သင့်စွမ်းအင်တွေကို ဆုတ်ယုတ်စေသောအကျင့်များ

သင့်စွမ်းအင်တွေကို ဆုတ်ယုတ်စေသောအကျင့်တွေအများကြီးရှိပါတယ်။ သင့်စွမ်းအင်တွေဆိုတာ သင့်ရဲ့အချိန်၊ သင့်ရဲ့အကောင်းမြင်စိတ်၊ သင့်ရဲ့စိတ်ချမ်းသာမှု၊ သင့်ရဲ့အလုပ်လုပ်ချင်စိတ် စတဲ့အမျိုးမျိုးသော အရာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သင့်ရဲ့စွမ်းအင်တွေကို ဆုတ်ယုတ်စေတဲ့ သွယ်ဝိုက်သော နည်းလမ်းအမျိုးမျိုးကိုလည်း သင်ကိုယ်တိုင်မသိလိုက်မသိဘာသာ လုပ်မိနေတဲ့အကျင့်တွေကြောင့်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ကိုယ်သင်ပြန်သုံးသပ်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။


၁) အတိတ်ကိုဆုပ်ကိုင်ထားခြင်း
ဒါက လက်ရှိအချိန်ကိုကုန်စေတဲ့အကြောင်းရင်းပါ။ ခုလက်ရှိ လုပ်စရာရှိတာတွေမလုပ်ရတော့ဘဲ ဖြစ်ပြီးတဲ့အတိတ်ကိုသာ တသသပြန်တွေး ပူဆွေးနေတာဖြစ်ဖြစ်၊ ပြန်ပြီး ကြည်နူးနေတာဖြစ်ဖြစ် လက်ရှိအချိန်ကုန်စေတာပါပဲ။

၂) ညနက်မှအိပ်ရာဝင်ခြင်း
ဒါက ခုရက်ပိုင်း ရုံးပိတ်ရက်တွေများတာကြောင့် ဖြစ်နေမယ့်အဓိကအကြောင်းရင်းပေါ့။ မနက်အပြင်မထွက်ရတာကြောင့် ညဘက်ကို ညနက်အောင် နေပြီးမှ အိပ်ရာဝင်ဖြစ်ကြမှာပါ။ တကယ်တော့ ဒါက သင့်ရဲ့ ကိုယ်ခံအားကို အဓိက ထိခိုက်စေပါတယ်နော်။ ခုလိုကျန်းမာရေးကိုဂရုစိုက်သင့်တဲ့အချိန်မှ သင်ညအိပ်ချိန်ကို ပုံမှန်ဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။

၃) Facebook Noti မကြာခဏဖွင့်ကြည့်နေခြင်း
ဘာလုပ်ရမှန်းမသိတဲ့အချိန်မျိုးဆို ဖုန်းလေးကိုပဲ ကောက်ကိုင်ပြီး facebook ဖွင့်လိုက်တာပဲမဟုတ်လား။ အဲဒါက သင့်ရဲ့လုပ်ရမယ့်အလုပ်တွေကို လတ်တလောမေ့သွားစေပါတယ်။ စိတ်ဆင်းရဲစရာသတင်းတွေကိုပဲ မြင်နေပြီး စိတ်ဖိစီးစေပါတယ်။ လက်ရှိအချိန်လည်း ကုန်ပါတယ်။

၄) ပစ္စုပ္ပန်မှာ မနေထိုင်ခြင်း
ဒါလည်းအလားတူပါပဲ။ အတိတ်ကိုစဉ်းစားရင် စဉ်းစား၊ မစဉ်းစားဖြစ်ရင် မဖြစ်လာသေးတာတွေကို ကြိုတွေးပူခြင်းကလည်း ခုလက်ရှိ ပစ္စုပ္ပန်မှာ ဖြစ်ရမယ့်ကိစ္စ၊ လုပ်ကိုလုပ်ရမယ့်ကိစ္စလစ်ဟင်းသွားစေတာပါပဲ။

၅) အတွေးလွန်ခြင်း
အလားတူပါပဲနော်။ မဖြစ်လာသေးတာတွေကို ကြိုပူမယ်၊ ဟုတ်တာရော၊ မဟုတ်တာရော လျှောက်တွေးမယ်၊ ထိတ်လန့်မယ်၊ စိုးရိမ်မယ်၊ ပူပန်သောကရောက်မယ် သင့်ရဲ့ခုလက်ရှိအချိန်ကို အဆိုးမြင်စိတ်တွေဖုံးလွှမ်းသွားစေလို့ သင့်ရဲ့အကောင်းမြင်စိတ်ပျောက်ဆုံးသွားစေပါတယ်။

၆) အချိန်တိုင်းဆင်ခြေတက်နေခြင်း
ဆင်ခြေပေးတဲ့လူမတိုးတက်ဘူးဆိုတာအမှန်ပါပဲ။ လုပ်စရာရှိတာမလုပ်ဘဲ နေပူလို့၊ ဗိုက်ပြည့်လို့၊ အိပ်ချင်လို့နဲ့ သင်ဘာမှအကျိုးရှိတာမလုပ်ဖြစ်တော့ပါဘူး ။

၇) လူတိုင်းစိတ်ကျေနပ်အောင်ကြိုးစားနေခြင်း
ဒါကလည်း သင့်စိတ်နဲ့သင်လုပ်ချင်တာ မလုပ်ရတော့ဘဲ အခြားသူစိတ်နဲ့ အခြားလူလုပ်ချင်တာကို သင်ကလိုက်လုပ်ပေးနေရတာပါပဲ။ တဖြည်းဖြည်း သင့်ကိုသင်ပျောက်ဆုံးလာပါလိမ့်မယ်။ ပိုစိတ်တိုဒေါသထွက်ရပါလိမ့်မယ်။ နောက်ဆံတင်းနေရပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်စိတ်ထဲ အခြားသူကျေနပ်အောင် နေထိုင်တဲ့အကျင့်ကြီးကို ဖျောက်ပစ်လိုက်ပါ။ သင့်စိတ်နဲ့ သင် မှန်ကန်အောင်နေထိုင်ခြင်းက သင့်ပျော်ရွှင်မှုပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။