သင့်ထံမှာ စိုးရိမ်ပူပန်မှုတွေလွန်ကဲနေကြောင်းပြသနေသော လက္ခဏာ ၆မျိုး

သင့်ထံမှာ စိုးရိမ်ပူပန်မှုတွေလွန်ကဲနေကြောင်းပြသနေတဲ့ လက္ခဏာတွေရှိနေသလားလို့ ဆန်းစစ်ကြည့်ပါ။ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေအများကြီးဖြစ်စေပါတယ်။ နှလုံးရောဂါ၊ သွေးတိုးနဲ့ အခြားသောရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်နိုင်တဲ့အကျင့်ရှိသွားတဲ့အခါ အခြားသောကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်နိုင်ခြေနည်းသွားစေပါတယ်။


၁) ညဘက်အိပ်မပျော်ခြင်း
မဖြစ်လာသေးတဲ့ကိစ္စတွေ၊ ကိုယ်မဖြေရှင်းနိုင်မှာကို ပူပန်တဲ့စိတ်တွေ၊ ဖြစ်ပြီးသမျှကိုပြန်တွေးပြီး နာကျင်တဲ့စိတ်တွေကို တနုံနုံပြန်တွေးရာကနေ ညဘက်အိပ်မပျော်တာမျိုးတွေ မကြာခဏဖြစ်လာပြီဆိုရင် သင့်မှာ စိုးရိမ်ပူပန်မှုတွေလွန်ကဲနေပြီဆိုတာသိနိုင်ပါတယ်။

၂)မကောင်းတဲ့ခံစားချက်တွေသာတိုးလာခြင်း
မဖြစ်လာသေးတာတွေ၊ ဖြစ်ပြီးသမျှတွေ စသဖြင့် မကောင်းတဲ့အရာတွေကိုသာ ပြနတွေးပြီးခံစားနေတာမျိုး ၊ ကိုယ့်ကိုယ်ကိုယ်အသုံးမကျဘူးထင်လာတာမျိုး၊ ဘာလုပ်လုပ်အဆင်မပြေဘူးလို့ထင်လာတာမျိုး၊ ကိုယ့်ကိုဘယ်သူကမှအရေးမလုပ်ဘူးလို့ထင်နေတာမျိုး၊ စိတ်ညစ်နေတဲ့အချိန်တွေသာများလာတာမျိုးဆိုရင် သင့်မှာစိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများနေတယ်လို့သိနိုင်ပါတယ်။

၃)အရာအားလုံးကို စိုးရိမ်နေခြင်း
ကိုယ့်အတွက်သာမကဘူး အခြားသူတွေအတွက်ကိုပါ လိုက်ပြီး အစစလိုက်စိုးရိမ်နေတယ်ဆိုရင်လည်း သတိထားရမှာဖြစ်ပါတယ်။ တခါတလေ မဖြစ်လာသေးသမျှကို စိုးရိမ်တဲ့စိတ်ကိုမေ့ပစ်ပြီး “ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ ငါကိုယ်ကအစိုးရိမ်လွန်နေတာပါ” လို့တွေးပြီး ကိုယ့်စိတ်ကိုဖြေကြည့်ပါ။

၄)အာရုံစူးစိုက်ရခက်ခဲလာခြင်း
ဘယ်အရာကိုမှ သေချာအာရုံစိုက်မရတာလည်း စိုးရိမ်ပူပန်ခြင်းရဲ့လက္ခဏာပါပဲ။ တစ်ခုလုပ်နေရင်း နောက်တစ်ခုကို အာရုံရောက်သွားတာမျိုး၊ ဒီတစ်ခုမပြီးသေးခင် နောက်တစ်ခုကို လုပ်ဖို့စိတ်အာရုံများနေတာမျိုးတွေက အာရုံစူးစိုက်ရခက်ခဲတာကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် စိုးရိမ်ပူပန်စိတ်ကို အတတ်နိုင်ဆုံးလျှော့ချအောင် မေ့ပစ်နိုင်သလောက်မေ့ပျောက်ပြီး အခြားတစ်ခုခုနဲ့အစားထိုးသင့်ပါတယ်။

၅)တုန်လှုပ်ခြောက်ခြားနေခြင်း
ရုတ်တရက် ကိုယ်တွေးလိုက်တဲ့အာရုံကြောင့် တုန်လှုပ်ခြောက်ခြားတာ၊ ချွေးစေးတွေထွက်လာတာ၊ မောလာတာ၊ လန့်သွားတာမျိုးတွေကို ပြန်မထိန်းတာနိုင်တာကလည်း စိုးရိမ်မှုလွန်ကဲခြင်းကြောင့်ပါပဲ။

၆)ခံစားချက်တွေကိုလုံးဝမထိန်းချုပ်နိုင်ခြင်း
အဆိုးဝါးဆုံးကတော့ ကိုယ့်စိတ်ထဲခံစားနေသမျှကို လုံးဝမထိန်းချုပ်နိုင်တာပါပဲ။ ဒေါသဆို ဒေါသအလျောက် မလုပ်သင့်တာတွေကိုပါ စိတ်ရှိသလို လုပ်ပစ်လိုက်တာမျိုးပေါ့။ လုပ်ပြီးကာမှ နောင်တရနေတာမျိုး၊ ပြန်ပြင်လို့မရတဲ့အမှားမျိုးတွေကျူးလွန်မိစေနိုင်ပါတယ်။
အထက်က လက္ခဏာတွေပြသနေပြီဆိုရင်တော့ ကိုယ့်စိတ်ကို ထိန်းချုပ်တဲ့နည်းလမ်းတွေနဲ့ ထိန်းချုုပ်ကြည့်ပါ။ သက်ဆိုင်ရာဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။ မသိလိုက်မသိဘာသာဟန်ဆောင်ပြီး လျစ်လျူရှုမိမယ်ဆိုရင် ဒီထက်ဆိုးဝါးတဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။