သင့်စိတ်ဆင်းရဲမှုများကို အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းများ

စိတ်ဆင်းရဲတယ်ဆိုတာ လူတိုင်းနီးပါးခံစားဖူးကြမှာပါ။ စိတ်ပူပန်စရာတွေတွေးနေတာ၊ စိုးရိမ်စိတ်များနေတာ၊ မဖြစ်လာသေးပေမယ့် ကြိုစိတ်ဆင်းရဲနေတာမျိုးကြုံတဲ့အခါ စိတ်ဆင်းရဲနေရတတ်ပါတယ်။ တချို့ကပြန်တော့လည်း ပြဿနာတွေပေါင်းစုံနဲ့ရင်ဆိုင်နေရတာမျိုးမှာ စိတ်ဆင်းရဲတတ်ပါတယ်။ အဲဒီလိုစိတ်ဆင်းရဲနေရတယ်လို့ သင့်ကိုသင်ထင်နေပြီဆိုရင် ဘာလုပ်သင့်ပါသလဲ။ စိတ်ဆင်းရဲမှုက သင့်ရဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေပြီး ထိုမှတဆင့် ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။


၁) ပြဿနာကို တည့်တည့်ရင်ဆိုင်မယ်။
အရိုးရှင်းဆုံးက အလွယ်ဆုံးဖြေရှင်းနည်းပါပဲ။ သင့်ကိုစိတ်ဆင်းရဲစေတာက ဘာပြဿနာမျိုးလဲ။ အဲဒီ့ပြဿနာကို မရှောင်လွှဲဘဲ တည့်တည့်ရင်ဆိုင်မယ်။ ပြဿနာကို ဘယ်လိုရင်ဆိုင်ရမယ်မှန်းမသိတာ၊ ပြဿနာကိုကြိုတွေးပြီး ပူပန်နေတာက သင့်ကိုစိတ်ဆင်းရဲစေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဖြစ်လာမယ့်ပြဿနာကို ဒဲ့ကိုရင်ဆိုင်မယ်လို့ သင်တွေးကြည့်လိုက်ပါ။ “ဘာကြောက်စရာလိုသလဲ…..ဖြစ်လာသမျှ ရင်ဆိုင်ဖြေရှင်းလိုက်မယ်” အဲဒီ့အတွေးက သင့်ပြဿနာအတွက် စိတ်ဆင်းရဲနေမှုကို တစ်ဝက်လောက်လျှော့ကျစေတာ သင်တွေ့ရပါလိမ့်မယ်။

၂) ခေါင်းအေးအေးထားပါ။
ပူပန်နေခြင်းက ပြဿနာဖြေရှင်းဖို့ အဖြေကို ရှာမတွေ့စေပါဘူး။ စိတ်ဆင်းရဲမှုကိုသာ အာရုံရောက်စေပါတယ်။ အဲဒါကြောင့် စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ခေါင်းအေးအေးထားပါ။ ကိုယ်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ထားပါ။ အဲဒီ့ယုံကြည်မှုက သင့်ကိုပိုပြီး စိတ်တည်ငြိမ်စေပါတယ်။ ခေါင်းအေးအေးထားပြီးတဲ့အခါမှ ပြဿနာကို သေချာခွဲခြားနားလည်အောင် ပိုင်းခြားပါ။

၃) နှစ်ဖက်မျှတွေးပါ။
ပြဿနာရဲ့အဖြေကို စဉ်းစားတဲ့အခါ တဖက်သတ်ဘယ်တော့မှကောက်ချက်မချပါနဲ့။ အဖြေကိုလည်း တသတ်မတ်တည်းမတွေးထားပါနဲ့။ အဲဒါမှ ပထမ plan A အဆင်မပြေရင် နောက်ထပ် plan တွေကို ဆက်ကြိုးစားနိုင်မှာပေါ့။ ပထမဆုံးဖြေရှင်းဖို့စဉ်းစားထားတဲ့အဖြေမဖြစ်နိုင်တဲ့အခါ နောက်ထပ်နည်းလမ်းတစ်ခုကို ထပ်ကြိုးစားနိုင်မှာပါ။

၄) ပြဿနာရင်းမြစ်ကို ခေါင်းအေးအေးနဲ့ မလိမ်မညာတမ်း စဉ်းစားပါ။
ဟုတ်ပြီ။ ပြဿနာကိုတည့်တည့်ရင်ဆိုင်ရမယ်ဆိုရင် ပြဿနာကိုရင်ဆိုင်ပါပြီတဲ့ ဘာလုပ်မလဲ။ ပြဿနာရဲ့အရင်းအမြစ်ကဘာလဲသိဖို့လိုပါတယ်။ ဘာကြောင့်ဖြစ်ရတဲ့ပြဿနာလဲ။ ဘယ်သူ့ကြောင့်လဲ အမှန်ကိုအမှန်အတိုင်းမြင်အောင်ကြည့်ပါ။ အခြားသူကြောင့်ဖြစ်ရတယ်ဆိုရင် ထိုလူ့ကိုပြင်ဖို့မကြိုးစားပါနဲ့ ၊ ကိုယ့်ကိုယ်ကိုယ်ပဲပြင်လိုက်ပါ။ အမြဲတစေ ထိုလူမျိုးကြောင့် ပြဿနာဖြစ်ရတယ်ဆိုရင် ထိုလူ့မျိုးကို ရှောင်ဖို့ကြိုးစားပါ။ မတတ်သာလို့ပတ်သက်ရရင်တောင် ထဲထဲဝင်ဝင်မပတ်သက်ပါနဲ့တော့။ ကိုယ့်ကြောင့်ဖြစ်ရတာဆိုရင် ကိုယ့်အမှားကိုရှာပါ။ လူတိုင်းအမှားမကင်းတာမို့ အမှားပြင်ဖို့ ကြိုးစားပါ။ နောက်မဖြစ်အောင် သတိထားပါ။

၅) အကောင်းဆုံးနည်းလမ်းကဘာလဲ။
ပြဿနာကိုဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ချရေးကြည့်ပါ။ ဖြစ်နိုင်ချေ နည်းလမ်းတွေ ချရေးလိုက်ပါ။ အဲဒီ့အထဲကမှ သင်ဖြေရှင်းနိုင်မယ့်နည်းလမ်းရွေးပါ။ ဖြေရှင်းနည်းတစ်ခုမရ နောက်တစ်ခု ကြိုးစားပါ။

၆) အမှားပြင်ပါ။
အမှားတွေ၊ မမျှော်လင့်ထားတဲ့ ပြဿနာတွေ၊ မထင်မှတ်ထားတဲ့သူက ဒုက္ခပေးလိုက်တာတွေ စသဖြင့် အကြောင်းရင်းကိုသိပြီဆိုရင် ကိုယ့်ကြောင့်ဖြစ်တာလား၊ ကိုယ့်ပတ်သက်တဲ့လူကြောင့်ဖြစ်တာလား၊ ဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုသိပြီဆိုရင် အကြောင်းရင်းပေါ်မူတည်ပြီး ပြုပြင်စရာရှိတာကို ပြုပြင်ပါ။ လောကမှာ မမှားဖူးတဲ့လူမရှိပါဘူး။ အမှားပြင်လေ အမှားတွေနည်းပြီး အမှန်များလာလေဖြစ်မှာပါ။ အမှားတွေထဲက သင်ခန်းစာရအောင်ယူတတ်ဖို့ပဲလိုတာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။