နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ဖို့ ကြိုးစားပါ။

ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းဆိုတာက တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ မတူပါဘူး။ များသောအားဖြင့်ကတော့ ကိုယ့်ကိုယ်ကိုယ်အရမ်းချစ်တတ်တဲ့သူမျိုးကို တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် သတ်မှတ်တတ်ကြပါတယ်။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက မတူဘူးဆိုတာကို ရှင်းပြချင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူမျိုးမှာ တစ်ဖက်သားဘက်ကို လုံးဝထည့်မစဉ်းစားတတ်ဘဲ ကိုယ့်အကျိုးအတွက်သာ ထည့်စဉ်းစားတတ်သူဖြစ်ပါတယ်။ ကိုယ့်အတွက်အဓိက ကိုယ့်အကျိုးရယူလိုစိတ်များပြီး အခြားသူတွေဘယ်လိုပဲထိခိုက်ပါစေ ဂရုမစိုက်တတ်တဲ့စိတ်၊ ကိုယ်ကလွဲရင် အခြားသူကို မငဲ့ညှာတတ်တဲ့စိတ်အင်အားကြီးလွန်းတာပဲဖြစ်ပါတယ်။ ကိုယ့်အတွက်သာအကျိုးရှိမယ်ဆိုရင် ကိုယ့်မိသားစု၊ ကိုယ့်အမျိုးအနွယ်ကိုတောင် ရက်စက်ဖို့ဝန်မလေးမယ့်သူမျိုးပါ။


တနည်းအားဖြင့်တော့ တစ်ကိုယ်ကောင်းဆန်ခြင်းက ကိုယ့်အကျိုးကိုသာ ဗဟိုပြုသူဖြစ်ပြီး ကိုယ်ချင်းစာနာစိတ်လုံးဝမရှိခြင်းဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းကတော့ ကိုယ့်ကြောင့်အခြားသူတွေထိခိုက်မှုမရှိစေပါဘူး။ ကိုယ့်စိတ်ကျန်းမာရေးကို အလေးထားပြီး စိတ်ထိခိုက်စေတဲ့အကြောင်းအရာတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ကြိုးစားတာ၊ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အကြောင်းအရာတွေကို လျစ်လျူရှုတာ၊ ကိုယ့်ကိုတန်ဖိုးမထားသူကို လက်လွှတ်ရဲတာ၊ ကိုယ့်ဘဝရဲ့အရည်အချင်းတွေ ပိုပြီးတိုးတက်လာအောင်ကြိုးစားတာ၊ ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံတာ၊ ကိုယ့်ရဲ့ကိုယ်ကျန်းမာရေးကို အလေးထားတာ စသဖြင့်အများကြီးပဲဖြစ်ပါတယ်။
သေချာတာတစ်ခုကတော့ ကိုယ့်ကြောင့်နဲ့အခြားသူကို မထိခိုက်စေဘဲ အခြားသူကြောင့် ကိုယ်ထိခိုက်မယ့်အရာတွေကိုလည်း အသိဉာဏ်ရှိစွာနဲ့ရှောင်ရှားတတ်ခြင်းလည်း ဖြစ်ပါတယ်။
Jenn Proske ပြောခဲ့ဖူးတဲ့ စကားရှိပါတယ်။ “Love yourself. It is important to stay positive because beauty comes from the inside out.” ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းဆိုတာက အကောင်းမြင်စိတ်ဖြစ်ပေါ်လာဖို့ အရေးကြီးတဲ့အချက်ပါပဲတဲ့။ အကောင်းမြင်စိတ်ဆိုတာက သင့်ရဲ့အတွင်းစိတ်ထဲကနေမှ ဖြစ်ပေါ်လာတာတဲ့အတွက်ကြောင့်ပါ။
သင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်နေတဲ့အရာမှန်သမျှ ဘယ်လောက်ပဲဆိုးဝါးနေပါစေ၊ သင့်အမြင်မှာကောင်းနေမှာပါပဲ။ သင်စိတ်ထဲလှတယ်၊ အဆင်ပြေတယ်လို့ ထင်နေသမျှ
အခြားသူတွေအမြင်မှာ ဘယ်လောက်ရုပ်ဆိုးဆိုး၊ အဆင်မပြေဖြစ်နေပါစေ ၊ သင့်အတွက်တော့ အလှဆုံးဖြစ်နေမှာပါပဲ။ အဆင်ပြေဆုံးလို့ သင်ထင်နေမှာပါပဲ။ အဲဒါက သင့်ရဲ့အတွင်းစိတ်ထဲက အကောင်းမြင်နေတဲ့အတွက်ကြောင့်ပါ။ သင့်ရဲ့အတွင်းစိတ်ထဲက လက်ခံနိုင်ခြင်းပေါ့။ သင့်စိတ်ထဲကလက်ခံနိုင်ခြင်းက တနည်းအားဖြင့် သင့်ကိုသင်ချစ်ခင်ခြင်းနည်းလမ်းတစ်မျိုးပါပဲ။ သင့်စိတ်က အကောင်းထင်နေသမျှ ကမ္ဘာကြီးကလည်း လှပနေမှာပါပဲ။ ကမ္ဘာကြီးလှပနေတယ်လို့ထင်သမျှ သင့်စိတ်ချမ်းသာနေမှာပဲလေ။ သင့်စိတ်ချမ်းသာခြင်းက သင့်ရဲ့ကိုယ်ကျန်းမာခြင်းနဲ့ ဆက်စပ်နေတာပါ။ သင်ပျော်ရွှင်တက်ကြွနေမယ်၊ လန်းဆန်းနေမယ်၊ ဘာလုပ်လုပ် ဖြစ်မြောက်အောင်မြင်မယ်လို့ယုံကြည်နေမယ်၊ သင့်ထံကြုံလာတဲ့ပြဿနာတိုင်းကို သင်အောင်မြင်စွာကျော်ဖြတ်နိုင်မယ်။ အဲဒီ့အခါ သင့်ဘဝက နေပျော်စရာကောင်းလာတယ်လို့ သင်အထင်ရောက်လာမယ်။ အဲဒါက သင့်ကိုသင်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။
အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းက ကိုယ့် အတွက်အကောင်းမြင်စိတ်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းနဲ့အပြန်အလှန်သက်ရောက်နေစေခြင်းပဲဖြစ်ပါတယ်။
မကြာခင်မှာ နှစ်သစ်ကိုကူးပြောင်းတော့မှာဖြစ်ပါတယ်။ နှစ်သစ်ကို ပျော်ရွှင်ခြင်းနဲ့ကြိုချင်ကြတာလူတိုင်းရဲ့ဆန္ဒပဲဖြစ်မယ်ထင်ပါတယ်။ နှစ်သစ်တစ်နှစ်ကူးပြောင်းသွားလေလေ ကိုယ့်ဘဝရဲ့သက်တမ်းတစ်ခုတဖြည်းဖြည်းတိုသွားလေလေဖြစ်ပါတယ်။ အဲဒီ့တော့ ကိုယ့်ဘဝရဲ့သက်တမ်းတစ်ခုတိုလာလေလေ ကိုယ့်ဘဝကိုဖြတ်သန်းတဲ့ပုံစံကကော အဓိပါ္ပယ်ရှိရဲ့လား။ ကိုယ့်ဘဝရဲ့ဖြတ်သန်းမှုပုံစံ အဓိပါ္ပယ်ရှိလာဖို့ ကိုယ့်ရဲ့အတွင်းစိတ်ထဲက အကောင်းမြင်စိတ်၊ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့စိတ်လေးရှိနေဖို့လိုပါတယ်။ အဲဒါကြောင့် မကြာခင်ရောက်ရှိလာမယ့် နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ်ပိုပြီးချစ်ခင်ဖို့ ကြိုးစားပါ၊ ပိုပြီးပျော်ရွှင်အောင်နေထိုင်ပါ၊ ပိုပြီးအကောင်းမြင်တတ်အောင် ကြိုးစားပါ၊ ပိုပြီး ဘဝကို အဓိပ္ပါယ်ရှိစွာရှင်သန်နိုင်ဖို့ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။