သင့်ရဲ့ပန်းတိုင်ကို ရောက်ဖို့အတွက် သင်လိုအပ်တဲ့စွမ်းရည် ၅မျိုး

ကျွန်တော်တို့ကိုယ်စီမှာ သတ်မှတ်ထားတဲ့ပန်းတိုင်တွေရှိကြမှာပါ။ လူတိုင်းကလည်း ကိုယ်ဖြစ်ချင်တာလေးတွေ ကိုယ်စီကြိုးစားရင်းရုန်းကန်နေရတာချည်းပါပဲ။ တခါတရံမှာတော့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကို လက်လျှော့ချင်စိတ်ဖြစ်ပေါ်လာတာမျိုးဖြစ်တတ်ပါတယ်။ အရာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်တာကို အာရုံထားဖို့တော့လိုပါတယ်။ အောင်မြင်တဲ့သူတွေက အရာအားလုံးကိုလုပ်ဆောင်နိုင်တဲ့သူတွေမဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့လုပ်နိုင်တဲ့အရာတွေကိုတော့ သေချာနားလည်ပြီး သေချာအာရုံစိုက် မလျှော့သောဇွဲနဲ့ကြိုးစားကြတဲ့သူတွေဖြစ်ပါတယ်။ အဲဒါအပြင် အောင်မြင်တဲ့သူတွေရဲ့ soft skills လို့ပြောလို့ရတဲ့ စွမ်းရည်တွေလည်း ရှိပါသေးတယ်။ အောင်မြင်မှုလမ်းကြောင်းကို ရောက်အောင်လျှောက်လှမ်းနေတဲ့အခါမှာ အဲဒီ့စွမ်းရည်တွေလည်း အသုံးဝင်ပါတယ်။


၁) အကောင်းမြင်စိတ်ရှိပါ။
ဘယ်အလုပ်ကိုမဆို၊ ဘယ်အရာကိုမဆို အကောင်းမြင်တတ်တဲ့စိတ်နဲ့ စတင်ပြီး တွေးတောကြည့်ခြင်းက ပိုကောင်းတဲ့ရလဒ်တွေဖြစ်လာစေနိုင်ပါတယ်။ “ငါအောင်မြင်အောင်လုပ်နိုင်ပါတယ်…” လို့တွေးလိုက်တဲ့အတွေးရဲ့နောက်မှာ သင်တကယ်ကိုအောင်မြင်အောင်လုပ်နိုင်တယ်လို့ သင့်ကိုသင်ယုံကြည်မှုရှိလာမှာပါ။ ယုံကြည်မှုရှိလာတဲ့အတွက် သင့်မှာ စိတ်ဓာတ်တက်ကြွပြီး အောင်မြင်အောင်လုပ်ဆောင်ဖို့ခွန်အားတွေပြည့်ဝလာစေတဲ့အတွက် ၁၀၀ရာခိုင်နှုန်းမဖြစ်နိုင်ရင်တောင် အောင်မြင်ဖို့ အလားအလာများစေပါတယ်။ အဲဒီလိုအကောင်းမြင်စိတ်ရှိစေဖို့အတွက် သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ဝန်းရံဖို့လည်းလိုအပ်ပါတယ်။ သင့်ကို စိတ်အားတက်စေတဲ့သူတွေ၊ သင့်ကို အကောင်းမြင်တဲ့သူတွေ၊ သင့်ကိုအောင်မြင်စေတဲ့သူတွေပေါ့။ အဲဒါအပြင် သင့်ကိုစိတ်ဓာတ်တက်ကြွစေတဲ့စာအုပ်တွေ၊ သီချင်းတွေနားထောင်ဖို့လည်းလိုပါတယ်။

၂) ဇွဲရှိပါ။
ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားတဲ့အကြိမ်တိုင်းမှာ သင်လိုအပ်တာနဲ့လိုချင်တာ ဘာလဲဆိုတာကိုသိပြီး အခြားသူတွေရဲ့ “မဖြစ်နိုင်ဘူး…” လို့ပြောတဲ့စကားကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။ အဲဒီလိုပါပဲ တစ်ကြိမ်ကြိုးစားတိုင်း ချက်ချင်းအောင်မြင်ဖြစ်မြောက်ချင်မှဖြစ်မြောက်ပါလိမ့်မယ်။ အခါခါ ကြိုးစားလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ တခါကျရှုံးလည်း တခါထပ်ကြိုးစားမယ်ဆိုတဲ့စိတ် ဇွဲရှိဖို့ လိုအပ်ပါတယ်။ အောင်မြင်တဲ့သူတွေက ဘယ်တော့မှ လက်မလျှော့တတ်ကြပါဘူး။ ကျရှုံးချိန်မှာကတည်းက လက်လျှော့ခဲ့ကြတယ်ဆိုရင် အောင်မြင်တဲ့သူတောင်ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင်ကအောင်မြင်ဖို့ သင်ပန်းတိုင်ကိုအရောက်သွားချင်တယ်ဆိုရင် လွယ်လွယ်နဲ့လက်လျှော့လို့ မဖြစ်ပါဘူး။ သင့်ရဲ့ပန်းတိုင်ကိုရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ပါ။ သင့်ရဲ့နေ့ရက်တွေတိုင်းက သင့်ပန်းတိုင်အတွက်ကြိုးစားနေတဲ့နေ့တွေဖြစ်ပါစေ။

၃) စိတ်ရှည်ပါ။
သင့်ရဲ့ပန်းတိုင်ကိုရောက်အောင်သွားဖို့က သင့်မှာ အံ့အားသင့်စရာကောင်းလောက်အောင် စိတ်ရှည်မှဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော အောင်မြင်သူတိုင်းက အကြိမ်ကြိမ်အခါခါ ကျရှုံးမှုကို စိတ်ရှည်ရှည်နဲ့ကျော်ဖြတ်၊ ဇွဲရှိစွာ ပြန်ကြိုးစားတတ်ကြသူတွေဖြစ်ပါတယ်။ စိတ်မရှည်ဘဲ ခုကြိုးစား ခုချက်ချင်းအောင်မြင်ချင်လို့ မဖြစ်နိုင်ပါဘူး။ ကြီးကျယ်တဲ့အရာတွေအတွက် အချိန်တစ်ခုတော့စောင့်ရတယ်ဆိုတာမမေ့ပါနဲ့၊ သင့်ရဲ့အိပ်မက်တွေဖြစ်လာဖို့ စိတ်ရှည်ပါ။

၄) ဖြစ်လာနိုင်တာတွေကိုခံနိုင်ရည်ရှိပါ။
ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်မှာ လူပေါင်းစုံ အခြေအနေပေါင်းစုံကို ကြုံတွေ့ကြရမှာပါ။ ဘယ်ကိုသွားရမယ်မှန်းမသိဘဲ အခက်အခဲတွေကိုဖြေရှင်းဖို့ကြိုးစားတာနဲ့ ကိုယ်သွားချင်တဲ့လမ်းကြောင်းပေါ်မှာ သွားနေရင်း ကြုံလာသမျှတွေကို ဖြေရှင်းရတာခြင်းက မတူပါဘူး။ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို သွားနေရင်းမှ ဖြစ်လာတဲ့ဆိုးကျိုးတွေ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရတာက ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ အဲဒီလိုသွားနေရင်းနဲ့ တချို့လူတွေက “မဖြစ်နိုင်ပါဘူးကွာ…..။ မင်းလားဖြစ်မှာ….။ တော်ပါတော့ကွာ…..” ဆိုတဲ့စကားမျိုး သင်မလုပ်နိုင်လောက်ပါဘူးလို့ ပြောတတ်တဲ့သူမျိုးတွေကို ကြုံရတဲ့အခါ အဲဒီ့စကားမျိုးတွေကိုလည်း ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းကိုလျှောက်တဲ့အခါ ဘေးစကားတွေ၊ အထင်သေးခံရတာတွေ၊ အနှီမ်ခံရတာတွေဖြစ်လာနိုင်တာကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိဖို့ကြိုးစားရပါမယ်။ အဲဒါအပြင် ကြိုးစားရင်းနဲ့မှ ကျရှုံးမယ့်အခါခါကြုံရမယ့်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိမှ ဖြစ်ပါမယ်။

၅) လိုက်လျောညီထွေဖြစ်ပါစေ။
သင့်ဘဝမှာ အမြဲတမ်းသင်ယူနေရပါမယ်၊ အဲဒါမှ သင်ပိုပြီးအောင်မြင်လာနိုင်ဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။ သင့်စိတ်ကို ခပ်ရှင်းရှင်းထားဖို့လိုပါတယ်။ ပြောချင်တာက ဖြစ်သမျှကို ဖွင့်ထုတ်ပြီး စိတ်ထဲခပ်ရှင်းရှင်းထားဖို့ပါပဲ။ စိတ်ထဲမှာ အမြဲတမ်းမြုံထားခြင်းက သင့်ကိုပဲအချိန်ကြာလေထိခိုက်လေဖြစ်နိုင်ပါတယ်။ သင့်ကို ဝန်းရံထားတဲ့ အကောင်းမြင်စိတ်ရှိတဲ့သူတွေဆီက သင်ယူသင့်တာ ပွင့်ပွင့်လင်းလင်းပြောပြသင်ယူပါ။ အကျင့်ကောင်းတွေ သင်ယူပါ။ မသိရင်မေးပါ။ မသိတာကို သိသလိုခပ်မြုံမြုံလုပ်နေတာမျိုး၊ မသိတာကို သိသယောင် တတ်ယောင်ကားလုပ်နေတာမျိုးတွေမလုပ်ပါနဲ့။ သင်ပတ်ဝန်းကျင်မှာ အားလုံးအကောင်းဆုံးဆိုတဲ့လူတွေ ဝန်းရံနေမှာမဟုတ်တဲ့အတွက် သင်က အမြဲတမ်းလည်း အကောင်းကိုမျှော်လင့်နေလို့မရသလို၊ မကောင်းတဲ့သူတွေကိုလည်း အမြဲတမ်းပြန်လည်တိုက်ခိုက်ချေပနေဖို့မလိုပါဘူး။ သင့်အချိန်ကုန်၊ သင်စိတ်ပင်ပန်းရုံသာရှိပါတယ်။ အဲဒါကြောင့် အကုန်လုံးကို လိုက်လျောညီထွေဆက်ဆံတတ်ဖို့လိုပါတယ်။ စိတ်ထဲမှာ မကြေမလည်မဖြစ်စေဘဲ စိတ်ကို ရှင်းနေအောင်နေခြင်းက သင်လုပ်ချင်တာကိုပိုပြီးအာရုံစိုက်နိုင်ပါတယ်။ သင့်ခေါင်းထဲထည့်သင့်တာကိုထည့်ပြီး သင့်ခေါင်းထဲမထည့်သင့်တာကို မထည့်ဘဲ လိုက်လျောညီထွေဖြစ်အောင် နေလိုက်ရုံပါပဲ။
အဲဒါကြောင့် သင်က သင်ရည်မှန်းထားတဲ့ပန်းတိုင်တစ်ခုကို မရောက်ရောက်အောင်သွားမယ်ဆိုရင်တော့ အထက်က အချက်တွေကို လက်ကိုင်ထားသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။