ယဉ်ကျေးတဲ့သူတွေရဲ့ပြုမူဆက်ဆံပုံများ

ယဉ်ကျေးခြင်းက လူတစ်ယောက်မှာရှိနေသင့်တဲ့ စွမ်းရည်တွေထဲက တစ်ခုပါပဲ။ ယဉ်ကျေးတဲ့သူတွေက အခြားသူတွေနဲ့ဆက်ဆံရေးအဆင်ပြေစေတယ်၊ ကောင်းမွန်တဲ့လူတစ်ယောက်အဖြစ်ခံစားရစေပါတယ်။ အဲဒါကြောင့် လူမှုဆက်ဆံရေးကြားမှာ ယဉ်ကျေးတဲ့အပြုအမူကလည်း လိုအပ်ပါတယ်။


၁) ဝေဖန်မှုတွေကိုတောင် မှန်ကန်စွာတုံ့ပြန်တတ်ပါတယ်။
သင့်ရဲ့လုပ်ရပ်တွေ၊ အပြုအမူတွေ၊ အကျင့်တွေကို မှားယွင်းနေတယ်လို့ ပြောတာက သင့်အတွက် နှစ်သက်စရာကောင်းမှာမဟုတ်ပါဘူး။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင့်ကိုဝေဖန်လိုက်တာနဲ့ သင့်စိတ်ထဲမှာ ခံစားမှုတစ်ခုတော့ဖြစ်ပေါ်လာမှာပါ။ ဒါပေမယ့် ယဉ်ကျေးတဲ့သူတွေက ဝေဖန်မှုတွေကိုတောင် မှန်ကန်စွာတု့ံ့ပြန်တတ်ကြပါတယ်။ သင်တကယ်မှားယွင်းနေတာမျိုးဆို တကယ်ပြုပြင်လိုက်တာမျိုး၊ သင်တကယ်မမှားဘဲ ဝေဖန်လာတယ်ဆိုရင်လည်း ကောင်းစွာပြန်လည်တုံ့ပြန်လိုက်တာမျိုးပေါ့။ တကယ်မှားနေတယ်ဆိုရင် အမှားကို မှန်ကန်အောင် ဘယ်လိုသင်ယူမလဲ၊ အဲဒီကနေမှ ဘယ်လိုတိုးတက်လာနိုင်သလဲဆိုတာကို သေချာသိနားလည်ပြီး ကောင်းစွာပြုမူတုံ့ပြန်တတ်သူတွေဖြစ်ပါတယ်။

၂) အခြားသူကို ပြန်ပြီးတုံ့ပြန်တဲ့စကားလုံးတွေကို ဂရုတစိုက်ရွေးချယ်တတ်ပါတယ်။
ယဉ်ကျေးတဲ့အပြုအမူမှာ စကားလုံးတွေကလည်း အသက်ဝင်ပါတယ်။ အခြားသူတွေကို ပြန်လည်တုံ့ပြန်တဲ့စကားလုံးတွေကို သေချာရွေးချယ်ပြီးမှ တုံ့ပြန်တတ်ကြပါတယ်။

သူတို့ရဲ့ဘဝနဲ့ပတ်သက်တာတွေကို သူစိမ်းတွေကို မပြောပြတတ်ကြပါဘူး။ အခြားသူတွေရဲ့ဘဝအကြောင်းကိုလည်း အသေးစိတ်မမေးတတ်ကြပါဘူး။ လူမှုကွန်ရက်ပေါ်မှာလည်း အခြားသော အကြောင်းအရာတွေကို အလွန်အကျွံမျှဝေတာမျိုး၊ ကိုယ့်အကြောင်းကို အလွန်အကျွံမျှဝေတာမျိုးမလုပ်တတ်ကြပါဘူး။

၃) လူတိုင်းကိုလည်း အကောင်းဘက်က တုံ့ပြန်တတ်ကြပါတယ်။
လူသစ်တစ်ယောက်ကိုပဲဖြစ်ဖြစ်၊ ကိုယ်မသိတဲ့လူကိုပဲဖြစ်ဖြစ် ဖော်ရွေစွာ ဆက်ဆံတတ်ကြပါတယ်။ ဖော်ရွေစွာစကားပြောဖို့၊ ပြုံးရယ်ဖို့ကို ဝန်မလေးတတ်ကြပါဘူး။ အခြားသူတွေရဲ့အပြုအမူနဲ့ပတ်သက်ပြီးတော့လည်း အဆိုးဘက်က သိပ်မတွေး၊ သိပ်မခံစားတတ်ကြပါဘူး။

၄) အပြုအမူအရလည်း ကောင်းမွန်စွာတုံ့ပြန်တတ်ကြပါတယ်။
လူတစ်ယောက်ကို ချိုသာစွာ စကားပြောဆိုတာမျိုး၊ အပြုအမူအားဖြင့်လည်း သတိထာတတ်ကြပါတယ်။ စကားပြောတဲ့အခါ အော်ဟစ်ပြီးပြောတာမျိုး၊ အပြုအမူအားဖြင့် အခြားသူကို မရိုမသေလုပ်တဲ့အပြုအမူမျိုးကို ရှောင်ရှားတတ်ပါတယ်။ အခြားသူကိုလည်း မနှောင့်ယှက်တတ်ပါဘူး။
၅) အခြားသူတွေကိုလည်း သက်တောင့်သက်သာခံစားရစေပါတယ်။
အခြားသူတွေကို နွေးထွေးစွာဆက်ဆံတတ်တာကြောင့် အခြားသူတွေက သူတို့နဲ့ပတ်သက်ပြီး မသက်မသာခံစားရတာမျိုးမဖြစ်စေပါဘူး။ ဆိုးရွားတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘေးကြပ်နံကြပ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ဖက်လူကို အဆင်ပြေအောင် ပြုမူတတ်ပါတယ်။

၆) တဖက်လူကို ရိုသေလေးစားစွာ၊ ကြင်နာစွာဆက်ဆံတတ်ပါတယ်။
ကျေးဇူးတင်ပါတယ်။၊ ကျေးဇူးပြုပြီးတော့…..၊ မင်္ဂလာပါ…..၊ စားပြီးပြီလား… စသဖြင့် တဖက်သားကို ရိုသေလေးစားတဲ့စကားမျိုး၊ အပြုအမူမျိုး ရှိပါတယ်။
၇) နားထောင်ပေးတတ်သူတွေဖြစ်ပါတယ်။
ယဉ်ကျေးတဲ့အပြုအမူတွေထဲမှာ နားထောင်ပေးတတ်တဲ့အကျင့်လည်း ပါဝင်ပါတယ်။ တဖက်လူရဲ့ခံစားချက်တွေနဲ့ တဖက်လူရဲ့စကားကို လေးစားမှုနဲ့ သေချာနားထောင်ပေးတတ်ခြင်းကလည်း ယဉ်ကျေးတဲ့အပြုအမူပဲဖြစ်ပါတယ်။ အခြားလူနဲ့ပြိုင်ငြင်းတာမျိုးမဟုတ်ဘဲ အခြားလူရဲ့အမြင်ကိုလည်း လက်ခံပေးနိုင်သလို ကိုယ့်ရဲ့အမြင်ကိုလည်း ဆွေးနွေးတတ်တဲ့သူပဲဖြစ်ပါတယ်။

8) ကိုယ့်ပတ်ဝန်းကျင်ကိုလည်း လေးစားမှုရှိပါတယ်။
အရမ်းကို အထိခိုက်မခံတာမျိုးလည်း မရှိတတ်ကြပါဘူး။ ကိုယ့်ကြောင့်အခြားပတ်ဝန်းကျင်ကလူတွေအနှောင့်အယှက်ဖြစ်မှာကိုလည်း ထည့်တွေးတတ်ကြပါတယ်။ အကောင်းမြင်စိတ်မွေးတတ်သူတွေဖြစ်ပါတယ်။ အခြားလူတွေရဲ့ခံစားချက်နဲ့ အတွေးတွေကိုလည်း ထည့်တွေးပေးတတ်ကြပါတယ်။ တနည်းအားဖြင့် emotional intelligence ကောင်းတဲ့သူတွေလိုပြောနိုင်ပါတယ်။

ယဉ်ကျေးစွာပြုမူတတ်ခြင်း၊ ဆက်ဆံတတ်ခြင်းက လူမှုဆက်ဆံရေးမှာ အကျိုးကျေးဇူးအများကြီးရနိုင်ပါတယ်။ သင့်ကိုယ်သင်ပိုပြီး ကောင်းမွန်လာစေသလိုအခြားသူတွေကိုလည်း ကောင်းမွန်တယ်လို့ခံစားလာရစေပါတယ်။ သင်ကပိုပြီးလည်း ဆွဲဆောင်မှုရှိသလိုခံစားရစေပါတယ်။ ပိုပြီးလည်း ဘဝမှာနေပျော်လာစေနိုင်ပါတယ်။ ယဉ်ကျေးတဲ့သူတွေနဲ့သာ ဝန်းရံထားခြင်းက သင့်အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်လာစေပါတယ်။
https://www.powerofpositivity.com/polite-people-innate-behaviors/ လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။