သင့်ကိုကောင်းကျိုးမပေးတဲ့ပတ်ဝန်းကျင်ဆိုတာသိနိုင်တဲ့အချက်များ

လူတစ်ယောက်အတွက် သူနေထိုင်ရာပတ်ဝန်းကျင်ဆိုတာကလည်း အရေးပါတဲ့အရာပါပဲ။ မကောင်းတဲ့ပတ်ဝန်းကျင်က ကိုယ့်အတွက် ဆိုးကျိုးကိုသာဖြစ်စေပြီး ကိုယ့်ဘဝကိုနိမ့်ကျသထက်နိမ့်ကျစေမှာပါ။ ကောင်းတဲ့ပတ်ဝန်းကျင်ကတော့ ကိုယ့်ဘဝကို မနိမ့်ကျစေဘဲ ပိုကောင်းတဲ့အတွေးအမြင်တွေရစေသလို၊ ကိုယ့်ကိုပါ ဖေးမကူညီပြီး ပိုမြင့်တဲ့ဘဝအဆင့်အတန်းရောက်အောင် ကူညီနိုင်ပါတယ်။ သင်ကိုအနီးကပ်ခွန်အားပေးနိုင်တာလဲ သင့်ပတ်ဝန်းကျင်ဖြစ်သလိုဒုက္ခပေးနိုင်တာလည်း ပတ်ဝန်းကျင်ပါပဲ။ အဲဒါကြောင့် သင်လက်ရှိရှင်သန်နေရတဲ့ပတ်ဝန်းကျင်က ဘယ်လိုမျိုးပတ်ဝန်းကျင်လဲဆိုတာ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


၁) အမြဲစိုးရိမ်နေရခြင်း
သင့်မှာ အိမ်ထဲက အိမ်ပြန်ထွက်လို့ အိမ်နီးဝန်းကျင်က လူတွေကိုတွေ့ရင်တောင် “ ငါ့ဆီက ဘာတောင်းအုံးမလဲမသိဘူး၊ ငါ့ကိုဘာတွေဒုက္ခပေးအုံးမလဲမသိဘူး၊ အိမ်ကဘာတွေငှားအုံးမလဲမသိဘူး” စသဖြင့် တခုခုအတွက် စိုးရိမ်မကင်းဖြစ်နေရတယ်ဆိုရင် အဲဒီ့ပတ်ဝန်းကျင်က သင့်ကိုတနည်းနည်းနဲ့ ပြဿနာပေးတဲ့ပတ်ဝန်းကျင်ဖြစ်နိုင်ပါတယ်။ သင်ကစေတနာနဲ့ကူညီလိုက်ပေမယ့် သင့်စေတနာကိုအလေးမထားတဲ့အပြင် နောက်ကွယ်မှာအတင်းပြောတာတို့၊ သင့်ကိုအပြစ်ပြောတာတို့ လိုချင်မှသင့်ထံလာတာမျိုး၊ မလိုတဲ့အခါ သင့်ကိုအဖက်တောင်မလုပ်တဲ့သူမျိုးတွေများတဲ့ပတ်ဝန်းကျင်ကတော့ သင့်ကို ကောင်းကျိုးမပေးတဲ့ပတ်ဝန်းကျင်ဖြစ်ပါတယ်။

၂) အခြားသူများရဲ့ပြဿနာကိုသာလိုက်ရှင်းနေရခြင်း
များသောအားဖြင့်ကတော့ ကိုယ့်ကြောင့်ဖြစ်ရတဲ့ပြဿနာထက် ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ပြဿနာကိုလိုက်ဖြေရှင်းနေရပြီဆိုရင် အဲဒီ့ပတ်ဝန်းကျင်ကနေရှောင်ထွက်သင့်နေပါပြီ။ ဥပမာ။ ငွေလိုလို့သင့်ထံကလာချေးတယ်၊ ပြန်မပေးဘူး။ နောက်ထပ်အခါခါလာချေးတာမျိုး၊ သင်နဲ့ဘီယာဆိုင်မှာအတူထိုင်နေရင်း သင့်သူငယ်ချင်းကနေ အခြားသူကိုပြဿနာသွားရှာတာမျိုး ဒါမှမဟုတ် သူမူးပြီးရှာထားတဲ့ပြဿနာကိုဖြေရှင်းဖို့ သင့်ကိုဖုန်းဆက်ခေါ်တာမျိုး။ ထိုကဲ့သို့လူတွေကို ပတ်သက်နေရတယ်ဆိုရင် ခပ်ရှင်းရှင်းနေလိုက်တာကောင်းပါတယ်။ ထိုလူမျိုးတွေက သင့်ကိုဒုက္ခတနည်းနည်းနဲ့ပေးမယ့်သူတွေဖြစ်ပါတယ်။

၃) မိမိနာမည်အလွဲသုံးစားလုပ်တတ်ခြင်း
သူတို့ကိုယ်တိုင်ပြဿနာတခုခုရှာလာပြီး သင်မသိလိုက်တဲ့အချိန်မှာ သင့်နာမည်၊ သင့်လုပ်ပိုင်ခွင့်၊ သင့်ရဲ့အာဏာကိုသုံးသွားတယ်ဆိုရင် ထိုလူမျိုးတွေကို ဝေးဝေးရှောင်လိုက်ပါတော့။ တနည်းနည်းနဲ့သင့်ကိုဒုက္ခပေးတော့မှာဖြစ်ပါတယ်။ အဲဒီလိုအလွဲသုံးစားလုပ်တတ်သူတွေက အခြားသူတွေထက်ပိုဆိုးတတ်ပါတယ်။ သင့်နောက်ကွယ်မှာ သင့်ကိုအမျိုးမျိုးအသုံးချနေမှာမို့ လုံးဝမပတ်သက်သင့်တဲ့သူမျိုးတွေဖြစ်ပါတယ်။ ကိုယ့်မျက်စိရှေ့မှာတင် ကိုယ့်နာမည်အလွဲသုံးစားလုပ်တာက ကိုယ်ငြင်းနိုင်ပေမယ့် ကိုယ့်နောက်ကွယ်မှာ အလွဲသုံးစားလုပ်တာများလာပြီး ကိုယ်လည်းမသိလိုက်ဘူးဆိုရင် ကိုယ်ပဲလုပ်သယောင်ယောင်နဲ့ ကိုယ့်နာမည်ဆိုးဖြစ်လာနိုင်ပါတယ်။ ဖြစ်နိုင်ရင်ထိုပတ်ဝန်းကျင်ကနေ ကင်းနိုင်သမျှကင်းအောင်နေသင့်ပါတယ်။

၄) လိုမှမျက်နှာချိုသွေးခံရခြင်း
အချို့လူတွေကတော့ သူတို့အကူအညီလိုအပ်နေချိန်မှာ သင့်ကိုအမျိုးမျိုးနည်းလမ်းပေါင်းစုံနဲ့ ပြဿနာပေါင်းစုံပြောပြပြီး အကူအညီတောင်းတတ်ပါတယ်။ ဒါပေမယ့် သင်ခက်ခဲနေတဲ့ကြားထဲက ကူညီလိုက်ရင်တောင် သင့်နောက်ကွယ်မှာ သင်အကူအညီကိုတန်ဖိုးထားတတ်သူတွေမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်လိုပဲ အခြားသောသူတွေကိုလည်း သူက အလားတူလိုက်ပြီး အကူအညီတောင်းနေကျပါ။ သူတို့အတွက် သူတို့ပြဿနာတွေကို အခြားသူကိုပြောပြအကူအညီတောင်းခြင်းဟာ လုပ်နေကျအရာပါပဲ။ အဲဒါကြောင့်လည်း သင်ကူညီပေးလိုက်တာကို သူတို့က ထမင်းစားရေသောက်အလုပ်တစ်ခုလိုပဲသတ်မှတ်မှာပါ။ အထူးတလည်ကျေးဇူးတင်နေမှာမဟုတ်ပါဘူး။ သူတို့အကူအညီမလိုရင် သင့်ကိုသတိမရတော့ပါဘူး။ သင့်နောက်ကွယ်မှာတောင်သင့်ကိုမကောင်းပြောနိုင်ပါသေးတယ်။ ကိုယ်ကပုံမှန်ပဲဆက်ဆံပေမယ့် သူတို့က လိုတဲ့အခါ အရမ်းကောင်းပြပြီး မလိုတဲ့အခါ သင့်ကိုမလိုသလို အပြစ်တင်နေမှာပါ။ အဲဒါကြောင့် အဲဒီလိုလူတွေများတဲ့ပတ်ဝန်းကျင်ဆိုရင်လည်း ရှောင်သင့်ပါတယ်။

၅)အသုံးမကျတဲ့လူကဲ့သို့ဆက်ဆံခံနေရခြင်း
သင်ရှင်သန်နေတဲ့ပတ်ဝန်းကျင်မှာ သင့်ကိုအထင်သေးနှိမ့်ချပြီး အမြဲဆက်ဆံတတ်တဲ့ပတ်ဝန်းကျင်ဖြစ်နေရင် ဒါမှမဟုတ် သင်ဘယ်လောက်လုပ်ပေးလုပ်ပေး သင့်ကိုလုံးဝအကောင်းမပြောဘဲ အပြစ်ရှာပြီး အပြစ်ချည်းတင်နေတတ်တဲ့ပတ်ဝန်းကျင်ဆိုရင်လည်း ရေရှည်ပတ်သက်ဖို့မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတစေ သင့်ကိုအသုံမကျတဲ့လူတစ်ယောက်လိုဆက်ဆံနေခြင်းက သင့်ကိုယ်သင်ယုံကြည်မှုမဲ့လာစေပါတယ်။ တခုခုလုပ်မယ်ဆိုရင်တောင် ပတ်ဝန်းကျင်ကဘယ်သူကအပြစ်တင်မလဲ….ဆိုပြီး ကြိုတွေးမိနေပါလိမ့်မယ်။ အဲဒီလိုကြိုတွေးမိနေတဲ့အတွက်ကြောင့်ကို ကိုယ့်စိတ်ထဲရည်ရွယ်ထားတာလေးတွေလုပ်ဖို့တောင် မဝင့်မရဲဖြစ်လာမှာပါ။ အဲဒါကိုက သင့်ကိုယ်သင်ယုံကြည်မှုလျှော့နည်းလာခြင်းပါပဲ။ မလုပ်ရဲမကိုင်ရဲနဲ့ ကိုယ့်ရည်မှန်းချက်ကိုတောင် မချပြရဲတော့သလိုဖြစ်လာစေပါတယ်။ အဲဒါကြောင့် သင့်တန်ဖိုးကိုနားမလည်ဘဲ သင့်ကိုအသုံးမကျသလို အထင်သေးတတ်တဲ့လူတွေကြားထဲမရှင်သန်ပါနဲ့။ သင့်တန်ဖိုးကိုနားလည်သူ ပတ်ဝန်းကျင်မှာသာ သင့်တန်ဖိုးကပိုပြီးတောက်ပလာမှာပါ။
အထက်က အချက်တော်တော်များနဲ့ရင်ဆိုင်ဖြတ်သန်းနေရတယ်ဆိုရင်တော့ ထိုပတ်ဝန်းကျင်က အဆိပ်အတောက်လိုပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ သင့်ကိုအကျိုးရှိစေမှာမဟုတ်ဘဲ ဆိုးကျိုးသာဖြစ်လာစေနိုင်ပါတယ်။ နောက်ဆုံး အခြားသူတွေရဲ့ပြဿနာတွေလိုက်ဖြေရှင်းနေရတာနဲ့တင် သင့်အတွက်အကျိုးရှိတာလုပ်နိုင်မှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ထိုပတ်ဝန်းကျင်မျိုးနဲ့ရင်ဆိုင်ပတ်သက်နေရလျှင် ခပ်ကင်းကင်းနေလိုက်ပါ။ ထိုပတ်ဝန်းကျင်ထဲကနေ ရုန်းထွက်မရရင် ထိုကဲ့သို့လူမျိုးတွေနဲ့ ပြတ်သားစွာဆက်ဆံပါလို့ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။