အလုပ်မှအိမ်ပြန်ရောက်လျှင် ဘာတွေလုပ်သင့်သလဲ။

အလုပ်ခွင်မှာ အချိန်ပြည့် အလုပ်ကို အာရုံစိုက်ပြီး တာဝန်ကျေပွန်အောင် လုပ်ဆောင်ပြီးတဲ့အခါ သင့်ရဲ့စိတ်တွေကို အလုပ်မှာသာ စုစည်းထားရလို့ သင့်ရဲ့အာရုံတွေက တင်းကြပ်နေမှာပါ။ အလုပ်မှာ အဆင်ပြေတဲ့ကိစ္စရှိမယ်၊ အဆင်မပြေတာရှိမယ်၊ အဆင်ချောစွာပြီးမြောက်တာရှိမယ်၊ အဆင်မချောတာရှိမယ် သည်ဖြင့် အမျိုးမျိုးကြုံတွေ့ရမှာမို့ သင့်စိတ်အာရုံတွေ ဖိစီးနေတာ၊ တင်းကြပ်ပြီး မပြေလည်တာတွေဖြစ်နေတာမျိုးတွေ ရှိနေမှာပါ။ အဲဒါကြောင့်အလုပ်ချိန်ပြီးလို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ သင့်ရဲ့စိတ်ကိုပြေလျော့စေမယ့် နည်းလမ်းတွေ လုပ်ဆောင်သင့်ပါတယ်။


၁) အလုပ်ကို အလုပ်မှာပဲထားခဲ့ပါ။
အလုပ်မှာ တင်းကြပ်မှုတွေကော ပြေလည်မှု၊ မပြေလည်မှုအားလုံးကို အလုပ်မှာထားခဲ့လိုက်ပါ။ အိမ်ရောက်တဲ့အခါ အိမ်မှာလုပ်သင့်တာတွေ လုပ်ဖို့ပဲ စဉ်းစားပါ။ အဲလိုမဟုတ်ရင်တော့ သင့်ဘဝက အလုပ်မှာလည်း အလုပ်တွေး၊ အကောင်းအဆိုး သင့်စိတ်က လိုက်ခံစား၊ အိမ်ရောက်လည်း အလုပ်တွေး၊ အလုပ်က အဆင်မပြေသမျှ အိမ်ကလူတွေကို သက်ရောက်၊ သင်ကိုယ်တိုင်ကိုလည်း သက်ရောက်စေလို့ သင့်မှာလည်း စိတ်ပိုပြီးဖိစီးသလို၊ သင့်မိသားစုနဲ့လည်း သံဟဇာတဖြစ်မှာမဟုတ်ပါဘူး။

၂) အိမ်မှာလုပ်သင့်တာတွေ လုပ်ပါ။ ဒါမှမဟုတ် ဝင်ကူညီပေးပါ။
ဥပမာ အိမ်ရှင်မဆို ဈေးဝင်ဝယ်မယ်။ ညစာဘာဟင်းချက်မလဲ….တွေးပြီး ချက်ပြုတ်ဖို့ပြင်ဆင်မယ်။ အိမ်ထောင်ရှင်အမျိုးသားဆိုရင်တော့ အိမ်ပြန်ရောက်ရင် ဝန်ပိုတယ်လို့မတွေးဘဲ မိန်းမလုပ်သူမီးဖိုချောင်မှာ ဝင်ပြီးကူညီမယ်၊ ကိုယ့်အလုပ်မဟုတ်ဘူးလို့မတွေးဘဲ မိသားစုကိုဝိုင်းကူရင်း ပျော်ရွှင်အောင် ကြံဆမယ် စသည်တို့ကို လုပ်ရင်း မပြီးသေးတဲ့အလုပ်တွေကို မေ့ထားသင့်ပါတယ်။

၃) ရုပ်ရှင်၊ တီဗွီ ကြည့်ပါ။
ခဏတဖြုတ် လာတဲ့ဇာတ်လမ်းတွဲတွေကြည့်တာမျိုးကလည်း သင့်ကိုခဏတာတော့ အလုပ်ထဲကတင်းကြပ်မှုတွေကို ပြေလျော့သွားစေနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာ စီးမြောရင်း ခဏတဖြုတ်မေ့လျော့သွားစေနိုင်ပါတယ်။

၄) သီချင်းနားထောင်ပါ။
ဟင်းချက်ရင်း သီချင်းနားထောင်တာမျိုးလုပ်ကြည့်ပါ။ ဟင်းချက်ဖို့ ပြင်ဆင်နေရင်း သီချင်းဖွင့်ထားပြီး ဟင်းချက်ဖို့လုပ်တော့ ဟင်းချက်တာကိုလည်း အလုပ်တစ်ခု၊ တာဝန်တစ်ခုလို့မခံစားရတော့ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ခပ်မြန်မြန်လေးပြီးသွားပါတယ်။ အဲဒီ့တော့ ကိုယ်လုပ်ချင်တာတွေလုပ်ဖို့အတွက် အချိန်ပိုရတာပေါ့။

၅) စာဖတ်ပါ။
စာဖတ်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်။ လူအမျိုးမျိုးရဲ့ စိတ်ထားတွေ၊ စရိုက်တွေကိုလည်း စာအုပ်တစ်အုပ်ထဲကနေ ရနိုင်ပါတယ်။ သဘာဝအခြေအနေတွေနဲ့ ကိုယ်မရောက်ဖူးတဲ့နေရာတွေကိုလည်း စာအုပ်တစ်အုပ်တည်းကနေ ရနိုင်ပါတယ်။ အဲဒါကြောင့် စာဖတ်လိုက်တဲ့အခါ အခြားနယ်မြေတစ်ခုကိုရောက်သွားသလို ခံစားရပြီး ခုလက်ရှိအခြေအနေတွေကို မေ့သွားပါလိမ့်မယ်။ အဲဒါကြောင့် သင့်ရဲ့စိတ်တင်းကြပ်မှု၊ ပျော်ရွှင်မှု၊ ဖိစီးမှု အားလုံးကို သင်မေ့လျော့သွားပြီး သင့်စိတ်ကိုတည်ငြိမ်သွားစေပါတယ်။ အဲဒါကြောင့် စာဖတ်ဖို့အချိန်ပေးသင့်ပါတယ်။

၆) ကိုယ်ဝါသနာပါရာ တစ်ခုခုကို လုပ်ဖို့အချိန်ပေးပါ။
ကိုယ်က အင်္ကျ ီချုပ်ဖို့ ဝါသနာပါရင် အင်္ကျ ီချုပ်တာမျိုး၊ စာရေးဖို့ ဝါသနာပါရင် စာရေးတာမျိုး၊ ကိုယ်တကယ်နှစ်သက်တဲ့အကျင့်၊ ဝါသနာလေးတွေကို ပျိုးထောင်ဖို့ အချိန်ပေးပါ။ အပင်စိုက်တာမျိုးဆိုရင်လည်း ရေလောင်း၊ ပေါင်းသင်၊ မြက်နုတ် စသည်ဖြင့်ပေါ့။ အဲဒါက သင်နှစ်သက်တာတွေကိုလုပ်နေရတာဖြစ်လို့ သင့်စိတ်ခဏလွတ်မြောက်နေသလို ခံစားရစေပါတယ်။

၇) နောက်နေ့အတွက် ပြင်ဆင်ထားပါ။
မနက်တော့ အလုပ်ခွင်ပြန်ဝင်ရမယ်ဆိုရင် ယူသွားရမယ့်စာရွက်စာတမ်းတွေ ကြိုတင်ထားထည့်ထားတာမျိုး၊ မနက်ဝတ်ဆင်မယ့်အဝတ်အစားတွေ ပြင်ဆင်ထားတာမျိုး ။ မေ့ကျန်ခဲ့လို့မဖြစ်တာလေးတွေကို အိတ်ထဲကြိုတင်ထည့်ထားတာမျိုးလေးတွေ လုပ်သင့်ပါတယ်။

၈) တရားထိုင်ပါ။ ဘုရားရှိခိုးပါ။
ဒါကတော့ ကိုယ်ယုံကြည်ရာ ဘာသာကိုးကွယ်ရာတစ်ခုခုကို လုပ်တဲ့အခါ သင့်စိတ်က ပိုပြီးတည်ငြိမ်သွားသလို၊ ပိုပြီးလည်း ဆောက်တည်ရာ ရသွားတတ်ပါတယ်။ အဲလိုမှ မဟုတ်ရင် အလုပ်ခွင်မှာ ဒေါသမထိန်းနိုင်တာ၊ မိသားစုကြားမှာ ပြဿနာတက်တာတွေ မဖြစ်နိုင်တော့ပါဘူး။

အထက်ပါအချက်လေးတွေက လူတိုင်းနည်းပါးလုပ်ဖြစ်ကြမယ်ထင်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ အလုပ်ကို လုံးဝမစဉ်းစားစေချင်ပါဘူး။ (အရမ်းအရေးတကြီးမျိုးကလွဲရင်ပေါ့) ဘာလို့လဲဆိုတော့ အဲဒါက မနက်ဖြန်အလုပ်ခွင်ပြန်ဝင်မယ့်သင့်စိတ်ကို ခဏတဖြုတ်အနားပေးတာမျိုးပါ။ မဟုတ်ရင် နောက်နေ့အလုပ်ခွင်ဝင်တဲ့အခါ သင့်ရဲ့စိတ်အာရုံနှောက်ကျိ၊ ရှု့ပ်ထွေးနေလို့ အလုပ်အသစ်တွေ စတင်ဖို့ အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အလုပ်ကအိမ်ရောက်တဲ့အခါ ပေါ့ပေါ့ပါးပါးလေး နေစေချင်ပါတယ်။ #BAWA101

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။