သင့်ကလေးကိုအော်ဟစ်ခြင်းကြောင့် ရေရှည်တွင်ဖြစ်လာနိုင်သောဆိုးကျိုးများ

ကျွန်တော်တို့ကလေးတွေအတွက် အကောင်းဆုံးကိုဖြစ်စေချင်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ မိဘတွေမှာ ပိုပြီး လှုပ်ရှားရုန်းကန်ကြရသလို ပိုပြီးလည်း မျှော်မှန်းထားတတ်ကြပါတယ်။ သင့်ကလေးရဲ့အပြုအမူတွေက သင်မျှော်မှန်းထားသလိုမဖြစ်လာရင် သင့်မှာ အချည်းနှီးဖြစ်တယ်လို့ခံစားရတာ ပုံမှန်ပါပဲ။ ဒါပေမယ့် အဲဒီ့အချည်းနှီးဖြစ်တဲ့အကြောင်းအရာကို သင်ပြန်ပြီးပြုမူလိုက်တဲ့ အခြေအနေပေါ်မူတည်ပြီး ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဖွံ့ဖြိုးမှုတွေနဲ့ သူတို့လေးတွေရဲ့ ရေရှည်ကျန်းမာရေးအပေါ်မှာ အဓိကသွားပြီး သက်ရောက်မှုဖြစ်နိုင်ပါတယ်။ အမှန်တကယ်တော့ ကြမ်းတမ်းတဲ့မိဘအုပ်ချုပ်မှုပုံစံတွေ (အော်ခြင်းကဲ့သို့) ကလေးအပေါ်မှာ သက်ရောက်မှုအကြီးအကျယ်ရှိနိုင်ပါတယ်။ ကလေးကိုအော်ဟစ်ခြင်းက ကလေးအပေါ်မှာ ကြာရှည်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲဆိုတာကို ဆေးပညာဆိုင်ရာလေ့လာမှုတွေအရ ဖော်ပြလိုက်ပါတယ်။


၁) အော်ဟစ်ခြင်းက ကလေးတွေရဲ့အပြုအမူပြဿနာကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။
ကလေးကို အော်ဟစ်ဟန့်တားလိုက်ခြင်းက ပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ သင်ထင်ကောင်းထင်နေနိုင်ပါတယ်။ အနာဂတ်မှာလည်း ဆိုးရွားတဲ့အပြုအမူတွေ မလုပ်စေဖို့ ကာကွယ်နိုင်မယ်လို့ ထင်နေတာမျိုးပေါ့။ ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရ အော်ဟစ်ခြင်းက သင့်ကလေးရဲ့အပြုအမူကိုတောင် ပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။ အဲဒါက သင့်ကို သံသရာလည်နေစေပါတယ်၊ သင်ကအော်လိုက် သင့်ကလေးက ပိုဆိုးရွားအောင်လုပ်လိုက်နဲ့ မအော်မဖြစ်တဲ့အခြေအနေမျိုးဖြစ်လာစေနိုင်ပါတယ်။
လေ့လာချက်အရ ၁၃နှစ်အရွယ်ကလေးတစ်ယောက်က အအော်ခံရတဲ့အခါ ဆိုးရွားတဲ့အပြုအမူကို ပိုပြီး လုပ်ဆောင်ဖို့ တိုက်တွန်းသလိုတောင်ဖြစ်စေနိုင်ပါတယ်။
၂) အော်ဟစ်ခြင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲနိုင်ပါတယ်။
အော်ဟစ်ခြင်းနဲ့ အခြားကြမ်းတမ်းတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုပုံစံက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနည်းလမ်းကို လုံးဝပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ အဲဒါက လူသားဖြစ်စဉ်တွေမှာ မကောင်းတဲ့ဘက်က ပြောင်းလဲမှုဖြစ်စေပါတယ်။ မိဘရဲ့နှုတ်အားဖြင့် ကြမ်းတမ်းစွာ အနိုင်ကျင့်ခြင်းခံရတဲ့ကလေးရဲ့ဦးနှောက်ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ခံရတဲ့ကလေးရဲ့ဦးနှောက်နဲ့ နှိုင်းယှဉ်ပြီး လေ့လာစမ်းသပ်ချက်အရ အသံတွေနဲ့ ဘာသာစကားတွေဖြစ်ပေါ်စေတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းက သိသာစွာမတူညီတာကို တွေ့ရှိရပါတယ်။
၃) စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
မိဘတွေက ကလေးတွေကို အော်ဟစ်တဲ့အခါ ကလေးတွေက ကြောက်လန့်မယ်၊ နာကျင်မယ်၊ ဝမ်းနည်းမယ်။ နှုတ်အားဖြင့်ကြမ်းတမ်းစွာပြောဆိုခြင်းကလည်း ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကို နက်ရှိုင်းစွာထိခိုက်စေပြီး အရွယ်ရောက်တဲ့အထိ နာကျင်နေစေပါတယ်။ ၁၃နှစ်အရွယ်ကလေးတစ်ယောက် အအော်ခံရတဲ့အခါ လေ့လာချက်အရ အပြုအမူပိုင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်ချေများပြီး စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းလက္ခဏာတွေတွေ့ရပါတယ်။ အခြားသောလေ့လာချက်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်းနဲ့ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းကြားမှာ ဆက်စပ်မှုရှိနေတယ်လို့ဆိုပါတယ်။ အဲဒီ့လက္ခဏာတွေက ဆိုးရွားတဲ့အပြုအမူတွေကိုဦးတည်နိုင်ပြီး ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်နိုင်တဲ့လုပ်ဆောင်မှုမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးစွဲခြင်းနဲ့ လိင်ပိုင်းဆိုင်ရာတွင် အန္တရာယ်ရှိတဲ့အပြုအမူမျိုးရှိခြင်းတို့ဖြစ်နိုင်ပါတယ်။
၄) ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွင် သက်ရောက်မှုရှိခြင်း
ကျွန်တော်တို့ကြီးပြင်းလာတဲ့ တစ်လျှောက် အတွေ့အကြုံတွေအများကြီးဖြစ်ပေမယ့် အချို့ကိုတော့ နားလည်သဘောမပေါက်တတ်ကြပါဘူး။ မိဘတွေဆီက နှုတ်အားဖြင့် အကြမ်းဖက်စောင့်ရှောက်ခြင်းကိုခံရတဲ့ ကလေးတွေက ကလေးငယ်ဘဝမှာခံစားရတဲ့စိတ်ဖိစီးမှုတွေက အရွယ်ရောက်တဲ့အခါမှာ ကျန်းမာရေးပြဿနာဖြစ်လာဖို့ အလားအလာများပါတယ်။ လေ့လာသူတွေက ကလေးငယ်ဘဝမှာခံစာရတဲ့စိုးရိမ်ပူပန်မှုတွေက ကြာလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာဖြစ်ပေါ်လာနိုင်ချေရှိတယ်လို့ပြောကြပါတယ်။
၅) အော်ဟစ်ခြင်းကြောင့် နာတာရှည်ရောဂါမျိုးဖြစ်နိုင်ပါတယ်။
ငယ်စဉ်မှာ အဆိုးဘက်က ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသူတွေက နာတာရှည်ရောဂါကို ခံစားမှုအလားအလာများပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ခေါင်းကိုက်တတ်ခြင်း၊ ကျောနဲ့လည်ပင်း နာကျင်ခြင်း နဲ့ အခြားသော နာတာရှည်ရောဂါတွေဖြစ်နိုင်ပါတယ်။
သင့်ကလေးကို ထိန်းသိမ်းစောင့်ရှောက်မှုပုံစံ၊ အပြုအမူကို ပြောင်းလဲမှုပြုလုပ်ဖို့ ဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိပါဘူး။ သင့်ရဲ့စိတ်သဘောထားအခြေအနေကို သတိထားတာ ဒါမှမဟုတ် ကလေးကိုအလွန်အကျွံ့အော်ဟစ်မိတာမျိုးဆိုရင် အကူအညီတောင်းသင့်တဲ့သူကို အကူအညီတောင်းပါ။ အကြံပေး ဒါမှမဟုတ် အခြားသောမိဘများနဲ့တိုင်ပင်ကြည့်ပါ။ သင့်ရဲ့ခံစားချက်ကိုပြောပြတာမျိုး ဒါမှမဟုတ် ကလေးနဲ့ မအော်မဟစ်ဘဲ ဆွေးနွေးတာမျိုးလုပ်ကြည့်ပါ။
https://www.healthline.com/health/parenting/effects-of-yelling-at-kids#2 လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။