ အဲဒါက သင်အိုမင်းသွားလည်း အသုံးကျနေအုံးမှာပါ။ သင်သွားရင်တောင် သင်ဘယ်လိုတော်ခဲ့တာဆိုတာက သင့်သားသမီးမြေးမြစ်တွေအထိ လက်ဆင့်ကမ်းပြီး သင့်အရှိန်အဝါက လွှမ်းမိုးနေအုံးမှာပါ။ သင်ဆုပ်ကိုင်ရမှာ ကြိုးစားမှုပါပဲ။ အရည်အချင်းရှိလာတဲ့အခါ ငွေကြေးက သင့်အတွက် အလိုလိုဖြစ်လာပါလိမ့်မယ်။ ရုပ်ရည်ဆိုတာ စကားထဲတောင်ထည့်ပြောစရာလိုတော့မှာမဟုတ်ပါဘူး။
ရုပ်ရည်ကြောင့် စိတ်ညစ်နေတဲ့သူတွေ ဒီစာလေးဖတ်ပြီးအားတင်းပါ။ အရည်အချင်းသာအဓိကမို့ အရည်အချင်းထက်မြင်လာအောင် ကြိုးစားပါ၊ ငွေက နောက်ကလိုက်လာပါလိမ့်မယ်။ ရုပ်ရည်ဆိုတာ အကန့်အသတ်နဲ့ပိုင်ဆိုင်ရတာမို့ အချိန်တန် ပျက်စီးရမှာပါ။ တစ်သက်လုံး ကိုယ်နဲ့မခွာ အမြဲလိုက်ပါပြီး ကိုယ့်ဘဝကို မြှင့်တင်နိုင်တာက ရုပ်ရည်ချောမောလှပမှုမဟုတ်ဘဲ အရည်အချင်းဆိုတာ မမေ့လိုက်ပါနဲ့နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။