သင့်ရည်မှန်းချက်ကိုမဖြစ်လာအောင် နှောင့်ယှက်တတ်တဲ့အချက်များ

Business Insider ရဲ့ဆောင်းပါးတစ်ခုမှာ Harvard psychologist တစ်ယောက်ကရှင်းပြထားပါတယ်။ လူတော်တော်များများက သူတို့ရဲ့ပန်းတိုင်ကိုရောက်ဖို့ ပျက်ကွက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ရလာမယ့်အကျိုးကိုသာ မြင်ပြီး ဖြစ်စဉ်ကို အာရုံမစိုက်လို့ပါပဲ။ တနည်းအားဖြင့်ဆိုရင် အဆုံးသတ်မှာရလာမယ့်ရလဒ်ကိုသာ ကြိုမြင်လိုက်ပြီး ခုလက်ရှိအချိန်ကို အားထုတ်မှုလျှော့သွားတာကြောင့် ဖြစ်သင့်သလောက်မဖြစ်တော့ပါဘူး။ အဲဒါကြောင့်သင့်ပန်းတိုင်ကိုအနှောင့်အယှက်ပေးနေတဲ့အချက်တွေကိုဖော်ပြလိုက်ပါတယ်။


၁) SMART GOALS မရှိခြင်း
လေ့လာသူတွေက ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် အစီအစဉ်အသေးစိတ်ချမှတ်ရပါမယ်။ အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ပန်းတိုင်နဲ့ပတ်သက်ပြီး SMART goals တွေချမှတ်ထားပါတယ်တဲ့။
SMART GOALS ဆိုတာဘာလဲ? .
SMART ရဲ့အဓိပါ္ပယ်က Specific ၊ Measurable ၊ Attainable ၊ Relevant ၊Time-bound ပဲဖြစ်ပါတယ်။
Specific (သတ်သတ်မှတ်မှတ်ရှိခြင်း)
ပထမဆုံး သင့်ပန်းတိုင်၊ ရည်မှန်းချက်သတ်သတ်မှတ်မှတ်ရှိဖို့လိုအပ်ပါတယ်။ ဘာကိုအောင်မြင်အောင်လုပ်ချင်တာလဲ၊ အဓိက အကြောင်းရင်းကဘာလဲ။ ဘယ်သူတွေပါဝင်ရမလဲ။ ဒီပန်းတိုင်ရည်မှန်းချက်ဖြစ်မြောက်အောင်မြင်ဖို့ နေရာ၊ သင်ပန်းတိုင်ကို ဘယ်အချိန်မှာပြီးဆုံးအောင်လုပ်မှာလဲဆိုတဲ့အချိန်
Measurable (တိုင်းတာနိုင်ခြင်း)
သင့်ရည်မှန်းချက်အောင်မြင်ခြင်းမအောင်မြင်ခြင်းကို ဘယ်နည်းနဲ့တိုင်းတာမလဲ။ အရေအတွက်နဲ့လား၊ ဘယ်လောက်နဲ့တိုင်းတာမလဲ၊ သင့်ပန်းတိုင်ကိုရောက်မရောက်ဘယ်လိုသိနိုင်မလဲ။
Attainable (ရယူနိုင်ခြင်း)
သင့်ရည်မှန်းချက်ကိုရောက်ဖို့ ဘယ်လိုနည်းနဲ့ရယူနိုင်မလဲ။ စာရေးဆရာဖြစ်ချင်တယ်ဆိုရင် စာများများဖတ်၊ စာများများရေးတဲ့နည်းပေါ့။ ဒီဇိုင်းနာဖြစ်ချင်ရင် ဒီဇိုင်းတွေများများလေ့လာ၊ ဒီဇိုင်းများများဆွဲကျင့်ပေါ့ စသဖြင့်။ ကိုယ့်ရည်မှန်းချက်ကိုရောက်မယ့် လိုအပ်တဲ့ဗဟုသုတတွေ၊ စွမ်းရည်တွေကို မြင့်တင်ထားဖို့ပါ။ သင့်ထက်အရင်ရှေ့ကအောင်မြင်သူတွေဘယ်လိုကြိုးစားခဲ့သလဲ၊ ဘာတွေလေ့လာသင်ယူခဲ့သလဲ စသဖြင့်မေးမြန်းပြီး လိုအပ်တာကိုသင်ယူဖို့ပါ။
Relevant (ဆီလျှော်ခြင်း )
သင့်ပန်းတိုင်က ဆီလျှော်မှုရှိမရှိသိဖို့ပါ။ သင်ရရှိထားတဲ့စွမ်းရည်တွေ၊ ဗဟုသုတတွေနဲ့ သက်ဆိုင်မှုရှိမရှိစဉ်းစားသင့်ပါတယ်။ ပန်းချီဆွဲတာကို လေ့လာထားပြီး စာရင်းကိုင်လုပ်နေလို့တော့မရပါဘူးနော်။ သင့်ဘဝကို အကျိုးရှိရှိထိရောက်မှုရှိမရှိ၊ ဘယ်လိုအကျိုးရှိအောင်၊ ဘယ်လိုအသက်မွေးဝမ်းကျောင်းအဆင့်ထိရောက်အောင် လုပ်မလဲ၊ လုပ်လို့ရမရလေ့လာထားသင့်ပါတယ်။
Time-bound (အချိန်သတ်မှတ်ထားခြင်း)
အချိန်သတ်မှတ်ခြင်းက သင့်ကိုသင်တွန်းအားဖြစ်စေပါတယ်။ အချိန်တစ်ခုအတွင်းမှာ ဘာကိုပြီးဆုံးအောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်က သင့်ရည်မှန်းချက်တွေကိုလုပ်ဖို့နောက်ကနေ သင့်ကိုတွန်းအားပေးပါလိမ့်မယ်။ အဲလိုမဟုတ်ရင်တော့ ဘယ်အချိန်မှမသတ်မှတ်ထားဘဲ သင့်ပန်းတိုင်ကိုသင်ပါမေ့သွားတဲ့အထိဖြစ်နိုင်ပါတယ်။ ဥပမာ သင်က ဝိတ်ချမယ်ဆိုပါတော့ တစ်လအတွင်းမှာ ဘယ်နှစ်ပေါင်အထိကျဖို့ ကြိုးစားမယ်လို့သတ်မှတ်ထားတာမျိုးပေါ့။ SMART goals ကိုသိပြီဆိုရင် ကိုယ့်မှာ Smart goals ရှိမရှိပြန်သုံးသပ်ပါ။ ကိုယ့်ပန်းတိုင်ကိုရောက်ဖို့နှောင့်နှေးနေခြင်းက Smart goals မရှိလို့လည်းဖြစ်နိုင်ပါတယ်။

၂) ဖုန်းအသုံးများခြင်း
ဒီနေ့ခေတ်မှာအတော်များများက ဖုန်းကိုအားကိုး၊ နည်းပညာကိုအားကိုးရပါတယ်။ ဒါပေမယ့် သင့်ရည်မှန်းချက်အတွက် အကျိုးရှိတာတခုခုလုပ်နေတယ်ဆိုရင် သင့်ဖုန်းကိုခပ်ဝေးဝေးမှာထားသင့်ပါတယ်။ တစ်နေ့မှာ ဘယ်အချိန်သုံးမယ်လို့ အချိန်သတ်မှတ်ထားတာမျိုးပေါ့။ မဟုတ်ရင် လူမှုကွန်ရက်ပေါ်မှာတင်အချိန်ကုန်တာများနေပါလိမ့်မယ်။

၃) စိတ်မတည်ငြိမ်ခြင်း
စိတ်မငြိမ်ခြင်းကလည်း ပြဿနာတစ်ခုပါပဲ။ ဒီအလုပ်တစ်ခုလုပ်နေတုန်း ဟိုဘက်ကအလုပ်ကိုစိတ်ကရောက်သွားတာမျိုးဖြစ်တတ်ပါတယ်။ အလုပ်တွေပြီးချင်ဇော၊ ကိုယ့်ရဲ့ရည်မှန်းချက်ကိုဖြစ်ချင်ဇောနဲ့ တပြိုင်တည်းအလုပ်တွေအများကြီးလုပ်တာ၊ ဒါမှမဟုတ် ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်တာတွေကို တပြိုင်တည်းလုပ်တာက အကျိုးမရှိပါဘူး။ ပိုပြီး အာရုံနောက်ပါတယ်။ ထိရောက်မှုလည်းမရှိပါဘူး။ အဲဒါကြောင့် စိတ်တည်ငြိမ်အောင် လေ့ကျင့်ခန်းလုပ်ခြင်း၊တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းကဲ့သို့ လေ့ကျင့်ခန်းမျိုးလုပ်ပေးပါ။ တစ်ခုဆိုတစ်ခုထိရောက်အောင်လုပ်ပြီးမှ နောက်တစ်ခုကိုဆက်လုပ်ပါ။

၄) အကြောင်းရင်းကိုမမေ့ခြင်း
ပန်းတိုင်ရောက်အောင် ဘာကြောင့် သွားနေတာလဲဆိုတဲ့အကြောင်းရင်းကို မေ့ခြင်းကလည်း ပန်းတိုင်ကိုရောက်ဖို့နှောင့်နှေးစေပါတယ်။ တခါတလေ အခြားကိစ္စတွေနဲ့ ကိုယ်ကြိုးစားနေတဲ့အရာကို သတိလက်လွတ်ဖြစ်တတ်ပါတယ်။ ကိုယ်ဘာတွေလုပ်နေမိသလဲ၊ ကိုယ့်ပန်းတိုင်နဲ့သက်ဆိုင်ရဲ့လား၊ ကိုယ့်ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားမိနေတာရော ဟုတ်ရဲ့လား စသဖြင့် အမြဲကိုယ့်ကိုယ်ကိုယ် သတိပေးနေဖို့လိုပါတယ်။ သင့်အစီအစဉ်အတိုင်းသင့်ကိုယ်သင်ပြန်ပြီး ဆွဲခေါ်ပါ။ သင့်ကိုယ်သင်သတိပေးပါ။

၅) စိတ်ဓာတ်တက်ကြွမှုမရှိတော့ခြင်း
ပြောချင်တာ သင်ရဲ့ပန်းတိုင်ဆီသွားဖို့ကြိုးစားနေတဲ့လမ်းမှာ ပန်းတိုင်အသေးလေးတွေ အသီးသီးချမှတ်ထားပါ။ ဥပမာ။ သင်က ဝိတ်ချမယ်၊ တစ်လကို ဘယ်နှစ်ဝိတ်ကျအောင်လုပ်မယ်လို့သတ်မှတ်လိုက်ပြီး ၆လအတွင်းမှာ သင်လိုချင်တဲ့ဝိတ်ဖြစ်ရမယ်လို့ရည်မှန်းထားတယ်ဆိုရင် ၆လပြည့်တဲ့အခါ ကျသွားမယ့်ဝိတ်က သင့်ရဲ့နောက်ဆုံးပန်းတိုင်ပေါ့။ ၆လမပြည့်ခင် တစ်လတစ်ခါ သင်ဝိတ်ချဖို့ ကြိုးစားရမှာတွေက ပန်းတိုင်အသေးလေးတွေပေါ့။ ထိုကဲ့သို့ ပန်းတိုင်အသေးလေးတွေကို ဖြစ်မြောက်အောင်လုပ်နိုင်တယ်ဆိုရင် သင့်စိတ်တက်ကြွလာပါတယ်။ သင့်ပန်းတိုင်နဲ့ပိုပြီးနီးကပ်လာသလိုခံစားရတာကြောင့်ပါ။ အဲဒါကြောင့် သင့်ကိုသင်စိတ်တက်ကြွမှုရှိအောင် လှုံ့ဆော်ပေးဖို့လိုပါတယ်။ လှုံ့ဆော်မှုမရှိရင် သင့်ကိုယ်သင်မလုပ်နိုင်ဘူးလို့ထင်လာတတ်ပါတယ်။ ဥပမာ။ “ခုတစ်လမှာ ဝိတ်ဘယ်လောက်တောင်ကျသွားပြီ၊ မကြာခင်ကိုယ်လိုချင်တဲ့ဝိတ်ကို ရတော့မှာ” လို့ ကိုယ့်ကိုယ်ကိုယ်လှုံ့ဆော်ပေးတာမျိုးပေါ့။
ဘယ်ပန်းတိုင်မဆို အနှောင့်အယှက်ကတော့ရှိမှာပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်သိဖို့ရယ်၊ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးဖို့ရယ်။ ချမှတ်ထားတဲ့ Smart goals အတိုင်းကြိုးစားဖို့လိုတာပါ။ ကိုယ်ကလွဲပြီး ဘယ်သူကမှ အဲဒီ့အရာတွေကို လိုက်မလုပ်ပေးနိုင်ပါဘူး။ ကိုယ်တိုင်သာအဓိကဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။
https://www.powerofpositivity.com/goals-setting-without-distractions/လင့်မှကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။