စေတနာသာမှန်ပါစေ။

ဒီခေါင်းစဉ်ကိုမြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီစေတနာနဲ့ပတ်သက်ပြီး ပြဿနာပေါင်းစုံကြုံဖူးခဲ့တာကို သတိရကြမယ်ထင်ပါတယ်။ လောကီလူ့ဘောင်မှာ စရိုက်အမျိုးမျိုး လူအမျိုးမျိုးရယ်မို့ အမှုကိစ္စပေါင်းစုံကြုံရမှာပါပဲနော်။ အဲဒီ့လို လူပေါင်းစုံနဲ့ကြုံရတဲ့အခါ မကြာခဏကြားဖူးနေကြစကားရှိမှာပါ။ “စေတနာသည် လူတိုင်းနဲ့မတန်…” ဆိုတဲ့စကားပါပဲ။ ကိုယ်ကတော့ စေတနာအပြည့်ထားလိုက်တာပဲ ဒါပေမယ့် ကိုယ့်စေတနာကို တန်ဖိုးမထားတာမျိုး၊ ကိုယ့်ဆီက ရသမျှ စေတနာတွေကိုတော့ ရသလိုယူပြီးထွက်သွားတာမျိုး၊ ကိုယ်က ကိုယ့်ရဲ့မရှိရှိရာ တန်ဖိုးထားစရာလေးတွေထဲကနေ ဖျစ်ညစ်ကူညီပေးလိုက်ပေမယ့် လက်လွတ်စပယ်တန်ဖိုးမထားတဲ့သူမျိုးတွေ အမျိုးမျိုးကြုံရမှာပါ။ အဲဒီလို ကြုံရတဲ့အခါ စိတ်နာနာနဲ့ တွေးမိတာကတော့ “စေတနာသည် လူတိုင်းနဲ့မတန်ပါ” ဆိုတဲ့စကားပါပဲ။


မှန်ပါတယ်……စေတနာဟာ လူတိုင်းနဲ့တော့ မတန်နိုင်ပါဘူး။ တချို့ကပြောကြတယ်၊ စေတနာက လူတိုင်းနဲ့ မတန်တာမဟုတ်ဘူးတဲ့။ လူတိုင်းက စေတနာနဲ့မတန်တာပါတဲ့။ ဒါလည်း ဟုတ်တာပါပဲ။ သေချာပြန်တွေးကြည့်မယ်ဆိုရင်…..လူတိုင်းဟာ သူတို့တွေ့ကြုံဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံချင်းမတူညီကြတာကြောင့် တန်ဖိုးထားပုံခြင်းဟာလည်း မတူကြပါဘူး။ ခံယူချက်ခြင်းဟာလည်း မတူကြပါဘူးလို့ မကြာခဏရေးဖူးပါတယ်။ အဲဒီ့အခါမှာ ကိုယ်က တန်ဖိုးထားပေးလိုက်တဲ့အရာဟာ တဖက်လူအတွက်တော့ ဘာမှမဟုတ်တဲ့အရာဖြစ်ချင်ဖြစ်နေနိုင်တာပါပဲ။

ဥပမာ။ သင်က သင့်ရဲ့ချွေးနှဲစာတွေထဲက တစ်နေ့နည်းနည်းစုထားတဲ့ငွေလေးနဲ့ ၂သိန်းတန်ဖုန်းလေးတစ်လုံးဝယ်လိုက်တယ်ဆိုပါစို့၊ သင်ရဲ့ချွေးနှဲစာနဲ့ဝယ်တာမို့ တလေးတစား တရိုတသေနဲ့ သင်တန်ဖိုးထားမိမှာပါပဲ။ တစ်ရက်တစ်မနက်နဲ့ ခါးပိုက်နှိုက်ခံလိုက်ရမယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ အရမ်းနှမြောမယ်၊ ဝမ်းနည်မယ်၊ တသသတွေးပြီး ယူကြုံးမရဖြစ်နေမှာပါပဲ။ အဲဒါက သင်တန်ဖိုးထားတာကိုး။
အဲဒါဆိုရင် နောက်ဆုံးပေါ်ကားအကောင်းစားကြီးစီးနေတဲ့ လူတစ်ယောက်ဟာ နောက်ဆုံးပေါ် အိုင်ဖုန်းကိုင်ထားတယ်ဆိုပါစို့။ သင်ချွေးနှဲစာနဲ့ စုဝယ်ထားတဲ့ ၂သိန်းတန်ဖုန်းကို ဘယ်လိုမြင်မယ်ထင်ပါသလဲ။ ယေဘူယျအားဖြင့် သာမန်အပေါစားဖုန်းလေးအဖြစ်ပဲမြင်မှာပေါ့။ အဲဒါဟာ ကိုယ်ရှင်သန်ရာဘဝအတွေ့အကြုံမတူတဲ့အတွက် တန်ဖိုးထားပုံချင်းမတူဘူးဆိုတာကို နမူနာပေးချင်လို့ ယှဉ်ပြောပြတာပါ။ (တကယ်တမ်း ကားအကောင်းစားကြီးစီး နောက်ဆုံးပေါ်ပစ္စည်းတွေကိုင်လို့၊ ငွေကြေးချမ်းသာကြွယ်ဝပေမယ့် တဖက်လူကို ကိုယ့်ထက်နိမ့်ကျသူလိုမဆက်ဆံဘဲ တဖက်လူရဲ့တန်ဖိုးထားမှုကို လေးစားတဲ့လူတွေလည်းအများကြီးရှိပါသေးတယ်နော်) အခါခါကြားဖူးနေတဲ့ ကျောက်တုံးပုံပြင်ကိုပဲ ပြန်တွေးကြည့်လိုက်ပါနော်။ ကျောက်တုံးတစ်တုံးကို အဖေလုပ်သူက သားဖြစ်သူကို ပေးပြီး ဈေးထဲသွားရောင်းတဲ့အခါ တချို့က ပန်းခြံထဲအလှထားဖို့ငွေနည်းနည်းပေးဝယ်ကြတယ်၊ အချို့က လမ်းဘေးက ကျောက်တုံးပဲလို့ထင်ပြီး အကြွေလေးပေးဝယ်ကြတယ်၊ ကျောက်မျက်ရတနာဆိုင်ကိုသွားပြတဲ့အခါကျမှ အဖိုးတန်ကျောက်တုံးအဖြစ် ဈေးများများပေးဝယ်တယ်၊ ကျောက်မျက်ကျွမ်းကျင်ပညာရှင်နဲ့တွေ့တဲ့အခါမှ ပေါက်ဈေးထက် ပိုပေးပြီး ဝယ်တာမျိုးကြုံရတယ်။ တန်ဖိုးမသိတဲ့လူအတွက် ကျောက်တုံးဟာ လမ်းဘေးက ကျောက်တုံးအဖြစ်သတ်မှတ်မယ်၊ တန်ဖိုးသိတဲ့လူအတွက် သွေးလိုက်မယ်ဆိုရင် တန်ဖိုးအများကြီးရှိတဲ့ကျောက်ရိုင်းတုံးကြီးအဖြစ်နဲ့ ငွေပေါင်းများစွာပေးဝယ်ကြသလိုပေါ့။ မြင်တဲ့အမြင်ခြင်းမတူတဲ့အခါ တန်ဖိုးထားပုံခြင်း ကွာခြားသွားပါတယ်။ တကယ်တန်ဖိုးသိတဲ့လူရဲ့လက်ထဲမှာသာ ကိုယ့်ရဲ့တန်ဖိုးက ပိုပြီး တန်ဖိုးရှိသလို၊ ပိုပြီးတန်ဖိုးတက်လာတာပါနော်။

အခုရေးနေတဲ့ “စေတနာသည် လူတိုင်းနဲ့မတန်ဘူး….၊ လူတိုင်းသည် စေတနာနဲ့မတန်ဘူး……” ဆိုတဲ့စကားကလည်း ထိုနည်းလည်းကောင်းပါပဲ။ သင်က စေတနာကို တန်ဖိုးတစ်ခုအနေနဲ့ သတ်မှတ်ပြီး ပေးလိုက်ပေမယ့် ယူတဲ့သူရဲ့တန်ဖိုးထားမှုပေါ်မူတည်ပြီး သင့်ရဲ့စေတနာဟာ တန်ဖိုးထားခံရခြင်း၊ တန်ဖိုးမထားခံရခြင်းရယ်လို့ ကွဲပြားသွားတာပါပဲ။ အဲဒီ့အခါမှာ ပြန်တွေးလို့ရတာတစ်ခုက သင်ပေးလိုက်တဲ့စေတနာသည် သင့်စေတနာသာဖြစ်ပြီး သင်တန်ဖိုးထားပြီး တလေးတစားနဲ့ပေးလိုက်တယ်ဆိုရင် တန်ဖိုးကရှိနေမှာပါပဲ။ တဖက်လူသတ်မှတ်လိုက်တဲ့တန်ဖိုးသည် တဖက်လူက သတ်မှတ်တဲ့တန်ဖိုးပါပဲ။ သင်ပေးလိုက်တဲ့စေတနာရဲ့တန်ဖိုးက ကျဆင်းသွားတာမဟုတ်ပါဘူး။ တဖက်လူကသာ သင့်ပေးလိုက်တဲ့စေတနာရဲ့တန်ဖိုးကိုမသိတာပါ။ သင့်စေတနာရဲ့တန်ဖိုးဟာ သူ့တန်ဖိုးရှိမြဲတိုင်းရှိနေမှာပါပဲ။ “Nothing that is of real value can be lost, only the false dissolves.”
Eckhart Tolle ရဲ့ quote လေးအတိုင်းပါပဲ။ စစ်မှန်တဲ့တန်ဖိုးဟာ ဘယ်တော့မှ မဆုံးရှုံးနိုင်ပါဘူး။ အတုအယောင်တွေသာ ပျောက်ကွယ်သွားနိုင်တာပါ။ အဲဒီ့အတွက် တန်ဖိုးမသိတဲ့သူဟာ သင့်စေတနာတန်ဖိုးကို မသိလို့ တန်ဖိုးမထားပါစေ။ သိသူဖော်စား…မသိသူကျော်သွားဆိုတဲ့ မြန်မာစကားပုံလိုပေါ့။ ထားလိုက်ပါ….။ ကိုယ်စိတ်ထဲ ထိခိုက်ရတဲ့အခါကျရင် “ကိုယ့်စေတနာသာ စစ်မှန်ပါစေ၊ ဘယ်တော့မှ တန်ဖိုးကျသွားမှာ မဟုတ်ပါဘူး” လို့သာ ပြန်တွေးလိုက်ပေါ့။

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်….ဆိုတာ တကယ်ပါနော်။ သင့်ရဲ့စေတနာတန်ဖိုးသည် ဘယ်သူမှ တန်ဖိုးမထားရင် နေပါစေ၊ သူ့တန်ဖိုးအတိုင်းရှိနေမှာဖြစ်တဲ့အတွက် သင့်စေတနာကို တန်ဖိုးထားတတ်တဲ့သူနဲ့ သင်တွေ့လာအုံးမှာပါ။ အဲဒီ့အခါ ပေးသူနဲ့ယူသူ တထပ်တည်းကျပြီး အကျိုးများစေမှာပါ။ သင့်ရဲ့စစ်မှန်တဲ့ စေတနာဟာ တန်ဖိုးထားတတ်တဲ့သူနဲ့တွေ့တဲ့အခါ သူ့လိုလို တန်ဖိုးတက်လာပါလိမ့်မယ်။ အဲဒီ့အတွက် ကိုယ်ပေးလိုက်တဲ့စေတနာကို တပါးသူ တန်ဖိုးထားခြင်း၊ မထားခြင်းကို အာရုံမထားဘဲ ကိုယ့်စေတနာ တန်ဖိုးစစ်မှန်ဖို့သာ အာရုံစိုက်ပါ။ “ကိုယ့်စေတနာကိုယ့်ကိုအကျိုးပေးမယ်…” ဆိုတာ သင့်စေတနာကို တန်ဖိုးထားတဲ့လူတွေနဲ့ကြုံလာခဲ့ရင် သင်နားလည်လာမယ့်စကားပါပဲ။ မယုံမရှိပါနဲ့နော်…သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိပါတယ်၊ သင့်စေတနာကို တန်ဖိုးထားတတ်တဲ့လူနဲ့ကြုံဖို့တော့ လိုတာပေါ့။ အခါခါ စေတနာတန်ဖိုးမထားခံရလည်း ကိုယ့်စေတနာကို တန်ဖိုးမသိတဲ့လူတွေအတွက် စိတ်မပျက်ပါနဲ့။ ကိုယ်စေတနာ တန်ဖိုးစစ်မှန်ဖို့သာ အာရုံစိုက်ပါ။ ကိုယ့်စေတနာကို တန်ဖိုးမထားသူတွေဟာလည်း တူညီတဲ့သက်ရောက်မှုရလာပါလိမ့်မယ် အဲဒါက ဘာလဲဆိုတော့ စာရေးဆရာ Dinah Maria Murlock Craik ပြောထားတဲ့စကားလိုပဲ "We never discover the value of things till we have lost them"”ဘယ်အရာကိုမဆို ဆုံးရှုံးသွားတဲ့အခါမှသာ ထိုအရာရဲ့တန်ဖိုးကို သိလာမှာပါ။" ကိုယ်တွေရဲ့စေတနာကို တန်ဖိုးမထားသူအတွက် သူရဲ့တန်ပြန်သက်ရောက်မှု အချိန်တန် စေတနာအစစ်အမှန်ကို ဆုံးရှုံးရတဲ့အခါမှသာ တန်ဖိုးသိလာပါလိမ့်မယ်။ အဲဒါက သူတို့နဲ့တန်တဲ့ သက်ရောက်မှုကို သူတို့ရတာပါ။

အဲဒီ့တော့ ကိုယ်က ကိုယ်နဲ့တန်တဲ့ သက်ရောက်မှုရဖို့သာ အာရုံစိုက်ပါ။ ကိုယ့်စေတနာသာ စစ်မှန်ပါစေ၊ စေတနာကို တလေးတစားတန်ဖိုးထားသူနဲ့တွေ့လာတဲ့တစ်နေ့ ကိုယ့်စေတနာကိုယ့်ကို ရောင်ပြန်ဟပ်ပါလိ့မ်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။