တစ်ကိုယ်ရေ သန့်ရှင်းရေး၏အရေးပါပုံ

တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုတဲ့အထဲမှာ မနက်အိပ်ရာထတာနဲ့ မျက်နှာသစ်မယ်၊ သွားတိုက်မယ်၊ ရေချိုးမယ်၊ ခေါင်းလျှော်မယ်၊ သန့်ရှင်းတဲ့ အဝတ်အထည်တွေ ဝတ်ဆင်မယ် စတဲ့အချက်တွေ အကုန်လုံးပါဝင်ပါတယ်။ ကျွန်တော်တို့က ဘာလို့ အဲဒီ့သန့်ရှင်းရေးတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို လုပ်နေကြတာလဲ။ သင်ငယ်စဉ်ကတည်းက အဲလိုနေပါ၊ အဲလိုသန့်ရှင်းရေးလုပ်ပါလို့ သင်ကြားပေးခြင်းခံခဲ့ရတာမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအချက်တွေက သင့်ကို နည်းလမ်းပေါင်းများစွာနဲ့ အကျိုးသက်ရောက်စေပါတယ်။ အဲလို ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ကျန်းမာရေးနဲ့ အများကြီး တိုက်ရိုက်ပတ်သက်မှုရှိနေပါတယ်။ အဲဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးက ဘာလို့အရေးကြီးတာလဲဆိုတာ ပြောပြပေးချင်ပါတယ်။


တစ်ကိုယ်ရေသန့်ရှင်းရေးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက်နဲ့ သန့်ရှင်းစေပြီး ကျွန်တော်တို့ရဲ့ခန္ဖာကိုယ်ကိုစောင့်ရှောက်ခြင်းပါပဲ။
တစ်နေ့တစ်နေ့မှာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ၊ ရောဂါပိုးမွှားတွေကို စုဆောင်းထားသလိုဖြစ်နေမှာပါ။ အဲဒါကြောင့် ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးကို သန့်ရှင်းတဲ့အလေ့အကျင့်ကောင်းတွေကို ပြီးမြောက်အောင် ပြုလုပ်ခြင်းက ထိုရောဂါပိုးမွှားတွေ စုဆောင်းထားမိနေခြင်းကနေ ကာကွယ်ဖို့ ကူညီပေးနိုင်သလို၊ သင့်ကိုသင်ကော ၊ အခြားလူနေမှုအဖွဲ့အစည်းကိုကော ရောဂါပိုးမွှားတွေ ပျံ့နှံ့ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။
ကျောင်းမှာ သင်ဘေးကထိုင်တဲ့သူငယ်ချင်းက ဖျားနာနေတယ်ဆိုပါတော့ သင့်သူငယ်ချင်းက သင့်လက်ပေါ် နှာချေမိတာမျိုး၊ ချောင်းဆိုးမိတာမျိုး ရှိမှာပါ။ အဲဒီ့အခါ သင့်လက်ကို ဆပ်ပြာနဲ့ဆေးပြီး သန့်ရှင်းစေတာက မကြာခင် သင့်ကို အဖျားကူးစက်စေမယ့် အခွင့်အရေးကို နည်းစေတာပေါ့။

တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းခြင်းက သင့်ရဲ့ကျန်းမာရေးကို အားနည်းစေတာပါပဲ။ သင့်ကိုသင် သန့်ရှင်းစေဖို့ ဂရုစိုက်တယ်ဆိုရင်၊ အဝတ်အထည်က အစသန့်ရှင်းတဲ့အဝတ်အထည်ကိုသာဝတ်ဆင်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို အခြားသောရောဂါပိုးကနေ ကူးစက်မှုတွေ၊ နာကျင်မှုတွေကို လျော့ကျစေနိုင်တာပဲလေ။
လက်ဆေးခြင်းကဲ့သို့ ရိုးရှင်းတဲ့ သန့်ရှင်းရေးကိုတောင် ဂရုထားမယ်ဆိုရင် ဖျားနာခြင်း၊ အခြားသော ကူးစက်ရောဂါတွေဖြစ်နိုင်ခြေကနေ လျော့နည်းသက်သာစေနိုင်ပါတယ်။
လူတော်တော်များများက သန့်စင်ခန်းဝင်ပြီးချိန်မှာ လက်ဆေးဖို့ မေ့လျော့နေတတ်သလို၊ အစားအစာတွေကို ကိုင်တဲ့အခါမှာလည်း လက်ဆေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အဲဒါကနေ ရောဂါပိုးပေါင်းစုံပါလာပြီး ဖျားနားခြင်းကဲ့သို့ ရောဂါကနေစပြီး
သေဆုံးတဲ့အထိတောင်ဖြစ်ပွားနိုင်တယ်ဆိုတာ မေ့နေတတ်ကြပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရဆိုရင်လည်း သန့်ရှင်းပြီး သပ်ရပ်တဲ့အဝတ်အထည်တွေကို ဝတ်ဆင်ခြင်းက သင့်ကို ပိုပြီး ယုံကြည်မှုရှိစေပါတယ်။ လူနေမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ် အလုပ်ခွင်မှာပဲဖြစ်ဖြစ် တစ်ကိုယ်ရေသန့်ရှင်းခြင်းက ပိုပြီး ကျန်းမာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေ့အကျင့်လုပ်ထားခြင်းက
ကျွန်တော်တို့လေ့လာလို့ရသလောက်တော့ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိစေသလို၊ အခြားသူများကိုလည်း ပိုပြီးလွှမ်းမိုးမှုရှိစေပါတယ်။ လူမှုဝန်းကျင်မှာလည်း ပိုပြီးအဆင်ပြေတဲ့ ဆက်ဆံရေးမျိုးဖြစ်နိုင်ပါတယ်။ (အမြဲနံစော်ပေတေနေတဲ့သူမျိုးကို ဘယ်သူက အပေါင်းအသင်းလုပ်ချင်ပါ့မလဲ)
ကျန်းမာရေးအရ တစ်ကိုယ်ရေသန့်ရှင်းကို ဂရုစိုက်တဲ့အတွက် ခန္ဓာကိုယ်မှာ ကပ်ငြိနေနိုင်တဲ့ရောဂါပိုးမွှားတွေကို သန့်ရှင်းပေးတဲ့အတွက် ကူးစက်ရောဂါပေါင်းစုံဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးအရ ဆေးရုံ၊ ဆေးခန်းသွားလို့ ကုန်ကျမယ့် ကုန်ကျစရိတ်တွေ သက်သာစေနိုင်ပါတယ်။
သွားကျန်းမာရေးကို ဂရုစိုက်တော့ သွားဆေးခန်းမသွားရတော့သလို၊ ကိုယ်ခန္ဓာကိုယ် သန့်ရှင်းရေးကို ဂရုစိုက်တော့ အခြားရောဂါတွေဖြစ်မယ့်ဘေးက ဝေးပါတယ်။
သင့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ခြင်းက သင့်ရဲ့ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သင်သိလောက်ပါပြီ။ အဲဒါကြောင့်ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုတဲ့စကားလိုပါပဲ၊ သင့်တစ်ကိုယ်ရေသန့်ရှင်းရေးကို
သေချာဂရုစိုက်ခြင်းက သင့်ကျန်းမာခြင်းကို ဂရုစိုက်ခြင်းပါပဲ။ သင့်အတွက် လာဘ်ကြီးတစ်ပါး
အလိုလိုရနေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားကြပါစို့။
https://study.com/academy/lesson/the-importance-of-personal-hygiene.html လင့်မှ ဘာသာပြန်ဖော်ပြပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။