၂၀၂၀တစ်နှစ်လုံး အကျိုးရှိစွာ ကုန်ဆုံးနိုင်စေဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးသင့်တဲ့အကျင့်များ

နှစ်ဟောင်းမှာတုန်းက အချိန်တွေအလကားကုန်ဆုံးခဲ့ပြီး ကိုယ့်ဘဝဘာမှမတိုးတက်လာဘူးဆိုရင် ထားခဲ့လိုက်ပါတော့။ ပြန်တွေးပြီး နှမြောတသဖြစ်နေလို့ အပိုပါပဲ။ ပြန်တွေးပြီး ပူပန်နေခြင်းက ခုလက်ရှိအချိန်ပါ ထပ်ကုန်ဖို့ပဲရှိပါတယ်။ အဲဒါကြောင့် ခုနှစ်သစ်တစ်နှစ်လုံးကို အကျိုးရှိစွာ ကုန်ဆုံးနိုင်စေဖို့ သင့်ကိုသင်သတိပေးသင့်တဲ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အချိန်ကို အကျိုးရှိစွာအသုံးချဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။
အဓိက မတိုးတက်ရခြင်းရဲ့အကြောင်းရင်းကတော့ အချိန်ကို အလကားကုန်ဆုံးစေခြင်းကြောင့်ပါပဲ။ ဟိုဟာ လုပ်မလို၊ ဒီဟာလုပ်မလိုနဲ့ နောက်ဆုံးဘာမှမဖြစ်လောက်ဘူးဆိုတာမဖြစ်ရအောင် နှစ်စကတည်းက အချိန်ကို အကျိုးရှိစွာ အသုံးချမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ အချိန်အလကားဖြုန်းတီးမိတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြီး ပြန်သတိထားပါ။

၂) Plan ဆွဲထားပါ။
တစ်နှစ်လုံးမှာ ကိုယ်လုပ်ချင်တာတွေနဲ့ ကိုယ်ဖြစ်ချင်တာတွေကို ကြိုတင် အစီအစဉ်ဆွဲပါ။ ခုဆို planner တွေပါ ဝယ်ပြီး အစီအစဉ်ဆွဲလို့ရနေပါပြီ။ Planner မဝယ်လည်း ကိုယ့်ကိုယ်ကိုယ်အသိဆုံးမို့ ကိုယ်လုပ်ချင်တာတွေနဲ့ ကိုယ်ဖြစ်ချင်တာတွေကို သေချာစဉ်းစားသုံးသပ်ပါ။ အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ ကိုယ်လုပ်ချင်တာတွေနဲ့ ကိုယ်ဖြစ်ချင်တာတွေကို မျှတအောင်လုပ်ပြီး ဘယ်အချိန်မှာ ဘယ်အရာတွေထိရောက်အာင် လုပ်မလဲဆိုပြီး သင့်ကိုယ်သင်သတိပေးပါ။

၃) အခွင့်အရေးကိုထိုင်စောင့်မနေပါနဲ့။
ဘာမှမဖြစ်မြောက်ခြင်းရဲ့ အဓိကအကြောင်းရင်းထဲမှာ အခွင့်အရေးကို ထိုင်စောင့်နေတာလဲ တစ်ခုအပါအဝင်ပါပဲ။ Geroge Bernard Shaw ပြောဖူးတဲ့ “Don’t wait for the right oppournity, creat it” ဆိုတဲ့စကားကို ယုံပါ။ မှန်ကန်တဲ့အခွင့်အရေးရလာဖို့ကို စောင့်နေရင် အလုပ်မဖြစ်ပါဘူး။ အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးယူပစ်လိုက်ပါ။ အဲဒါက ပိုထိရောက်ပါတယ်နော်။

၄) ဗာဟီရကိစ္စတွေကို အချိန်အများကြီးမပေးပါနဲ့။
သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ၊ ပျော်ပါးတာ၊ လက်ဖက်ရည်ဆိုင်မှာ အကြာကြီးလေကန်တာ၊ ငြင်းခုံတာ၊ ရန်ဖြစ်တာ၊ မမြင်မတူသူတွေနဲ့ ရန်ဖြစ်တာ၊ ဖေ့ဘုတ်ပေါ်အချိန်အများကြီးကုန်နေတာ၊ ဂိမ်းတစ်ညလုံးဆော့နေတာ စသဖြင့် ကိုယ့်အချိန်ကို တိတ်တိတ်လေးခိုးယူနေတဲ့ကိစ္စတွေလုပ်မိနေရင် ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးလိုက်ပါ။ တခါတလေ အားလပ်ချိန်မလိုအပ်ဘူးမဟုတ်ပါဘူး၊ လိုအပ်ပါတယ်။ ဒါပေမယ့် နေရာတစ်ခုမှာ တိုးတက်အောင်မြင်ချင်တယ်ဆိုရင်တော့ အကန့်အသတ်ရှိဖို့လိုပါတယ်။ ကိုယ့်စိတ်ထဲအရမ်းရှုပ်ထွေးလာလို့၊ ဒါမှမဟုတ် အရမ်းစိတ်ဖိစီးမှုများလာလို့၊ ခေါင်းပူလာလို့ စသဖြင့် အလုပ်တွေများလို့ အရမ်းတင်းကြပ်မှုဖြစ်လာတာက relax လုပ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဘယ်အရာမှလည်း ထိရောက်အောင် မကြိုးစားဘဲ အကျိုးမရှိတဲ့ ဗာဟီရကိစ္စတွေနဲ့အချိန်ကုန်တာကတော့ ကိုယ့်ကိုယ်ကိုယ်အားလပ်ချိန်ပေးတာ၊ relax လုပ်တာမဟုတ်တော့ဘဲ အချိန်တွေဖြုန်းတီးပစ်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်တိုင်လည်းအကျိုးမရှိ၊ အခြားသူတွေလည်း အကျိုးမရှိတဲ့ကိစ္စမျိုးနဲ့အချိန်တွေဖြုန်းနေမိရင် ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သုံးသပ်ပါ။ ကန့်သတ်ပါ။

၅) ကိုယ့်စွမ်းရည်ကိုမြင့်တင်ပါ။
အလကားအချိန်ကုန်ဆုံးမိနေတာနဲ့ ကိုယ့်ကိုယ်ကိုယ် alrm လုပ်ပါ။ ကိုယ့်စွမ်းရည်မြင့်တင်ဖို့ အာရုံစိုက်ပါ။ ကိုယ့်ရဲ့နောက်ထပ်သော skills တွေတိုးတက်လာဖို့၊ စာဖတ်ချိန်တိုးလာဖို့၊ အခြားဗဟုသုတရဖို့စတာတွေအတွက် အာရုံစိုက်ပါ။ နှစ်သစ်မှာ ကိုယ့်ရဲ့နောက်ထပ် skills တွေတိုးအောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ skills ကို ဖြည့်ဖို့ကြိုးစားပါ။

၆) အဆိပ်လိုလူတွကို ရှောင်ပါ။
ကိုယ့်အကျိုးထိခိုက်အောင်လုပ်နိုင်တဲ့လူတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ထိုလူတွေက သင့်ရဲ့အချိန်ကို အလကားကုန်ဆုံးစေသလို၊ သင့်ကိုလည်း စိတ်ကုန်၊ စိတ်ညစ်စေပါတယ်။ ပြဿနာတွေပေးနိုင်ပါတယ်။ ပတ်သက်မိရင် သင့်တိုးတက်မှုကိုအာရုံမစိုက်နိုင်တော့ဘဲ သူတို့ရဲ့အရှုပ်အထွေးကြားမှာတင် နစ်သွားတတ်ပါတယ်။ အဲဒါကြောင့် အဆိပ်အတောက်လိုလူတွေကို ပြတ်သားစွာရှောင်ကျဉ်ပါ။

၇) ကိုယ်စိတ်ကျန်းမာရေးကိုဂရုစိုက်ပါ။
ကိုယ်ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့အချိန်ယူပါ။ နောက်ဆုံးဘာမှမလုပ်နိုင်ရင်တောင် လမ်းလျှောက်ပေးပါ။ လေကောင်းလေသန့်ရတဲ့နေရာမှာ လမ်းလျှောက်ပါ။ စိတ်ကျန်းမာရေးအတွက် ကိုယ့်ကိုယ်ကိုယ်စိတ်ချမ်းသာဖို့ အဓိကထားပါ။ ကိုယ်စားချင်တာလေးတွေ၊ ကျန်းမာရေးနဲ့ညီညွှတ်တာလေးတွေ မျှတအောင်စားပေးပါ။ အိပ်ရေး၀၀အိပ်ပါ။ မနက်စောစောထပါ။ စိတ်ဓာတ်တက်ကြွစေတဲ့သီချင်းနားထောင်ပေးပါ။ ရေများများသောက်ပေးပါ။ ကိုယ်တတ်နိုင်တဲ့ဘောင်ထဲကနေ ကိုယ့်ကိုယ်ကိုယ်ဆုချပါ။ စိတ်ညစ်စရာကို ခပ်မြန်မြန်မေ့ပစ်ပါ။
ဒီအချက်တွေကို တစ်နှစ်လုံးမှာ သင့်ကိုသင် သတိပေးပါ။ အမြဲ ကိုယ့်ကိုယ်ကိုယ် alrm လုပ်နေမယ်ဆိုရင် တစ်နှစ်လုံးအကျိုးရှိစေမှာဖြစ်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။