တကယ်ချစ်မိသွားတဲ့အခါ ဘယ်လိုအချက်တွေနဲ့သိနိုင်မလဲ။

တစ်ဦးကို တစ်ဦး အချစ်စစ်နဲ့ချစ်မိသွားတာ ဟုတ်မဟုတ်ဆိုတာ မှန်းဆလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ်မှာတော့ တကယ်အချစ်စစ်နဲ့စိတ်နှစ်ပြီး သူသာလျှင် ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးလိုမျိုးခံစားပြီး ချစ်နေပေမယ့် သူကတော့ ကိုယ့်ကို ခဏတဖြုတ် စိတ်ခံစားမှုအတွက်ပဲအသုံးချသွားတယ်ဆိုရင် ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။ ကိုယ့်ကျမှ အပျော်ထားခြင်းဆိုတဲ့ခံစားချက်ကြီးကလည်း အရမ်းကို ဆိုးဝါးပါတယ်နော်။ ဘယ်သူမဆို တကယ်ချစ်တာပဲလိုချင်ကြတာမျိုးမဟုတ်လား။ အဲဒါကြောင့် သူ့စိတ်က ကိုယ့်အပေါ်မှာဘယ်လိုဖြစ်နိုင်သလဲဆိုတာလေ့လာနေရင်းနဲ့ အောက်ပါအချက်လေးတွေနဲ့ တိုက်ကြည့်ပြီး ဆန်းစစ်ကြည့်လိုက်ပါအုံး။


၁) အရှိကို အရှိအတိုင်းလက်ခံနိုင်ပါတယ်။
ပြောချင်တာက သင်ရုပ်ဆိုးနေလည်း သူကတော့ မမူပါဘူး၊ ရုပ်ဆိုးဆိုးသင့်ကို လူကြားထဲ လက်တွဲပြီး မိတ်ဆွေတွေကြား ချစ်သူတစ်ယောက်အဖြစ် မိတ်ဆက်ပေးဖို့ ဘယ်တော့မှ ဝန်လေးမှာမဟုတ်ပါဘူး။ ရုပ်ရည်ကနေအစ သင့်ရဲ့ပင်ကိုယ်အရည်အသွေးတွေအဆုံးပေါ့။ ဥပမာ။ သင်က ဟင်းမချက်တတ်ဘူးဆိုလည်း သူ့အတွက် ကြီးမားတဲ့ပြစ်ချက်လို့ယူဆမှာမဟုတ်ဘဲ ဘယ်လိုချက်ပြုတ်ဖို့တာဝန်ယူကြမလဲဆိုပြီး ညှိုယူပါလိမ့်မယ်။ ဒါမှမဟုတ် သူကတောင် တဆင့်သင်ယူပြီး သင်ကိုပြန်သင်ပေးပါလိမ့်မယ်။ (ဒါပေမယ့် တစ်ချို့တွေကလည်း ဒီအချက်ကိုပဲ ဟန်ဆောင်တဲ့နေရာမှာ သုံးတတ်ပါသေးတယ်။ သူက အရှိကိုအရှိအတိုင်းလက်ခံတယ်ဆိုတာ သင့်ကွယ်ရာမှာကော ဟုတ်မဟုတ်လေ့လာဖို့တော့လိုပါတယ်နော်)
၂) သင်နဲ့ပတ်သက်ရင် သူ့မှာ လျို့ဝှက်ချက်မရှိပါဘူး။
ဒီနေ့ဘယ်သွားမယ်၊ ဘာစားမယ်၊ ဘာလုပ်မယ်၊ မိဘဆွေမျိုးတွေထဲမှာ ဘယ်သူကဘယ်လိုဆိုတာမျိုး၊ အပေါင်းအသင်းမိတ်ဆွေတွေ ဘယ်သူကဘယ်လိုစသည်ဖြင့် သင့်ကို သူနဲ့တပါတည်းပါနေသလိုမျိုး တိုင်ပင်နေမှာဖြစ်ပြီး သင်မသိအောင် တိတ်တိတ်လေးဖုံးကွယ်တယ်ဆိုတဲ့ကိစ္စသူ့မှာရှိမှာမဟုတ်ပါဘူးနော်။ မှတ်ထားဖို့က တစ်ခုခုကို သင့်ကိုမသိစေချင်ဘူးလို့ သင်ခံစားနေရတယ်ဆိုရင်တော့ သူက သင့်ကိုလိမ်ဖို့အစီအစဉ်ရှိနေတယ်ဆိုတာပါပဲ။ သင့်ကိုတကယ်ချစ်တဲ့သူတစ်ယောက်က ခုလိုအခြေအနေမျိုးမှာ မလိမ်တတ်ပါဘူး။
၃) အပြောသက်သက်မဟုတ်ပါဘူး။
တစ်ချို့ကတော့ သင်နဲ့တွေ့ရင်အရမ်းတွေ ရိုပြတတ်ပြီး သင့်နောက်ကွယ်မှာတော့ သင့်အကြောင့်မြူတစ်မှုန်စာလောက်တောင် သူ့တို့စိတ်ထဲမရှိတတ်ကြပါဘူး။ သင့်အပေါ်တစ်ကယ်ချစ်တဲ့သူကတော့ သူ့ဘေးမှာ သင်မရှိလည်း သင့်အကြောင်းက ညအိပ်ချိန်ထိ ပါသွားတတ်ပါတယ်။ ပြီးတော့ သင့်အတွက် လုပ်ပေးဖို့ရည်စူးထားတယ်ပြောမိရင်လည်း တကယ်ဖြစ်အောင်လုပ်ပေးတတ်ပါသေးတယ်။ ပြောရရင်တော့ ပြီးစလွယ်ပြောလိုက်တာမျိုးမဟုတ်ဘူးပေါ့။ အပြောနဲ့အလုပ်ညီမယ့်သူပါ။
၄) သင့်အတွက်ဆို မေ့တယ်ဆိုတာမရှိပါဘူး။
တခါတလေ သင်တောင်မှ သတိမရတတ်တော့တဲ့ အကြောင်းအရာမျိုးကို သူကမှတ်မိနေတတ်ပါတယ်။ သင်ကြိုက်နှစ်သက်တဲ့အရာတွေ၊ ပစ္စည်းတွေက အစပေါ့။ ဥပမာ။ သင်က ပန်းသီးကြိုက်တယ်လို့ပြောဖူးတယ်ဆိုရင် အချိန်တော်တော်ကြာလို့ သင်တောင်မေ့နေတဲ့အချိန်မျိုးမှာ သူက သင့်အတွက်ပန်းသီးဝယ်လာပေးတာမျိုးပေါ့။ သင်တောင်ပြန်ပြီး အံ့အားသင့်ရပါလိမ့်မယ်။ သင့်ကို ကတိပေးထားပြီး အချိန်တွေတော်တော်ကြာတဲ့အထိ တည်အောင် ကြိုးစားနေတာမျိုးပါပဲ။
၅) အမြဲအရေးတယူရှိတတ်ပါတယ်။
သင်ပြောသမျှ စကားကို အရေးတယူမှတ်ထားတာမျိုး၊ အရေးတယူ စဉ်းစားပေးတာမျိုး၊ သင်ဆုံးဖြတ်ရခက်နေလို့ သူ့ကိုတိုင်ပင်မိတဲ့အခါမျိုးမှာလည်း သူ့ဆီက မှန်ကန်တဲ့အဖြေစကားမျိုး၊ အကြံပေးချက်မျိုးရတတ်ပါသေးတယ်။
၆) ဂုဏ်ယူတတ်ပါသေးတယ်။
သင့်ရဲ့ မရှိရှိတဲ့စွမ်းရည်ကိုတောင် လူကြားထဲချပြပြီး ဂုဏ်ယူဝင့်ကြွားစွာ ကြွားတတ်ပါသေးတယ်။ လူကြားထဲမှာလည်း သင်က သူ့ချစ်သူဖြစ်ကြောင်း မိတ်ဆက်ပေးဖို့ ရှက်ကြောက်နေမှာမဟုတ်ပါဘူး။ သင့်ဆီမှာ မကောင်းတဲ့အချက်တွေရှိတာတောင်မှ သူကတော့ ကောင်းတဲ့အချက်တွေကိုသာ ရွေးပြီး ဂုဏ်ယူနေမယ့်သူမျိုးပါ။
ဖော်ပြပေးထားတဲ့အချက်တွေက အဓိက သိသာနိုင်မယ့်အချက်လေးတွေပါ။ တကယ်မချစ်တဲ့သူတစ်ယောက်ကတော့ သင်နဲ့ပတ်သက်ရင်ဘာကိုမှ အလေးအနက်ထားမှာမဟုတ်ပါဘူးလို့။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။