အချိန်ဆိုတာ သင့်ရဲ့ကိုယ်ပိုင်အရင်းအနှီးပါ။

အချိန်ဆိုတာ ဘာလို့အရင်းအနှီးဖြစ်ရမှာလဲ….လို့မေးစရာရှိပါတယ်။ ဒါပေမယ့် အချိန်ဆိုတာက အသုံးချတတ်ရင် သင့်အတွက်အရင်းအနှီးဖြစ်လာတယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ မအောင်မြင်တဲ့လူတော်တော်များများမှာ ဆင်ခြေပေါင်းစုံရှိတတ်ပါတယ်။ များသောအားဖြင့်ကြားရတတ်တဲ့ဆင်ခြေက အရင်းအနှီးမရှိတာနဲ့ ထောက်ပံ့ကူညီပေးမယ့်သူမရှိတာပါပဲ။ “သူတို့ကတော့ အောင်မြင်နိုင်တာပေါ့ သူ့မိဘက ချမ်းသာတာကိုး” “သူတို့က စီးပွားရေးတစ်ခုပြီးတစ်ခုလုပ်နိုင်တာပေါ့ သူ့မှာငွေပေါတာကိုး” စသဖြင့် ကြားဖူးကြမှာဖြစ်သလို ကိုယ်တိုင်လည်း ပြောဖူးကြမှာပါ။


ထိုကဲ့သို့ ပြောလိုက်၊ တွေးလိုက်တာနဲ့တင် သင်ဖြစ်ချင်တဲ့အရာ ၊ သင်ရည်မှန်းထားတဲ့အရာတစ်ခုခုအတွက် သင်ဆက်လုပ်ဖြစ်တော့မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ သင်ကမဖြစ်နိုင်ဘူးလို့ခံယူထားလို့ပါပဲ။ “သူတို့မှက နောက်ခံစီးပွားရေးတောင့်တယ်၊” “သူတို့က မိဘထောက်ပံ့နိုင်တယ်” “ငါတို့မှာက ငွေမရှိဘူး” “မိဘက ဘာမှမထောက်ပံ့နိုင်ဘူး” ထိုအတွေးမျိုးတွေးလိုက်တာနဲ့တင် သင့်စိတ်ထဲမှာ သင်ဖြစ်ချင်တာတွေကို သင်မလုပ်ဆောင်နိုင်ဘူးလို့ မသိမသာလက်ခံလိုက်မိတာပါပဲ။ တကယ်တော့ ကိုယ်မှန်းထားတဲ့ပန်းတိုင်တစ်ခုခု ဒါမှမဟုတ် ရည်မှန်းချက်တစ်ခုခုကို စတွေးမိပြီဆိုရင် သင်တွေးသင့်တာက “မဖြစ်နိုင်ဘူး….” ဆိုတာမျိုးမဟုတ်ဘဲ “ဖြစ်အောင်ဘယ်လိုလုပ်ရင်ရမလဲ” ဆိုတာမျိုးပါပဲ။ မဖြစ်နိုင်ဘူးလို့တွေးလိုက်တာနဲ့ ဆက်မတွေးတော့ဘဲ လက်လျှော့လိုက်ပါလိမ့်မယ်။ ဘယ်လိုဖြစ်အောင်လုပ်ရင်ရမလဲ…..လို့တွေးတာနဲ့ နည်းလမ်းကို သင်ရှာပါလိမ့်မယ်။ အဲဒါကြောင့် နည်းလမ်းရှာမယ့်အတွေးကိုသင်တွေးရမှာပါ။ နည်းလမ်းရှာမယ့်အတွေးတွေးမိတဲ့အခါမှာ အထက်ကလို ငွေ၊အထောက်အပံ့၊ အခြားလူရဲ့ကူညီမှုဆိုတာတွေက သူတစ်ပါးကို အားကိုးနေတာပါပဲ။ သူများကူညီမှ သင့်အိပ်မက်ဖြစ်လာမှာမျိုးပေါ့။ သင့်လက်နဲ့သင်ကိုယ်တိုင်ဘယ်လိုပုံဖော်မလဲဆိုတဲ့နေရာမှာ ငွေမရှိရင် သင့်မှာအချိန်ရှိတယ်ဆိုတာ သတိရလိုက်ပါ။ သင်ကဆင်ခြေတက်မယ်….အလုပ်ချိန်ပြည့်နေလို့ အချိန်မရှိဘူးဆိုရင် သင့်အချိန်ကို သင်ပြန်ဆန်းစစ်ကြည့်သင့်နေပါပြီ။

ကျွန်တော်တို့မှာ လူတိုင်းလိုလို အလကားရထားတဲ့အချိန် ၂၄နာရီရှိပါတယ်။ ငွေမပေါတဲ့လူအတွက် အချိန်ကို သေချာပိုင်းခြားအသုံးချတတ်ရင် ငွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းက အချိန်ကို သတိမမူမိဘဲ အလကားသုံးပစ်မိနေကြပါတယ်။ Jim Rohn ပြောထားသလို “Time is our most valuable asset, yet we tend to waste it, kill it and spend it rather than invest it.” အချိန်ဆိုတာတန်ဖိုးအရှိဆုံးပါ၊ ရင်းနှီးမြုပ်နှံမယ့်အစား အလကားဖြုန်းပစ်၊ သုံးပစ်လိုက်တာလည်း အချိန်ပါပဲနော်။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အချိန်တွေမှာ တစ်နေ့တာ အလုပ်ချိန် ၈နာရီအလုပ်လုပ်တယ်ဆိုပါစို့၊ ကျန်တဲ့အချိန်မှာ ကိုယ်ဘာလုပ်သလဲပြန်ဆန်းစစ်ကြည့်လိုက်ပါ။ သေချာချရေးပါ။ ရုံး(သို့)ကျောင်းကအပြန်၊ ဘတ်စ်ကားပေါ်မှာကြာချိန်နုတ်လိုက်ရင် အိမ်ပြန်ရောက်ပြီး ဘာဆက်လုပ်ဖြစ်ပါသလဲလို့ ဆက်တွေးပါ။ သင်ထမင်းစားချိန်၊ ရေချိုးချိန်ပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်နေသလား၊ ဘောလုံးပွဲထိုင်ကြည့်နေသလား၊ ဒါမှမဟုတ် လမ်းထိပ်မှာ ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေသလား၊ ဒါမှမဟုတ် သင်တန်းတက်နေသလား။ သင်တန်းတက်ရင်ရော သင်တန်းကပြန်အချိန်ဘာလုပ်ဖြစ်သလဲ စသဖြင့် သင့်ကိုယ်သင်ပြန်ဆန်းစစ်ရင် သင့်အတွက် သင့်ရည်မှန်းချက်အတွက်ဘာမှအကျိုးမရှိဘဲ ကုန်ဆုံးသွားတဲ့အချိန်တွေနေရာမှာ အခြားအချိန်ပိုင်းအလုပ်တစ်ခုရလာအောင် သင်မစီမံနိုင်ဘူးလား။ တကယ်တော့ အချိန်ကအရင်းအနှီးပဲဆိုတာ အဲဒါကို ပြောချင်တာဖြစ်ပါတယ်။ သင့်အလုပ်ချိန် ၈နာရီအပြန် နောက်ထပ်အလုပ်တစ်ခုခုကို သင်မလုပ်နေနိုင်ဘူးလား။ ဒါမှမဟုတ် နောက်၆လအတွင်းမှာ ရာထူးတိုးဖို့အတွက် တစ်ခုခု မသင်ယူနိုင်ဘူးလား။ ငွေမပေါတဲ့အတွက်
ပညာပိုစုံအောင်ကြိုးစားဖို့ အချိန်ကို အကျိုးရှိရှိအသုံးချလိုက်ရင် ပညာပိုစုံလာမယ်၊
ပိုအတွေ့အကြုံများလာမယ်၊ အချိန်တစ်ခုရောက်တဲ့အခါ သင့်အတွက် ဝင်ငွေပိုမတိုးလာနိုင်ဘူးလား။
အချိန်က ဘာလို့တန်ဖိုးကြီးတယ်လို့ပြောကြသလဲသိရဲ့လား။ သင့်ဘဝအတွက် ကုန်ဆုံးခဲ့တဲ့အချိန်တစ်ချို့ကို သင်ငွေတွေဘယ်လောက်ပြန်ပေးပေး သင်ပြန်မဝယ်နိုင်တော့ဘူးလေ။ အဲဒါကြောင့် ငွေထက်ကို အချိန်ကပိုတန်ဖိုးရှိတာပေါ့။ သင့်မှာငွေမရှိဘူးလို့ ထိုင်မညည်းပါနဲ့။ သင့်မှာ ငွေထက်ပိုတန်ဖိုးရှိတဲ့အချိန်ရှိပါတယ်။ အချိန်ကို သေချာဝေဖန်သုံးသပ်လိုက်ပါ။ အပိုကုန်တဲ့အချိန်တွေကို စစ်ချလိုက်ပါ။ ပိုနေတဲ့အချိန်တွေစုလိုက်တဲ့အခါ သင့်မှာပိုတဲ့အချိန်ကို ပညာရှာဖို့ ဒါမှမဟုတ် ငွေရှာဖို့ အသုံးချလိုက်ပါ။ သင့်မှာ ဝင်ငွေပိုမတိုးလာနိုင်ဘူးလား။ ဆောင်းပါတစ်ပုဒ်ထဲမှာဖတ်ဖူးပါတယ်။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ရုံးအလုပ်ကိုအချိန်တန်လစာရမှာပဲလို့ အေးဆေးလုပ်တတ်ပါတယ်တဲ့။ နောက်တစ်ယောက်ကတော့ ရုံးချိန်တွင်းအလုပ်ပြီးဆုံးအောင်လုပ်တယ် အဲဒါမှ ညနေရုံးကပြန်ရင် အချိန်ပိုထွက်လာမှာကိုး။ ပိုထွက်လာတဲ့အချိန်တွင်းမှာ အချိန်ပိုင်းအလုပ်တစ်ခုထပ်လုပ်ရင်လုပ်၊ မလုပ်ရင်လည်း သင်တန်းတက် ဒါမှမဟုတ် သင်တန်းတက်ဖို့ငွေမရှိရင် youtube ၊ google ကနေ ဟင်းချက်နည်းတွေလေ့လာရင်း စားချင်တဲ့လူအချို့အတွက် ရောင်းပေးပါတယ်တဲ့။ ပထမတော့ စားတဲ့သူနည်းပေမယ့် အမြဲအသစ်တွေလေ့လာ၊ ပိုကောင်းလာအောင်ကြိုးစားရင်း သူ့ဟင်းတွေက လူကြိုက်များလာပါတယ်။ အချိန်တစ်ခုအရောက်မှာ သူ့ဟင်းချက်တဲ့လုပ်ငန်းက အောင်မြင်လာပြီးဝင်ငွေတိုးလာပါတယ်။ ပထမသူငယ်ချင်းကတော့ ဒုတိယသူငယ်ချင်း ဝင်ငွေ၂ဆရနေချိန်မှာ ပုံမှန်လို ရတဲ့လစာကို သုံးဖြုန်းတယ်၊ အချိန်ကို ခိုတယ်၊ အချိန်ဖြုန်းတာတွေကြောင့် ဒီဘဝက မတိုးတက်လာပါဘူး။

ဒါတွေက စိတ်ကူးယဉ်ပြီးပြောနေတဲ့အရာတွေမဟုတ်ပါဘူးနော်။ တကယ်ကြိုးစားရင် တကယ်ဖြစ်နိုင်တဲ့လက်တွေ့နည်းလမ်းပါ။ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကတော့ တကယ်လက်တွေ့ကျဖို့လိုတာပေါ့။ အသက်ကဖြင့် ၂၈နှစ် သာမန်ဘွဲ့တစ်ခုရထားတဲ့လူက အခုကျမှ ဆရာဝန်ဖြစ်ချင်တာက သူ့ရည်မှန်းချက်ပါလို့ ပြောလို့တော့မဖြစ်နိုင်ဘူးပေါ့။ ကိုယ့်အသက်အရွယ်၊ ကိုယ်ရောက်နေတဲ့နေရာကနေ လက်တွေ့ကျကျစဉ်းစားပြီးတကယ်လုပ်နိုင်တဲ့ရည်မှန်းချက်၊ ပန်းတိုင်အတွက်တော့ ကိုယ့်လက်ထဲပိုင်ထားပြီးသား အချိန်ကိုသာ အကျိုးရှိရှိ အသုံးချလိုက်ပါ။ အလကားရုပ်ရှင်ထိုင်ကြည့်ရင်းအချိန်ကုန်မယ့်အချိန်၊ ဟိုလူ့အကြောင်းဒီလူ့အကြောင်းပြောမယ့်အချိန်မျိုးတွေမှာ အချိန်ပိုင်းအလုပ်တစ်ခုခုလုပ်ရင်းငွေပိုရှာမလား ဒါမှမဟုတ် youtube/ google ကနေဖြစ်ဖြစ် သင်ခန်းစာတစ်ခုခုသင်ယူမလား။ တကယ်လုပ်ကြည့်ပါ။ အဲဒီလိုပြောလို့ ရုပ်ရှင်ကြည့်အပန်းဖြေချိန်မရှိဘူးလို့တွေးလို့မရပါဘူးနော်။ အောင်မြင်တဲ့လူတိုင်းက မအောင်မြင်တဲ့လူတွေထက်တော့ တစ်ခုခုကို ဆုံးရှုံးခံရတာပါပဲ။ ကိုယ့်ဘဝအတွက် ရုပ်ရှင်ကြည့်ချိန်လေးတစ်နာရီအဆုံးခံပြီး ငွေပိုတိုးလာတာ ဒါမှမဟုတ် ပညာတစ်ခုတိုးသွားတာ မတန်ဘူးလား။
အဲဒါကြောင့် ငွေမရှိဘူး၊ ဘာမှမလုပ်နိုင်ဘူး၊ ဘယ်သူမှမထောက်ပံ့ပေးဘူး ဆိုတဲ့ဆင်ခြေတွေထိုင်ညည်းနေမယ့်အစား ကိုယ့်အချိန်ကိုသေချာပြန်သုံးသပ်ပါ။ ပြန်စီမံပါ။ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်အောင်ကြိုးစားပါ။ ငွေလိုရင်ငွေရနိုင်ပြီး ၊ ရွှေလိုရင်ရွှေ၊ ပညာလိုချင်ပညာရစေမယ့် အချိန်က သင့်မှာပိုင်ဆိုင်ထားပြီးသားပါ။ သင်အသုံးချတတ်ဖို့သာလိုတာပါ။ “The most precious resouce is time” ပါပဲလို့ သတိပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။