ကလေးတွေကို ပြောပြသင့်သော သင်ခန်းစာပေး ပုံပြင်တိုလေးများ
စာဖတ်ခြင်းရဲ့အခြေခံ၊ စာဖတ်ခြင်းကို နှစ်သက်စွဲလမ်းသွားစေဖို့အတွက် ကလေးတွေကို ခုချိန်ကစပြီး ပုံပြောတဲ့အကျင့်လေး လုပ်ပေးပါ။ ပုံပြင်လေးတွေကို နှစ်သက်တတ်လာတဲ့ကလေးငယ်တွေဟာ အရွယ်ရောက်လာတဲ့အခါ စာဖတ်ခြင်းကို စွဲလမ်းတဲ့ကလေးတွေဖြစ်လာစေပါတယ်။ စာဖတ်ခြင်းအလေ့အကျင့်ရှိတဲ့ကလေးငယ်တွေဟာလည်း စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြည့်ဝတဲ့ကလေးတွေ၊ လိမ္မာယဉ်ကျေးတဲ့ကလေးတွေဖြစ်ဖို့ အလားအလာများပါတယ်။ အမြဲတင်ဆက်ပေးနေကျ ကလေးများအတွက် ပုံပြင်တိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မိကိုယ်သာအားကိုးပါ။ တောအုပ်တစ်ခုထဲမှာ နေထိုင်ကျက်စားတဲ့ ယုန်တစ်ကောင်ရှိပါတယ်။ ယုန်ကလေးမှာ သူငယ်ချင်းတွေအများကြီးရှိပြီး သူ့သူငယ်ချင်းတွေအတွက်လည်း သူကအမြဲဂုဏ်ယူတတ်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ယုန်ကလေးဟာ တောခွေးတွေရဲ့ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရပါတယ်။ အရမ်းကိုကြောက်လန့်သွားတဲ့ယုန်ကလေးဟာ တစ်ကောင်းတည်းမနေရဲတော့ဘဲ သူ့သူငယ်ချင်းဖြစ်တဲ့သမင်လေးဆီ အပြေးသွားပါတယ်။ “သူငယ်ချင်းရေ…..ငါတော့ တောခွေးတွေ ဟောင်သံကြားလိုက်လို့ မင်းဆီပြေးလာတာ။ မင်းရဲ့ချွန်မြတဲ့ ဦးချိုတွေနဲ့ တောခွေးတွေကို မောင်းထုတ်ပေးပါလား” လို့ သမင်ကို အကူအညီတောင်းလိုက်ပါတယ်။ သမင်က “ဟုတ်တာပေါ့…..ငါလုပ်နိုင်တာပေါ့။ ဒါပေမယ့် ခုတော့မဟုတ်သေးဘူးကွ။ ငါမအားသေးဘူး၊ မင်းကလည်း ဝက်ဝံကိုပြောကြည့်ပါအုံးလား” လို့ သမင်က ယုန်ကိုပြန်ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ ယုန်ကလေးက ဝက်ဝံဆီအပြေးသွားလိုက်ပြန်ပါတယ်။ “သန်မာလှတဲ့ငါ့သူငယ်ချင်းရေ ငါ့ကိုကူညီပါအုံး။ တောခွေးတွေက ငါ့ကိုစားတော့မယ်၊ သူတို့ကိုမောင်းထုတ်ပေးဖို့ ကူညီပေးပါလား” လို့ ပြောလိုက်ပါတယ်။ ဝက်ဝံက “ဟာ….ဆောရီးပါသူငယ်ချင်းရာ။ င့ါမှာ ဗိုက်ဆာလွန်းလို့ အစာရှာရမယ်။ ငါ့အရမ်းပင်ပန်းနေပြီ။ မင်းသူငယ်ချင်းမျောက်တွေကို ပြောကြည့်ပါလား” လို့ ုယုန်ကိုပြန်ပြောလိုက်ပြန်ပါတယ်။ ယုန်ကလေးက မျောက်တွေဆီအပြေးသွားပြန်ပါတယ်။ မရပြန်တဲ့အခါ ဆင်တွေဆီရောက်သွားပြန်တယ်၊ နောက်တော့ ဆိတ်တွေနဲ့ အခြားသော ယုန်ကလေးရဲ့သူငယ်ချင်းတွေဆီ တလှည့်စီသွားပြီး အကူအညီတောင်းကြည့်ပြန်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို ကူညီဖို့ အဆင်သင့်မဖြစ်ကြပါဘူး။ ယုန်ကလေးက ဝမ်းနည်းသွားပေမယ့် နားလည်သွားပါတယ်။ ခြံပုတ်တွေကြားထဲကို ပြေးဝင်လိုက်ပြီး ဝပ်နေလိုက်တဲ့အတွက် ယုန်ကလေးက တောခွေးတွေရဲ့ရန်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီ့အချိန်ကစပြီး ယုန်ကလေးက ဘယ်အရာမှာမဆို ကိုယ့်ကိုကိုယ်အားကိုးဖို့သာ ကြိုးစားပါတော့တယ်။ အခြားလူတွေအပေါ် မှီခိုခြင်းက မသေချာဘဲ ကိုယ့်ကိုကိုယ်အားကိုးခြင်းကသာ အကျိုးရှိနိုင်ကြောင်း ယုန်ကလေးက နားလည်သွားပါတော့တယ်။
နောက်တစ်ပုံလောဘကြီးသော ကြွက်ကလေး လောဘကြီးတဲ့ကြွက်ကလေးတစ်ကောင်က ပေါက်ပေါက်ဆုပ်တွေအပြည့်ထည့်ထားတဲ့ ခြင်းတောင်းတစ်ခုကို အနံ့ခံရင်း တွေ့သွားပါတယ်။ ကြွက်ကလေးက ပေါက်ပေါက်ဆုပ်တွေစားချင်တဲ့အတွက်ကြောင့် ခြင်းတောင်းကို သူ့တစ်ကိုယ်စာအပေါက်လေးဖောက်လိုက်ပါတယ်။ ထိုအပေါက်လေးထဲကနေ ခြင်းတောင်းထဲဝင်ပြီး ပေါက်ပေါက်တွေစားပါတော့တယ်။ စားလို့လည်း ၀ ၊ မောလည်းမောသွားတဲ့အခါ ထိုအပေါက်လေးထဲကနေ ပြန်ထွက်ဖို့ကြိုးစားတဲ့အခါ ပြဿနာတက်တော့တာပါပဲ။ ပေါက်ပေါက်တွေအများကြီးစားထားတဲ့ ကြွက်ကလေးရဲ့ဗိုက်ကလေးက ပူနေတဲ့အတွက် ဝင်ကာစက ဖောက်ထားတဲ့အပေါက်လေးနဲ့ မဆန့်တော့ဘဲ အပေါက်လေးမှာ ကြွက်ကလေးဟာ တစ်နေပါတော့တယ်။ စိတ်ညစ်သွားတဲ့ကြွက်ကလေးဟာ ဘာလုပ်ရမှန်းမသိဘဲ ငိုပါတော့တယ်။ အဲဒါကို ကြားပြီး အနားရောက်လာတဲ့ယုန်ကလေးက “သူငယ်ချင်းဘာဖြစ်တာလဲ” လို့မေးလိုက်ပါတယ်။ ကြွက်ကလေးက အကျိုးအကြောင်းပြောပြတဲ့အခါ ယုန်ကလေးက အကြံပေးပါတယ်။ “မင်းက အစားတွေအများကြီးစားထားလို့ ဗိုက်ပြည့်နေတာကိုး။ မင်းဗိုက်ပုံမှန်အတိုင်းပြန်ဖြစ်တဲ့အချိန်ထိ ခဏစောင့်ပြီးမှ အပြင်ပြန်ထွက်ပေါ့ကွ” လို့ပြောလိုက်ပါတယ်။ ပြောပြီးတာနဲ့ ရယ်မောပြီး ယုန်ကလေးက ပြေးထွက်သွားပါတယ်။ ကြွက်ကလေးကလည်း ဗိုက်လေးပြီး ခြင်းတောင်းလေးထဲမှာ အိပ်ပျော်သွားပါတော့တယ်။ နောက်တစ်နေ့မနက်ရောက်တဲ့အခါ သူ့ရဲ့ဗိုက်ကချပ်သွားပြီး ဗိုက်ပြန်ဆာလာပြန်ပါတယ်။ အဲဒီလိုနဲ့ ပေါက်ပေါက်ဆုပ်တွေ ထပ်စားလိုက်ပြန်ပါတယ်။ ဗိုက်ဆာဆာနဲ့ စားလို့ဝတော့မှ ခြင်းတောင်းထဲက ပြန်ထွက်ဖို့ သတိရသွားပြန်တယ်။ “အို…ကိစ္စမရှိပါဘူး ။မနက်ဖြန်ကျမှ အပြင်ထွက်တော့မယ်” လို့ တွေးလိုက်ပါတယ်။ သိပ်မကြာခင်မှာ ခြင်းတောင်းအနားကို ကြောင်တစ်ကောင်ရောက်လာပါတယ်။ ကြွက်ရဲ့အနံ့ကိုရတဲ့ကြောင်က ကြွက်ကို လိုက်ရှာပါတော့တယ်။ ခြင်းတောင်းထဲ အိပ်ပျော်နေတဲ့ကြွက်ကို ကြောင်က အားရပါးရကိုက်စားလိုက်ပါတော့တယ်။ အစားမက်တဲ့ကြွက်ကလေးကတော့ ကြောင်ကြီးလက်ချက်နဲ့အသက်ဆုံးရှုံးသွားရပါတော့တယ်။
နောက်တစ်ပုံစိတ်ကောင်းထားပါ။ အန်တီကြီးတစ်ယောက်က လမ်းဖြတ်ကူးမယ့်နေရာနားရောက်လာပါတယ်။ သူမပုံစံက အရမ်းကိုအားနည်းနေတဲ့ပုံစံပါ။ တစ်ယောက်တည်းကားလမ်းကူးလို့ အဆင်မပြေနိုင်တာမို့ တစ်ယောက်ယောက်များကူညီမလားဆိုပြီး ထိုနေရာနားမှာ ကူညီပေးနိုင်မယ့်သူကို စောင့်နေရှာပါတယ်။ အဲဒီ့အချိန်မှာ ကျောင်းသားလေးတွေ အများကြီး ကျောင်းကပြန်လာကြပါတယ်။ ကျောင်းသားလေးတွေက တစ်ယောက်မှ အန်တီကြီးကိုသတိမထားမိကြပါဘူး။ အဲဒီ့အချိန်မှာ ကျောင်းသားလေးတစ်ယောက်က အန်တီကြီးနားကို ရောက်လာပြီး အန်တီကြီးကိုမေးလိုက်ပါတယ်။ “အန်တီ….ဟိုဘက်လမ်းကို သွားမလို့လား။ လာလေ….သား….လိုက်ပို့ပေးပါ့မယ်” လို့ပြောလိုက်ပါတယ်။ အန်တီကြီးနဲ့ ကျောင်းသားလေး အတူတူကားလမ်းကူးကြရင်း တစ်ဖက်ကားလမ်းကိုရောက်သွားတဲ့အခါ အန်တီကြီးက ကျောင်းသားလေး ကို “သားလေးက ဘာလို့အန်တီ့ကို ကူညီတာလဲကွယ်” မေးလိုက်ပါတယ်။ ကျောင်းသားလေးက “သားက တစ်စုံတစ်ယောက်ရဲ့အမေအရွယ်ကို ကူညီလိုက်တယ်ဆိုရင် သားအမေ အသက်ကြီးလာတဲ့အခါမှာလည်း တစ်စုံတစ်ယောက်က ပြန်ကူညီမှာ” လို့ ကျောင်းသားလေးက ပြုံးရွှင်စွာပျော်ပြီး ထွက်သွားပါတယ်။ “စိတ်ထားကောင်းတဲ့ကျောင်းသားလေးရဲ့ မေမေကို လူတိုင်းကကူညီကြမှာပါကွယ်” လို့ အန်တီကြီးက ပြန်ဆုတောင်းပေးလိုက်ပါတယ်။ စိတ်ကောင်းထားခြင်းက ကိုယ့်အပေါ်ချစ်ခင်ကြင်နာမှုကို ပြန်ရစေတယ်လို့ ဒီပုံပြင်လေးက ပြောပြပေးထားတာဖြစ်ပါတယ်။
နောက်တစ်ပုံအရူးတွေကိုအကြံပေးမိတဲ့အခါ သရက်ပင်ကြီးတစ်ပင်မှာ ငှက်တွေအများကြီး အသိုက်လုပ်နားခိုကြပါတယ်။ သရက်ပင်က ကြီးမားတဲ့အတွက် ငှက်တွေနေဖို့ လွတ်လပ်ပျော်ရွှင်စွာနေလို့ရပါတယ်။ မိုးတွင်းမရောက်ခင်မှာ တောထဲက တိရိစ္ဆာန်တော်တော်များများက သူတို့ရဲ့နေထိုင်ရာအသိုက်အမြုံတွေကို လုံခြုံအောင် ပြုပြင်ကြပါတယ်။ အစားအစာတွေလည်း စုဆောင်းသိုလှောင်ကြပါတယ်။ ငှက်တွေကလည်း သူတို့ရဲ့အသိုက်ကို ပိုပြီးလုံခြုံအောင် ပြင်ဆင်ကြ၊ အစားအစာတွေ သိုလှောင်ပြီး အသိုက်ထဲစုဆောင်းထားကြပါတယ်။ မိုးတွင်းရောက်လာတဲ့အခါ ငှက်တွေက အသိုက်ထဲမှာပဲ လုံခြုံစွာနေထိုင်ပြီး အပြင်မထွက်ကြတော့ပါဘူး။ မိုးသည်းထန်စွာရွာနေတဲ့တစ်နေ့မှာတော့ မျောက်တစ်ကောင်က ထိုသရက်ပင်ကိုရောက်လာပါတော့တယ်။ တစ်ကိုယ်လုံးစိုရွဲနေပြီး ချမ်းတုန်နေတဲ့မျောက်ကို ငှက်ကလေးတွေက ကြည့်ပြီး စိတ်မကောင်းဖြစ်ကြပါတယ်။ အဲဒါနဲ့ပဲ မျောက်ကလေးကို မေးလိုက်ပါတယ်။ “ငါတို့အားလုံးရဲ့အသိုက်လေးတွေက မင်းကို မိုးမစိုအောင် မလုပ်ပေးနိုင်ကြလို့ စိတ်မကောင်းပါဘူး။ ငါတို့အားလုံးမိုးတွင်းမရောက်ခင်မှာ နေဖို့စားဖို့အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြတယ်။ မင်းကော မပြင်ဆင်ထားခဲ့ဘူးလား” လို့မေးလိုက်ပါတယ်။” စေတနာဖြင့်မေးလိုက်တဲ့ငှက်ကလေးတွေရဲ့စကားကိုကြားတဲ့ မိုက်မဲတဲ့မျောက်ဟာ ဒေါသတကြီးက “ငါ့ကို ဘာလုပ်ရမယ်လို့ ဆရာမလုပ်နဲ့” လို့ပြောပြီး ငှက်ကလေးတွေရဲ့အသိုက်တွေကို စိတ်ဆိုးမာန်ဆိုးဖြင့် ဖျက်ဆီးပါတော့တယ်။ သနားစရာကောင်းတဲ့ငှက်ကလေးတွေက ရူးသွပ်ပြီး စဉ်းစာဉာဏ်မရှိတဲ့မျောက်တစ်ကြောင့် အားလုံးပျက်စီးရပါတော့တယ်။ ငှက်ကလေးတွေက “မိုက်ရူးရဲဆန်သူတွေကို ဘယ်လောက်ပဲ စေတနာနဲ့အကြံပေးပါစေ စေတနာကို တန်ဖိုးမထားတတ်ကြဘူး” လို့ သင်ခန်းစာပေးလိုက်တာဖြစ်ပါတယ်။
နောက်တစ်ပုံဒေါသကြီးတဲ့မြွေ လက်သမားတစ်ယောက်က သူ့ရဲ့အလုပ်ရုံကို ပိတ်ပြီး အိမ်ပြန်သွားတဲ့အခါမှာ အဆိပ်ပြင်းတဲ့မြေတစ်ကောင်က အစာရှာဖွေရင်း လက်သမားရဲ့ အလုပ်ရုံထဲကိုရောက်လာပါတယ်။ မြွေက ဆာလောင်နေတဲ့အတွက် အစာတစ်ခုခုကို ရှာဖွေပါတယ်။ ပုဆိန်တစ်လက်က မြွေပေါ်ကို ပြုတ်ကျလာတဲ့အခါ မြွေကို ထိခိုက်မိသွားပါတယ်။ ဒေါသကြီးတဲ့မြွေက သံပုဆိန်ကို ဒေါသတကြီး ကိုက်ပေါက်လိုက်ပါတယ်။ သံပုဆိန်မို့ ပုဆိန်က ဘာမှမဖြစ်ဘဲ မြွေရဲ့အစွယ်တွေကျိုးပြီး သွေးတွေထွက်လာပြီး မြွေသာ နာကျင်သွားရပါတယ်။ ဒေါသတကြီး ပြန်ပြီး တုံ့ပြန်ရင်းနဲ့ မြွေက ထိုနေရာမှာ သွေးအိုင်တွေထဲမှာ သေဆုံးသွားပါတယ်။ နောက်တစ်နေ့မနက်မှာတော့ လက်သမားက အလုပ်ခန်းတံခါးဖွင့်လိုက်တဲ့အခါ သံပုဆိန်နားမှာ သွေးတွေပေပွပြီး သေဆုံးနေတဲ့မြွေကို တွေ့လိုက်ရပါတော့တယ်။ တကယ်တော့ မြွေကို ဘယ်သူကမှ မသတ်ပေမယ့် မြွေရဲ့မစူးစမ်းမဆင်ခြင်ဘဲ ဒေါသတကြီးတုံ့ပြန်မှု့က မြွေကို သတ်သွားတာဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လိုအခြေအနေကြုံပါစေ ။ စိတ်အေးအေးထားပြီး အကျိုးအကြောင်းကို လေ့လာသုံးသပ်သင့်ပါတယ်လို့ ဒီပုံပြင်လေးက ပြောပြထားတာဖြစ်ပါတယ်။